Main menu

Background

ယခုနှစ် ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ပြောင်းတင်ပို့မှုတွင် ပင်လယ်ရေကြောင်းမှ အများဆုံး တင်ပို့ထား

Wed, 02/15/2023 - 15:07 -- journal_editor

ယခု၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပြောင်းတင်ပို့မှုတွင်   ပင်လယ်ရေကြောင်းမှ အများဆုံးတင်ပို့ထားကြောင်း  မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။
၂၀၂၂ ခုနှစ် သြဂုတ်လမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ ခြောက်လတာ ကာလအတွင်း  ပင်လယ်ရေကြောင်းမှ  ပြောင်းတန်ချိန် ၇၇၀ဝ၀ဝ ကျော် တင်ပို့ထားကြောင်း အဆိုပါအသင်း  ဥက္ကဋ္ဌ ဦးထွန်းလွင်က ဖေဖော်ဝါရီ ၉ ရက်တွင် ပြောသည်။
"ပြောင်းတင်ပို့မှုကတော့ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင်တော့ ပင်လယ်ရေကြောင်းက ပို့တာများပါတယ်။ တစ်လကို တန်ချိန် တစ်သိန်းနှစ်သောင်း၊ တစ်သိန်းရှစ်ထောင်လောက်ထိ တင်ပို့ပါတယ်။   ထိုင်းကတော့ တင်ပို့နေပါပြီ။ ဖေဖော်ဝါရီလဆန်းပိုင်းကနေစပြီး နယ်စပ်လမ်းကြောင်းတွေကရော ပင်လယ် ရေကြောင်းကပါ တင်ပို့နေပါပြီ"ဟု  ၎င်းက ပြောသည်။  လက်ရှိတွင်လည်း    မြန်မာ့ပြောင်းများကို ဈေးကွက်အသစ်တိုးချဲ့၍  တင်ပို့နေကြောင်းသိရသည်။  မြန်မာ့ပြောင်းကို ဖိလစ်ပိုင်၊ ဗီယက်နမ် အစရှိသည့် နိုင်ငံပေါင်း ၇၀ကို တင်ပို့ နေပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ  ထိုင်းနိုင်ငံသို့ တင်ပို့မှုရှိသော် လည်း  ထိုင်းနိုင်ငံကို  အခွန်ကင်းလွတ်ခွင့်ရသည့် မတ် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိသာ ထိုင်းနိုင်ငံသို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ တစ်နှစ်လျှင် ပြောင်းတန်ချိန် ၂ ဒသမ ၃ သန်းနှင့် ၂ ဒသမ ၆သန်းကြားထွက်ရှိပြီး ယခုနှစ်တွင် အထွက်နှုန်း လျော့ကျလျက်ရှိကြောင်း သိရသည်။

ပန်ဆု