Main menu

Background

မြန်မာ့ပြောင်း ဝယ်ယူရန်  ဘင်္ဂလားဒေ့ရှ် ကမ်းလှမ်းထား

Tue, 03/28/2023 - 14:28 -- journal_editor

မြန်မာနိုင်ငံက စိုက်ပျိုးထွက်ရှိသည့် ပြောင်းဆံများကိုဝယ်ယူရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။ "အခုက မြန်မာဘက်ကတော့ ဘာမှမပြင်ဆင်ရသေးဘူး။ သူတို့ဘက်က ဝယ်ဖို့ စိတ်ဝင်စားတယ်။ အဲဒါကြောင့် လာပြီး ကမ်းလှမ်းတာတွေရှိတယ်" ဟု အဆိုပါအသင်းမှ တာဝန်ရှိသူ တစ်ဦးက မတ် ၂၂ ရက်တွင် ပြောသည်။
ယင်းသို့ ကမ်းလှမ်းထားခြင်းမှာ နှစ်နိုင်ငံအစိုးရချင်း နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီး ဝယ်ယူရေးအတွက် တရားဝင် ကမ်းလှမ်းထားခြင်းမျိုးတော့မဟုတ်ကြောင်း ၎င်းက ပြောသည်။
"ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ဘက်မှာ စိုက်ပျိုးတဲ့ ပြောင်းတွေ ပို့ဖို့တော့  ရှိပါတယ်။ ပြောင်းတွေက လောလောဆယ် အခုမှ စထွက်ခါစ ဆိုတော့ လှိုင်လှိုင်တော့ မပေါ်သေးဘူး။ ပြောင်းထွက်ရှိမှုကတော့ ၂၅ ရာခိုင်နှုန်းလောက် လျော့နည်းသွားတယ်" ဟု ၎င်းက ပြောသည်။
မတ်လဆန်းပိုင်းလောက်မှ စတင်၍ ဧရာဝတီတိုင်းဒေသကြီး အတွင်း ပုသိမ်ပြောင်းများ စတင်ထွက်ရှိနေပြီး မတ်၊ ဧပြီနှင့် မေလများတွင် လှိုင်လှိုင်ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ပြောင်းဆံများမှာ လက်ရှိတွင် ဒေသတွင်းနိုင်ငံများ၏ လိုအပ်ချက်ရှိမှုကြောင့် ဝယ်လိုအား  ရှိနေဆဲဖြစ်ပြီး ဈေးနှုန်း အတက်အကျမှာတော့ ဝယ်လိုအားနှင့် ရောင်းလိုအားအပေါ်သာ မူတည်မည်ဖြစ်ကြောင်း သိရသည်။
"နိုင်ငံတော်ရဲ့  ငွေကြေးပေါ်လစီအပေါ် မူတည်မယ်။ အခြားနိုင်ငံတွေရဲ့ ငွေကြေးအခြေအနေအပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်တယ်။ တောင်သူနဲ့ ကုန်သည်တွေ ရောင်းတဲ့ ဝယ်တဲ့အခါမှာ သတိထား ပြီးတော့ စဉ်းစဉ်းစားစားနဲ့ လုပ်စေချင်တယ်" ဟု ‌၎င်းက အသိပေးပြော ကြားသည်။
လက်ရှိ ပြည်တွင်း၌ ဖေဖော်ဝါရီလမှ စတင်ကာ ပြောင်းဆံတင်ပို့ ရောင်းချမှုများပြုလုပ်နေပြီး တစ်လအတွင်း ပြောင်းတန်ချိန် တစ်သိန်းခန့် တင်ပို့ထားကာ ထိုင်းနိုင်ငံက အများဆုံး ဝယ်ယူထားကြောင်း သိရသည်။

ပန်းဆု