Main menu

Background

တောင်ငူမြို့နယ်တွင် နွေစပါးများ အောင်မြင်ဖြစ်ထွန်း

Mon, 04/24/2023 - 12:50 -- journal_editor

နိုင်ငံ့စီးပွားမြှင့်တင်ဖို့၊ ဆန်စပါးဖြင့်ကြိုးပမ်းစို့ - ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင် နွေစပါးများ စိုက်ပျိုးထားရှိသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် သုံးသီးစားစနစ် မိုးစပါး၊ မတ်ပဲ၊ နွေစပါး အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးကြသည်။ တောင်ငူမြို့နယ်သည် တန်ဖိုးရှိလှသော သဘာဝအရင်းအမြစ်များ တည်ရှိနေသည်။ အရှေ့ရှမ်းရိုးမပေါ်တွင် ပသိဆည်၊ တောင်ခြေတွင် ကရင်ချောင်းဆည်၊ ကမ်းနီဆည်၊ စစ်တောင်းမြစ်၊ အနောက်ရိုးမတောင်ပေါ်တွင် ခပေါင်းဆည်တို့ ရှိနေခြင်းကြောင့် နွေစပါးစိုက်ပျိုးမှုအတွက် လုံလောက်စွာရေပေးထားနိုင်သည်။

ယခုနှစ်တွင် သဖန်းပင်ကျေးရွာနှင့် ပဲချက်ကျေးရွာတို့၌ ဆိုလာစနစ်ဖြင့် ရေတင်၍ နွေစပါးများအား ရေလုံလောက်စွာပေးထားသည်။ ပသိဆည်ရေသောက် ၁၅၁၁ ဧက၊ ကမ်းနီဆည်ရေသောက် ၁၂၂၀ ဧက၊ ကရင်ချောင်းဆည်ရေသောက် ၆၁၆ ဧက၊ ခပေါင်းဆည်ရေသောက် ၁၀၇၉၂ ဧက၊ ရွာတန်းရှည် လျှပ်စစ်မြစ်ရေတင်စီမံကိန်း ၆၀ဝ ဧက၊ သဖန်းပင်ဆိုလာစနစ် မြစ်ရေတင်စီမံကိန်း ၂၀ဝ ဧက၊ ပဲချက်ဆိုလာစနစ် ဆည်ရေတင်စီမံကိန်း ဧက ၁၅၀၊ ချောင်းပိတ်/ တာတမံပိတ် ၅၁၃ ဧကနှင့် အင်းအိုင် ၁၀၇၁ ဧက၊ စုစုပေါင်း ၁၇၈၉၁ ဧကကို အောင်မြင်စွာ စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းဇယားများအရ သိရသည်။ 

စပါးများ ရေသောက်ချိန်တွင် ဆည်ရေကို လုံလောက်စွာပေးထားသည်ကို တွေ့ရသည်။ နှံကောက်၊ နယူးဧရာ၊ ဆင်းသုခ၊ ရက် ၉၀ စပါးများ အများဆုံး စိုက်ပျိုးထားသည်။

နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသည့် တောင်သူလယ်သမားများအား လယ်တစ်ဧကစိုက်ပျိုးလျှင် ငွေကျပ်နှစ်သိန်းနှင့်ညီမျှသော သွင်းအားစုများကို ထုတ်ပေးထားသည့်အတွက် စပါးများပိုမိုဖြစ်ထွန်းလာသည်ကိုလည်း တွေ့ရသည်။ 

ဇန်နဝါရီလလယ်လောက်မှစတင်၍ မြေပြင်စိုက်ပျိုးထားသည့် စပါးများ ဧပြီလကုန်တွင် ရိတ်သိမ်းတော့မည်ဖြစ်ပါသဖြင့် တောင်သူကြီးများ နွေစပါးစိုက်ပျိုးဝင်ငွေတိုး၍ ပြုံးပျော်နိုင်ကြတော့မည်ဖြစ်ကြောင်း သိရသည်။

မြင့်သူ (တောင်ငူ)