Main menu

Background

ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာတစ်ဘီလီယံရရှိရေး ဆန်စပါးအသင်းချုပ် ရည်မှန်း

Mon, 04/24/2023 - 15:57 -- journal_editor

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) အနေဖြင့် ဧပြီ ၁ ရက်တွင် စတင်သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပြည်ပနိုင်ငံများထံ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံရရှိရန်  ရည်မှန်းထားကြောင်း သိရ သည်။
MRF အနေဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ  တန်ချိန် ၂ ဒသမ ၅သန်း တင်ပို့ရောင်းချနိုင်ရန် ရည်မှန်းထားခြင်းဖြစ် ကြောင်း အသင်း၏ဆန်ပြည်ပတင်ပို့မှုနှင့်   ပို့ကုန် ဝင်ငွေရရှိမှုအခြေအနေ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်တွင်းမှထွက်ရှိသည့်   ဆန်နှင့်ဆန်ကွဲကို ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တရုတ် က တန်ချိန် ခုနစ်သိန်းခွဲကျော်အထိ အများဆုံး ဝယ် ယူခဲ့ပြီး   ဥရောပနိုင်ငံများဖြစ်သည့်  ဘယ်လ်ဂျီယံ၊ ပိုလန်နှင့် စပိန်တို့က တန်ချိန် ၅ ဒသမ ၅ သိန်းကျော်၊ ဘင်္ဂလားဒေ့ရှ်က တန်ချိန် ၂  ဒသမ ၄ သိန်းနီးပါးနှင့် ဖိလစ်ပိုင်က  တန်ချိန် နှစ်သိန်းအထိ ဝယ်ယူထားကာ ထိပ်သီး တင်သွင်းသူများအဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် MRF အနေဖြင့် ဆန်တင်ပို့မှု ကဏ္ဍကို နှစ်စဉ် ၁၀ရာခိုင်နှုန်း တိုးတက်ရေးကြိုးပမ်း ဆောင်ရွက်နေပြီး ပို့ကုန်ဝင်ငွေ  တိုးတက်ရရှိနိုင်ရန် အတွက် တန်းမြင့်ဆန်တင်ပို့နိုင်ရေးကို   အားထည့် လုပ်ဆောင်နေကြောင်း သိရသည်။
ထို့ပြင် MRF အနေဖြင့် ပြည်ပနိုင်ငံများထံ ရောင်းချနေသည့် မြန်မာ့ဆန် တင်ပို့မှုပုံစံကိုလည်း ပြောင်းလဲရန် ရည်ရွယ်ထားပြီး အရည်အသွေးမြင့်မားသော စပါးမျိုးများကို အဓိကထား စိုက်ပျိုးကာ သုံးနှစ်အတွင်း ဆန်တင်ပို့မှုကို  နှစ်ဆ တိုးမြှင့်နိုင်ရန် ရည်မှန်းထားခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်၊ ဥရောပနှင့် ဖိလစ်ပိုင် ကဲ့သို့သော အရှေ့တောင်အာရှနိုင်ငံအချို့၏ တိုးတက်လာသည့် ဝယ်လိုအားများကြောင့် တင်ပို့မှု တိုးမြှင့်ရန် ဆောင်ရွက်ရခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ဝင်ငွေ  အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံအထိ နှစ်ဆနီးပါးရှိ လာရန် မျှော်မှန်းထားကြောင်း သိရသည်။

ပန်းဆု