Main menu

Background

ရာသီစာ ကန်စွန်းဥနှင့် ကျန်းမာရေး အကျိုးကျေးဇူးများ

Wed, 05/10/2023 - 14:57 -- journal_editor

ကန်စွန်းဥကို မြန်မာနိုင်ငံ၌ နေရာအနှံ့အပြားတွင် စိုက် ပျိုးကြသည်။ ကန်စွန်းဥကို မြေအမျိုးအစားများစွာတွင် စိုက် ပျိုးနိုင်သော်လည်း သြဂဲနစ်များစွာပါဝင်သော သဲနှင့်နုန်း ရောထားသော သမမြေအမျိုးအစားသည်  အကောင်းဆုံး ဖြစ်သည်။  ရေဝပ်ခြင်းမရှိ ရေစီးရေလာ  ကောင်းမွန်ရန် လိုအပ်သည်။  မြစ်ရေဝင် သဲနုန်းမြေများတွင် အများဆုံးစိုက်ပျိုးကြသည်။ သို့မှသာ အမြစ်ကောင်းစွာ ကြီးထွားလာမည်ဖြစ်ပြီး အပင်အဖြစ်သန်၍ အထွက်နှုန်းကောင်းမွန်သည်။
ကန်စွန်းဥမှာ မျိုးပေါင်း မြောက်မြားစွာရှိပြီး အသားမာနှင့် အသားပျော့ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ ကန်စွန်းဥ၏ အရောင်အပေါ်နှင့်  အပင်ပေါက်ပုံအပေါ်မူတည်ပြီး အမျိုးအစားခွဲခြားခြင်းဖြစ်သည်။ ရေမြေရာသီဥတု အနေဖြင့် ပူနွေး ရာသီ လေးလခန့်ရှိပြီး မိုးအသင့်အတင့်ရွာသော ဒေသဖြစ်ပြီး အလင်းရောင် ကောင်းမွန်ပြီး သဲဆန်သော မြေများတွင် စိုက်ပျိုးရာ၌ အကောင်းဆုံးဖြစ်သည်။
ကန်စွန်းဥကို စိုက်ပျိုးရာတွင် အညွန့်ကိုယူ၍ စိုက်ရသည်။ ဥကောင်းများကို ရွေးချယ်ပြီး ပျိုးထောင်၍ ရရှိသော အညွန့်များကို စိုက်ပျိုးရာ ပို၍အထွက်နှုန်းကောင်းမွန်သည်။ ကန်စွန်းဥသည် မိုးရာသီစိုက်လျှင် ရေသွင်းရန် မလိုအပ်ဘဲ ဆောင်းရာသီစိုက်လျှင်  လိုအပ်ပါက  ရေသွင်း၍ စိုက်ပျိုးရ သည်။ ရေသွင်းစိုက်ပျိုးပါက ကန်စွန်းဥအထွက်နှုန်း ပိုမိုများ ပြားကြောင်း သိရှိရသည်။  အပင်ပြုစုမှုအပေါ် မူတည်ပြီး ထွက်ရှိမှုကွဲပြားသည်။ တစ်ဧက ပိဿာ ၃၀ဝ၀ မှ ၅၀ဝ၀ ထိ ထွက်ရှိကြောင်း သိရှိရသည်။ ကန်စွန်းဥများကို စိုက်ပျိုးချိန်မှ စ၍ လေးလခန့်တွင် ရိတ်သိမ်းတူးဖော်သည်။ သို့သော် ပျိုး အပေါ် မူတည်၍ ရိတ်သိမ်းချိန် ပြောင်းလဲပြီး အချို့ဒေသ များတွင် စော၍ တူးဖော်ကြသည်။
ကန်စွန်းဥစိုက်ခင်းများကို ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် ကိုးထောင့်အုပ်စုအတွင်းရှိ ရေလယ်ကျွန်း၊ သံဇလုံ၊ တောင် ငယ်လုံး၊ ပဒေသာကျွန်း ကျေးရွာများတွင် ကိုင်းကျွန်းသဲမြေ များ၌ အများဆုံးစိုက်ပျိုးလျက်ရှိသည်။ ၂၀၂၂-၂၀၂၃ ခုနှစ် တွင် စိုက်ဧက ၂၀ဝ၀ ခန့် စိုက်ပျိုးပြီး နှစ်စဉ် ဒေသစီးပွားအဖြစ် အမြောက်အမြား စိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင် ရွှေဝါနှင့် ငချိတ် ကန်စွန်းဥနှစ်မျိုးကို စိုက်ပျိုးကြပြီး ယခုနှစ်တွင် ငချိတ် မျိုးကို  အများဆုံးစိုက်ပျိုးသည်။ တစ်ဧကလျှင် အညွန့် သုံးသောင်းခန့်  ဝင်ဆံ့စိုက်ပျိုးပြီး တစ်ညွန့် ငါးကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရသည်။ ဘောင်တင်စိုက်ပျိုးခြင်း မပြုလုပ်ဘဲ ထယ်ချောင်းဆွဲပြီး ပင်ကြားတန်းကြား နှစ်ပေအကွာတွင် စိုက် ပျိုးကြောင်း၊ အညွန့်များကို စိုက်ရာတွင် နှစ်ဆစ်ကို မြေတွင်ထည့်စိုက်ပြီး ဘေးအစွန်းနှစ်ဆစ်ကို  မြေပေါ်တွင်ထားရှိပြီး စိုက်ပျိုးကြသည်။ ဥစားကန်စွန်းညွန့်များကို ဆောင်းရာသီအစ အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီ လတွင်   ကန်စွန်းဥများကို  တူးဖော်ကြသည်။ ကန်စွန်းဥတူးဖော်ချိန် နောက်ကျလျှင် ဥများတွင် ပိုးဝင်ခြင်းကြောင့် ပျက်စီးမှုများခြင်းကြောင့် သုံးလအကြာတွင် တူးဖော် ကြသည်။
ကန်စွန်းဥတစ်ဧကလျှင်  ယခုနှစ် အထွက်နှုန်းမှာ ပိဿာ ၃၀ဝ၀ ခန့်ထွက်ရှိပြီး  ဒေသပေါက်ဈေး တစ်ပိဿာ လက်ကားဈေး ကျပ် ၈၀ဝ-၉၀ဝ ဖြင့် ရောင်းချရပြီး ယခင်နှစ် အထွက်နှုန်းမှာ ပိဿာ ၃၅၀ဝ ထွက်ရှိပြီး သီးနှံပေါ်စ ဒေသ ပေါက်ဈေး တစ်ပိဿာပျမ်းမျှ ကျပ် ၃၅၀ လက်ကားဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ယခုနှစ် ကန်စွန်းဥ စိုက်ပျိုးရာတွင် တစ်ဧက ကုန်ကျစရိတ်မှာ ကျပ်ငါးသိန်းခန့်ကုန်ကျပြီး ၂၇ သိန်းခန့်ဝင်ငွေရရှိ၍ သိန်း ၂၀ ခန့် အကျိုးအမြတ် ရရှိကြောင်း သိရှိရသည်။
ယခုနှစ်ကန်စွန်းဥစိုက်  တောင်သူများမှာ စိုက်ပျိုးမြေများတွင် မြစ်ရေတက်ချိန်တွင် စိုက်ခင်းအတွင်း ရေဝင်ခြင်းမရှိ၍ မြေအောက်ရေ မရရှိခြင်းကြောင့် အထွက်နှုန်း နည်းသွား ခြင်းဖြစ်သော်လည်း   သီးနှံပေါ်ချိန်တွင်  ယခင်နှစ်ထက် ကန်စွန်းဥ တစ်ပိဿာ ပျမ်းမျှ ကျပ် ၅၀ဝ ခန့် ဈေးနှုန်းမြင့်တက် ရောင်းချရခြင်းဖြစ်၍ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကန်စွန်းဥစိုက် တောင်သူများ ယခုနှစ်တွင် အကျိုးအမြတ် များစွာရရှိကြောင်း ဒေသခံတောင်သူများထံမှ သိရှိ ရသည်။
ကန်စွန်းဥသည် အလွယ်တကူရရှိနိုင်ပြီး ဈေးနှုန်းချိုသာ သော အသီးအနှံများထဲတွင် တစ်မျိုးအပါအဝင်ဖြစ်သည်။ ကန်စွန်းဥ  စားပေးခြင်းဖြင့် ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုလျက်ရှိသည်။ ကန်စွန်းဥတွင် ကဆီဓာတ် များစွာပါဝင်မှုကြောင့်  အပူပိုင်းနှင့် သမပိုင်းဒေသပိုင်းတွင် စိုက်ပျိုးလျက်ရှိသော အရေးကြီး သီးနှံတစ်မျိုးဖြစ်သည်။ အရောင်မှာ ရွှေဝါရောင်၊ ငချိတ်ရောင်၊ အဝါဖျော့ရောင်များ ရှိပြီး ကန်စွန်းဥကို ပြုတ်စား၊ မီးဖုတ်စား၊ ကြော်စား၊ ယိုထိုးစား ခြင်းအပြင် မုန့်မျိုးစုံ ပြုလုပ်ရာတွင်လည်း အသုံးပြု၍ ရရှိ သော သီးနှံဖြစ်သည့်အပြင် စက်မှုကုန်ကြမ်းသီးနှံအဖြစ်လည်း အသုံးဝင်သည်။  အခြားဥစားသီးနှံများနှင့် နှိုင်းယှဉ်ပါက ကယ်လိုရီများစွာ ပိုမိုပါဝင်၍ ကျန်းမာရေး အထောက်အကူပြု သီးနှံဖြစ်သည်။ တိရစ္ဆာန်အစာအဖြစ်လည်း အသုံးဝင်သည်။ ကန်စွန်းဥကို တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နိုင်ငံများတွင် အများဆုံး စိုက်ပျိုးကြသည်။
ကန်စွန်းဥတွင်  ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီနှင့်  အီးတို့ မြင့်မားစွာ ပါဝင်ခြင်းဖြစ်၍ စားသုံးပေးခြင်းဖြင့် ကျန်းမာရေး အတွက် များစွာအထောက်အကူ ဖြစ်စေသည်။ အမျှင်ဓာတ် များစွာ ပါဝင်ခြင်းကြောင့် စားသုံးပေးခြင်းဖြင့် ကလေးရော လူကြီးပါ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးခြင်း၊ ကိုယ်အလေးချိန် လျှော့ချပေးခြင်းအပြင် ငချိတ်ရောင် ကန်စွန်းဥကို စားသုံးပေးပါက  နှလုံးသွေးကြောဆိုင်ရာ ရောဂါများ လျှော့ချပေးခြင်း၊ ကန်စွန်းဥတွင် ဗီတာမင် "အေ" နှင့် "စီ" မြင့်မားစွာ ပါဝင်ခြင်းကြောင့် စားသုံးပေးခြင်းဖြင့် အမြင်အာရုံ ကောင်းမွန်မှုကို အထောက်အကူဖြစ်စေသည်။
ကန်စွန်းဥတွင် အဓိကအမျှင်ဓာတ်များစွာ ပါဝင်၍ ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးခြင်းအပြင် ဆံပင်နှင့် အသားအရေကို ကောင်းမွန်စေခြင်း၊ အရွယ်တင်နုပျိုစေခြင်းနှင့် ဗီတာမင် "အီး" များစွာပါဝင်၍ ဆံသားကျန်းမာရေးကို ထိန်းသိမ်းပေးရာတွင် အထူးအသုံးဝင်ပြီး ကာဗိုဟိုက်ဒရိတ် ဓာတ်ပါဝင်မှုကြောင့် သွေးတွင်းသကြားဓာတ်ကို မတက်စေဘဲ ဆီးချိုရောဂါကို ကာကွယ်ပေးခြင်းနှင့် သံဓာတ်များစွာ ပါဝင်မှုကြောင့် ရောဂါဒဏ်ခံနိုင်ရည်ရှိစေသည်။
ကန်စွန်းဥစားသုံးပေးခြင်းဖြင့် ရရှိသော ကျန်းမာရေး ကောင်းကျိုးများကို သိရှိကြပြီး အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသည့်အတိုင်း ဈေးချိုချိုဖြင့် အလွယ်တကူ ဝယ်ယူရရှိသည့် ကန်စွန်းဥကို စားသုံးပေးသင့်ပါကြောင်းနှင့် ကန်စွန်းဥ စိုက်ပျိုးခြင်းဖြင့် စိုက်တောင်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ရောင်းဝယ်ဖောက်ကားလျက်ရှိသော ဈေးသည်များ ဒေသခံပြည်သူများအနေဖြင့်  အလုပ်အကိုင် အခွင့်အလမ်း များစွာရရှိပြီး  စိုက်တောင်သူများ အနေဖြင့်လည်း စိုက်ပျိုးရလွယ်ကူ၍  ကုန်ကျစရိတ်နည်းပြီး အကျိုးအမြတ်များစွာ ရရှိလျက်ရှိသော  ရာသီစာဆောင်းသီးနှံ  ကန်စွန်းဥကို နှစ်စဉ် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
မြင့်မြင့်သန်း (ပခုက္ကူ)