Main menu

Background

မြန်မာ့ကြက်သွန်နီကို ဖိလစ်ပိုင်နိုင်ငံသို့ တိုက်ရိုက်တင်ပို့ရန် လုပ်ဆောင်နေ

Tue, 06/20/2023 - 15:49 -- journal_editor

မြန်မာ့ကြက်သွန်နီကို   ဖိလစ်ပိုင်နိုင်ငံသို့   တိုက်ရိုက် တင်ပို့နိုင်ရန်အတွက် ပြည်တွင်းရှိ ကြက်သွန် ကုန်သည်များနှင့် လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ကြက်သွန်ကုန်သည်များထံမှ သိရသည်။
ဖိလစ်ပိုင်နိုင်ငံသို့ မြန်မာ့ကြက်သွန်နီများ  တင်ပို့မှုကို လက်ရှိတွင်   တရုတ်၊ ထိုင်းနှင့်    ဗီယက်နမ် ကုန်သည်များမှ တစ်ဆင့် တင်ပို့နေရသည့်အတွက်    တိုက်ရိုက်တင်ပို့နိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ မြန်မာကုန်သည်တွေက ဖိလစ်ပိုင်ကို ဗီယက်နမ်ကုန်သည်ကနေတစ်ဆင့်  ပို့တာ။  မနှစ်က ဖိလစ်ပိုင်က ဈေးတအား  တက်သွားတာကိုး။ အဲဒါကို  ကျွန်တော် တို့လည်း မသိလိုက်ဘူး။ ကျွန်တော်တို့က   တခြားနိုင်ငံတွေ ကနေ တစ်ဆင့်ခံ‌ရောင်းနေရတာဆိုတော့  အဲဒီအကျိုးအမြတ်က ကျွန်တော်တို့ ဒီကလူတွေ မရလိုက်ဘူး။ အဲဒါကြောင့် ဒီနှစ် မှာတော့ ဒီကကုန်သည်တွေက တိုက်ရိုက်ပို့ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်နေတာပါ”ဟု မြင်းခြံမှ ကြက်သွန်ကုန်သည် တစ်ဦးက ဇွန် ၁၄ ရက်တွင် ပြောသည်။
အဆိုပါ ဖိလစ်ပိုင်နိုင်ငံသို့မြန်မာ့ကြက်သွန်နီများ တိုက်ရိုက် တင်ပို့ခွင့်ရရှိမည်ဆိုပါက   ပြည်တွင်းရှိ ကြက်သွန်စိုက် တောင်သူများနှင့် ကုန်သည်များအနေဖြင့် ဈေးနှုန်းပိုမိုရရှိလာ မည်ဖြစ်ပြီး လက်ရှိတွင် ကြားခံကုန်သည်များဖြစ်သည့်တရုတ်၊ ထိုင်း၊ဗီယက်နမ်တို့နှင့်သာ တစ်ဆင့်ခံ ရောင်းဝယ်မှုလုပ်ဆောင် နေရခြင်းကြောင့်ဈေးနှုန်းရရှိမှုနည်းပါးနေကြောင်းသိရသည်။
သို့သော်လည်း ဖိလစ်ပိုင်နိုင်ငံသည် ကုန်သွယ်ရေးနှင့် ပတ်သက်၍ တောင်းဆိုချက် များပြားသည့်အတွက် ယင်းတောင်းဆိုမှုများကို ပြည်တွင်းရှိ ကုန်သည်များနှင့် တောင်သူများက ဆောင်ရွက်ပေးနိုင်မှသာ အဆင်ပြေနိုင်မည်ဟု ကုန် သည်များက ပြောသည်။
"တိုက်ရိုက်တင်ပို့ခွင့်ရဖို့ဆို ဖိလစ်ပိုင်ရဲ့  တောင်းဆိုမှုတွေကို ဆောင်ရွက်ပေးနိုင်ဖို့ လိုတာပေါ့။  သူတို့ဘက်က ကန့်သတ်ချက်တွေ များတယ်။ ဒီအချက်ကိုလည်း စဉ်းစားဖို့လိုတာပေါ့။ ဒါပေမဲ့ ဒီကတောင်သူတွေနဲ့ ကုန်သည်တွေအတွက် အကျိုးအမြတ် အပြည့်အဝ ခံစားခွင့်ရဖို့လည်း လိုတယ်။ အဲ့လိုမှမဟုတ်ရင် အကျိုးအမြတ်က  ကြားခံနိုင်ငံတွေအတွက်ပဲ ဖြစ်နေမှာပေါ့။ အခုလည်း ဖိလစ်ပိုင်မှာ ဈေးတက်နေလို့နဲ့တူတယ်။ တစ်ပိဿာ  ၂၁၅၀နဲ့  ဈေးဖွင့်ဝယ်တယ်။ အရင်ရက် တွေတုန်းက  ၂၀ဝ၀ လောက်ပဲဖွင့်တာ။ ၂၀ဝ၀ လောက်ဖွင့်တဲ့ အခါကျတော့ နယ်ကုန်သည်တွေက အဲဒီဈေးတန်းကို မရောင်းနိုင်ဘူး။ နောက်တော့ သူတို့ ဟိုဘက်က ဈေးတက်ရလို့နေမှာပေါ့။ ရန်ကုန်ဘုရင့်နောင်  ပေါက်ဈေး ၂၁၅၀ နဲ့ဖွင့်ဝယ်တယ်။ ဒီပုံစံအတိုင်းသာသွားရင် ပစ္စည်းတွေက နယ်မှာလည်း လက်ကျန်တွေက  နည်းတယ်။ သူတို့ ဖိလစ်ပိုင်သမားတွေ ဒီအတိုင်းသာဆွဲနေရင် ကြက်သွန်ဈေးကတော့ ဒီဈေးတန်း တွေအောက်ကို ဆင်းသွားဖို့ အလားအလာ မရှိဘူးပေါ့" ဟု မုံရွာမြို့မှ ကြက်သွန်ကုန်သည်တစ်ဦးက ပြောသည်။
လက်ရှိတွင်လည်း အဆိုပါ ပြည်ပကုန်သည်များက မြန်မာ့ကြက်သွန်ဝယ်ယူမှု များပြားနေပြီး ယခုရက်ပိုင်းအတွင်း မုံရွာမှ ကုန်တင်တွဲကား ၁၅ စီး၊ ကုန်ချိန်အားဖြင့် သုံးသိန်းခန့်နှင့် မြင်းခြံမှ တွဲကား ၂၅ စီး ကုန်ချိန်အားဖြင့် ငါးသိန်းခန့် ဝယ် ယူမှုရှိကြောင်း သိရသည်။
ထို ကြက်သွန်များကို ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်၏ ဈေးနှုန်းအတိုင်း တစ်ပိဿာ ၂၁၅၀ ကျပ်ဖြင့် ဈေးဖွင့် ဝယ်ယူနေခြင်းဖြစ်ပြီး ယခုပုံစံအတိုင်းသာ ဆက်လက် ဝယ်ယူနေ မည်ဆိုပါက  ပြည်တွင်းရှိ ကြက်သွန်ဈေးနှုန်းများမှာ လက်ရှိ အနေအထားထက် ကျဆင်းသွားနိုင်ခြေ  မရှိကြောင်း ကုန်သည်များက ပြောသည်။

ပန်းဆု