Main menu

Background

ပြည် ပိန္နဲသီးဈေးကွက်

Wed, 06/21/2023 - 11:42 -- journal_editor

ပိန္နဲပင်တွင် အိမ်ပျော့မျိုးနှင့် အိမ်မာမျိုးဟူ၍ နှစ်မျိုးရှိပြီး လူအကြိုက်အများဆုံးမှာ အိမ်မာမျိုးဖြစ်သည်။ ပိန္နဲသီးအစိမ်းကို ဟင်းချက်၍ စားရသလို အမှည့်ကိုလည်း အချိုပွဲအဖြစ် စားသုံးကြသည်။ ထို့ပြင် ပိန္နဲသီးကို  ယိုထိုး၍လည်း ကောင်း၊ ဂျယ်လီပြုလုပ်၍လည်းကောင်း၊ ရေခဲမုန့်ပြုလုပ်၍ လည်းကောင်း၊  စည်သွတ်ဘူးများ  ပြုလုပ်၍လည်းကောင်း စားသုံးကြသည်။ ပိန္နဲပင်ကို အိမ်ခြံဝင်းထဲတွင် မိမိတို့အိမ်သားများ စားသုံးရန် တစ်ပင်၊ နှစ်ပင်ခန့် စိုက်ပျိုးကြသလို စီးပွားဖြစ်လည်း ဧကပြတ်စိုက်ပျိုးကြသည်။
ပြည်မြို့အနေဖြင့် ဧကပြတ်စိုက်ပျိုးမှုမရှိဘဲ တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးကြသည်။  ပိန္နဲပင်၏ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံ အနောက်ဘက်ရှိ မိုးသစ်တောများမှ စတင်သည်ဟု သိရသည်။ ပိန္နဲပင်အများစုမှာ  အသီးသီးရန် ရှစ်နှစ်ခန့် ကြာပြီး အချို့မျိုးများမှာ စိုက်ပျိုးပြီး သုံးနှစ်အကြာတွင် အသီး များ စတင်သီးကြသည်။ အရွယ်ရောက်ပြီးသား ပိန္နဲပင်သည် တစ်နှစ်လျှင် အသီး ၂၀ဝ ခန့်သီးပြီး   သက်တမ်းပိုရင့်သော အပင်သည် တစ်နှစ်လျှင် အသီး ၅၀ဝကျော် သီးသည်ဟု သိရ သည်။
ပိန္နဲသီးတွင် ပရိုတင်း၊ ဗီတာမင်ရေဓာတ်၊ အမျှင်ဓာတ်၊ အဆီဓာတ်နှင့် သတ္တုဓာတ်တို့ပါဝင်၍ ဘေးအန္တရာယ်ဖြစ်စေသော ကယ်လိုရီပါဝင်မှု  နည်းပါးသောကြောင့် ကျန်းမာရေး အတွက်လည်း အထောက်အကူပြုသလို တန်ဆေး၊ လွန်ဘေး ဆိုသည်အတိုင်း အစားများလျှင်လည်း  ရင်ပြည့်ရင်ကယ် ဖြစ်တတ်သည်။ 
ပြည်မြို့ရှိဈေးများတွင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ များမှ တင်ပို့ရောင်းချသလို  မန္တလေးတိုင်းဒေသကြီးဘက်မှ လည်း  တင်ပို့ရောင်းချကြောင်း  သိရသည်။  ရောင်းချသော ဈေးနှုန်းများမှာ ပိန္နဲသီးအစိမ်း  စိတ်ပြီးသား တစ်ထုပ်လျှင် ၁၀ဝ ကျပ်ဖြင့် ရောင်းချသလို အမှည့်တစ်လုံးလျှင် အလုံးအရွယ်အစားပေါ်လိုက်၍ တစ်လုံးလျှင် ကျပ် ၃၀ဝ၀ မှ၅၀ဝ၀ အထိ ရောင်းချပြီး ခွဲပြီးသား ပိန္နဲသီးအိမ်များကိုလည်း အိမ်မာတစ်အိမ်လျှင် ကျပ် ၂၀ဝ ဖြင့် ရောင်းချကြောင်း သိရသည်။
ဝေဝေမင်း(ပြည်)