Main menu

Background

အလားအလာကောင်းများစွာရှိသော မြန်မာ့ပဲပုပ်နှင့်ပဲပုပ်ဆီ

Mon, 07/17/2023 - 15:25 -- journal_editor

ပဲပုပ်ဟူသည့် သီးနှံကို ပဲအဖြစ်လည်းကောင်း၊ ဆီထွက်သီးနှံအဖြစ် လည်းကောင်း သိရှိကြသည်။ ကမ္ဘာပေါ်တွင် ပဲပုပ်ကို အများဆုံးစိုက်ပျိုးထုတ်လုပ်သော နိုင်ငံများမှာ အမေရိကန်ပြည်ထောင်စု၊ ဘရာဇီးနှင့် အာဂျင်တီးနားနိုင်ငံတို့ဖြစ်သည်။ ပဲပုပ်သည် protein အသားဓာတ်ကြွယ်ဝပြီး အာဟာရပါဝင်မှုများပြားသဖြင့် ပဲပုပ်ဆီကို အဆင့်မြင့်စားသုံးဆီအဖြစ် သတ်မှတ်ကြသည်။ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ သံလွင်ဆီ၊ ကနိုလာဆီ၊စားအုန်းဆီများကဲ့သို့ Vegetable Oil အဖြစ် ပဲပုပ်ဆီကို သတ်မှတ်ထားသဖြင့် ပဲပုပ်ကို ပဲအုပ်စုတွင် ထည့်သွင်းခြင်းမပြုဘဲ ဆီထွက်သီးနှံအုပ်စုတွင် ကမ္ဘာ့နိုင်ငံများက ထည့်သွင်းဖော်ပြကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စားသုံးဆီဖူလုံမှု မရှိသဖြင့် အခြားနိုင်ငံများမှ စားသုံးဆီများကို လစဉ်တင်သွင်းနေကြရသည်။ အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီများကို တင်သွင်း စားသုံးရသည်။ မြန်မာနိုင်ငံသည် ဆီထွက်သီးနှံများကို စိုက်ပျိုးထုတ်လုပ်ပြီး ဆီထွက်သီးနှံများကို ပြည်ပသို့ တင်ပို့လျက်ရှိသော်လည်း ပြည်တွင်းဆီ ထုတ်လုပ်မှုမှာ လုံလောက်အောင် ထုတ်လုပ်နိုင်မှု မရှိသဖြင့် ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်သည်။ ပြည်ပသို့ ဆီထွက်သီးနှံများ တင်ပို့ခြင်းသည် နိုင်ငံခြားငွေရရှိစေသော်လည်း ကုန်ကြမ်းအဖြစ်သာ တင်ပို့ရသဖြင့် ဈေးနှုန်းအားဖြင့် ရရှိမှုနည်းပါးသည်။ ထို့ပြင် ပြည်တွင်း ဆီကြိတ်စက်များအပိုင်းတွင် အားနည်းချက်များ များပြားသဖြင့် ကြိတ်ခွဲထုတ်လုပ်နိုင်မှု နည်းပါးခဲ့သည်။ ယခုအခါတွင် ပြည်ပမှတင်သွင်းမှုကို ကိုတာစနစ်ဖြင့် ကန့်သတ် ထားသည့်အတွက် ပြည်တွင်းဆီလိုအပ်ချက်အား  ဖြည့်ဆည်းနိုင်ရေးအတွက် ပြည်တွင်း ဆီကြိတ်ခွဲထုတ်လုပ်မှုကဏ္ဍကို အားပေးမြှင့်တင်သကဲ့သို့ ဖြစ်စေသည့် အပြင် နိုင်ငံတော်ဘက်က ချေးငွေနှင့် ဆီထွက်သီးနှံ နေကြာစိုက်ပျိုး ထုတ်လုပ်ရေး အပိုင်းများတွင်ပါ အားပေးလာသဖြင့် မကြာမီကာလ အတွင်း ပြည်တွင်း ထုတ်လုပ်သည့် စားသုံးဆီများ ပေါများလာမည်ဖြစ် သည်။ ထိုသို့ ပြည်တွင်းဆီကြိတ်ခွဲထုတ်လုပ်မှုကို အားပေးသဖြင့် ဆီ တင်သွင်းသည့်ကုမ္ပဏီများမှလည်း ပြည်တွင်းဆီကြိတ်ခွဲထုတ်လုပ်မှု အပိုင်းတွင် ပါဝင်လာပြီး ကိုယ်တိုင်ကြိတ်ခွဲထုတ်လုပ်ရန် ဆောင်ရွက် လာသည်ကို  တွေ့မြင်နေရသည်။  ထိုသို့ ကြိတ်ခွဲစက်အပိုင်းတွင် အရေအတွက်အပြင် အရည်အသွေးပိုင်းတွင်လည်း  ဆီသန့်စင်သည့် အပိုင်း၊ အရောင်နှင့်အနံ့ချွတ်သည့် အပိုင်းများကိုပါခေတ်မီစက်ကြီး များဖြင့် ထုတ်လုပ်ရန် ကြိုးပမ်းနေကြသည်ဟု သိရသည်။ ပဲပုပ်ဆီနှင့် ပတ်သက်လျှင် ပြည်တွင်းဆီစက်အချို့သည် ပြည်တွင်းပဲပုပ်များမှ ကြိတ်ခွဲထုတ်လုပ်မှု စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ 
ကမ္ဘာ့သီးနှံ
ကမ္ဘာပေါ်တွင် စားသောက်ကုန်အဖြစ် အများဆုံး စိုက်ပျိုး ထုတ်လုပ်သော ထိပ်ဆုံးသီးနှံနှင့် သစ်သီး ၁၅ မျိုးမှာ  ပြောင်း၊ ဆန်၊ ဂျုံ၊အာလူး၊ ပဲပုပ်၊ ဘာလီ၊ ခရမ်းချဉ်သီး၊ ကန်စွန်းဥ၊ နှံစားပြောင်း၊ ကြံ၊ အာတာလွတ်၊ ပန်းသီး၊ စပျစ်သီး၊ ဝဥ၊ ချက်စားရသော ငှက်ပျောသီး Plantain တို့ဖြစ်ကြသည်။  အဆိုပါ  သီးနှံများအနက် ပဲပုပ်သည် ပြောင်း၊ ဆန်၊ ဂျုံ၊ အာလူးပြီးလျှင် အများဆုံးစိုက်ပျိုးထုတ်လုပ်သော သီးနှံဖြစ်ပြီး ဘရာဇီးတွင် မက်ထရစ်တန်ချိန် ၁၂၁ သန်းကျော်၊ ယူအက်စ်အေတွင် မက်ထရစ် တန်ချိန် ၁၁၂ သန်းကျော် စိုက်ပျိုး ထုတ်လုပ်သည်။  ပဲပုပ်သည် အာဟာရတန်ဖိုးမြင့်မားသော သီးနှံ တစ်မျိုးဖြစ်ပြီး စားသုံးဆီလည်း ထုတ်လုပ်နိုင်ခြင်း၊ ကျန်ရှိသည့် ပဲပုပ် ဖတ်မှာလည်း အာဟာရတန်ဖိုးကြီးမားသဖြင့် တိရစ္ဆာန် မွေးမြူရေး တွင်လည်း အရေးပါသော အစားအစာတစ်ခုဖြစ်ခြင်းကြောင့်  ပဲပုပ် သည် ဘက်စုံအသုံးဝင်သော သီးနှံတစ်ခုဖြစ်သည်။  
စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ
ကမ္ဘာပေါ်တွင် ပဲပုပ်ကို အများအပြား စိုက်ပျိုးထုတ်လုပ်ကြ သည်ကိုတွေ့ရသည်။ ထုတ်လုပ်မှုတွင် ထိပ်ဆုံး ၁၀ နိုင်ငံကိုကြည့် လျှင် ဘရာဇီးနိုင်ငံသည် တန်ချိန် သိန်းပေါင်း ၁၂၅၈သိန်းကျော်၊ အမေရိကန်ပြည်ထောင်စုသည် တန်ချိန် သိန်းပေါင်း ၁၂၃၆သိန်းကျော်၊ အာဂျင်တီးနားနိုင်ငံသည် တန်ချိန် သိန်းပေါင်း ၃၇၇သိန်းကျော်၊ တရုတ်နိုင်ငံသည် တန်ချိန် သိန်းပေါင်း ၁၄၁သိန်းကျော်၊ အိန္ဒိယနိုင်ငံ သည် တန်ချိန် ၁၃၇ သိန်းကျော်၊ ပါရာဂွေးနိုင်ငံသည် တန်ချိန် ၁၁၀ သိန်းကျော်၊ ကနေဒါနိုင်ငံသည် တန်ချိန် ၇၂သိန်းကျော်၊ ယူကရိန်း နိုင်ငံသည် တန်ချိန် ၄၄ သိန်းကျော်၊ ရုရှားနိုင်ငံသည် တန်ချိန် သိန်း ပေါင်း ၄၀ ကျော်နှင့် ဘိုလီးဗီးယားနိုင်ငံသည် တန်ချိန် သိန်းပေါင်း ၂၉ သိန်းကျော် ထုတ်လုပ်ကြကြောင်းတွေ့ရသည်။ အာဆီယံအဖွဲ့ဝင် နိုင်ငံများကိုကြည့်လျှင် အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့အဆင့်တွင် ၁၅ ခုမြောက်နိုင်ငံဖြစ်သော်လည်း  အရှေ့တောင်အာရှနိုင်ငံများတွင် ထုတ်လုပ်မှုအများဆုံးဖြစ်ပြီး တန်ချိန် ကိုးသိန်းကျော်ထုတ်လုပ်ထား သည်။ ကမ္ဘာ့အဆင့်၂၉ တွင် မြန်မာနိုင်ငံမှာရှိနေပြီး ထုတ်လုပ်မှုမှာ တန်ချိန် ၁ ဒသမ ၇သိန်းကျော်ရှိသည်။ မြန်မာ၏နောက်တွင် အဆင့် ၂၀ ဖြင့်ကပ်လျက်ရှိနေသောနိုင်ငံမှာ ကမ္ဘောဒီးယားနိုင်ငံဖြစ်ပြီး တန်ချိန် ၁ ဒသမ ၇ သိန်းဖြစ်သည်။ ထို့နောက် ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ အရှေ့တီမောနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံများ ဖြစ်ကြသည်။ မြန်မာနိုင်ငံ၏ ကိန်းဂဏန်းများအရ ပဲပုပ်ကို စိုက်ဧက သုံးသိန်းခွဲမှ လေးသိန်းနီးပါးအထိ စိုက်ပျိုးကြပြီး အထွက်တန်ချိန်မှာ နှစ်သိန်းခန့်ရှိသည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် ပဲပုပ်ကိုအများဆုံး စိုက်ပျိုးသောဒေသမှာ ရှမ်းပြည်နယ်ဖြစ်သည်။ 
ပြည်ပတင်ပို့မှု
ပြည်ပတင်ပို့မှုများကိုကြည့်လျှင် နယ်စပ်မှ တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့သည်ကိုတွေ့ရသည်။ ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်တွင် ပုံမှန်လမ်းကြောင်းမှ တန်ချိန် ၁၈၀နှင့် နယ်စပ်လမ်းကြောင်းမှ တန် ချိန် ၂၅၃၀တန်၊ စုစုပေါင်းမှာ တန်ချိန် ၂၇၁၀တန်ဖြစ်သည်။ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၄သန်းဖြစ်သည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပုံမှန်လမ်းကြောင်းမှ ၃၅၅တန်၊ နယ်စပ်လမ်း ကြောင်းမှ ၅၇၈၁တန်၊ စုစုပေါင်း ၆၁၃၆ တန်၊ တန်ဖိုးအားဖြင့် အမေ ရိကန်ဒေါ်လာ ၄ ဒသမ ဝ၆ သန်းဖြစ်သည်။ ၂၀၁၂-၂၀၁၄ ဘဏ္ဍာ နှစ်တွင် ပုံမှန်လမ်းကြောင်းမှတင်ပို့ခြင်းမရှိဘဲ နယ်စပ်လမ်းကြောင်းမှ တန်ချိန် ၇၆၅၀တန်နှင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၇၀ သန်းဖိုး တင်ပို့ခဲ့သည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပုံမှန်လမ်း ကြောင်းမှ တန်ချိန် ၂၇၂တန်၊ နယ်စပ်လမ်းကြောင်းမှ တန်ချိန် ၃၃၄၁ တန်၊ စုစုပေါင်း တန်ချိန် ၃၆၁၃တန် တင်ပို့ခဲ့သည်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ၂၃ သန်းရရှိခဲ့သည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပုံမှန်လမ်းကြောင်းမှ တန်ချိန် ၁၃၂တန်၊ နယ်စပ်လမ်း ကြောင်းမှ တန်ချိန် ၃၈၂၉တန်၊ စုစုပေါင်း တန်ချိန် ၃၉၆၁တန်နှင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၀ သန်း ရရှိခဲ့သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပုံမှန်လမ်းမှ ၁၉၉ တန်၊ နယ်စပ်လမ်း ကြောင်းမှ ၁၅၅၈ တန်၊ စုစုပေါင်း တန်ချိန် ၁၇၅၇ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ဝ ဒသမ ၉၉ သန်းရရှိခဲ့သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပုံမှန်လမ်းကြောင်းမှ ၁၃၄တန်၊ နယ်စပ်လမ်းကြောင်းမှ ၁၈၈၆တန်၊ စုစုပေါင်း ၂၀၂၀တန်တင်ပို့ခဲ့သည်။ ရရှိသော တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ဝ၂ သန်းဖြစ်သည်။ နောက်ပိုင်းတွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ပဲပုပ်တန်ချိန် စုစုပေါင်း ၆၁၇၆ တန်ထိ တင်ပို့နိုင်ခဲ့သည်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၄ သန်းရရှိခဲ့သည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ကြောင့် တရုတ်နယ်စပ်ဂိတ်များကို ပိတ်ထားသဖြင့် နယ်စပ်လမ်း ကြောင်းမှ တင်ပို့နိုင်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် စုစုပေါင်းတင်ပို့မှုမှာ တန်ချိန် ၄၁၀ နှင့် တန်ဖိုးအားဖြင့် ဝ ဒသမ ၂၉ သန်းသာရှိခဲ့သည်။ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပဲပုပ်ကို ၄ တန် ကျော်သာတင်ပို့ နိုင်သေးကြောင်းတွေ့ရသည်။ နယ်စပ်လမ်းကြောင်းမှ ပြန်လည် တင်ပို့နိုင်မှသာ ပဲပုပ်တင်ပို့မှု မြင့်တက်လာမည်ဖြစ်သည်။ 
ကမ္ဘာ့ပဲပုပ်ကုန်သွယ်မှု
ကမ္ဘာပေါ်တွင် ပဲပုပ်ဒုတိယအများဆုံး စိုက်ပျိုးထုတ်လုပ်ပြီး ပြည်ပသို့  အများဆုံးတင်ပို့သော နိုင်ငံမှာ ဘရာဇီးနိုင်ငံဖြစ်သည်။ တန်ချိန်အားဖြင့် သိန်းပေါင်း ၆၀ဝ ကျော်တင်ပို့လေ့ရှိသည်။ ကမ္ဘာ့ ပဲပုပ်ဈေးကွက်၏ ၄၀ ရာခိုင်နှုန်းကျော်ဖြစ်သည်။ ဒုတိယအများဆုံး တင်ပို့သောနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုဖြစ်ပြီး တန်ချိန် သိန်း ၅၀ဝ ကျော်ကို နှစ်စဉ် ပြည်ပသို့တင်ပို့လေ့ရှိသည်။ ပဲပုပ်ဈေးကွက် ၏ ၃၅ ရာခိုင်နှုန်းကျော်ကို ရရှိထားသည်။ ထို့ကြောင့် ကမ္ဘာ့ပဲပုပ် တင်ပို့မှု၏ ၇၅ ရာခိုင်နှုန်းကျော်ကို ဘရာဇီးနှင့် အမေရိကန်ပြည် ထောင်စုတို့မှ ရယူထားကြောင်းတွေ့ရသည်။ တင်သွင်းမှုအပိုင်းကို ကြည့်မည်ဆိုပါက တရုတ်နိုင်ငံသည် ပဲပုပ်အများဆုံးတင်သွင်းသော  နိုင်ငံဖြစ်သည်။ တစ်နှစ်လျှင် သိန်းပေါင်း ၉၀ဝခန့်ကို တင်သွင်းလေ့ရှိ သည်။ ဒုတိယအများဆုံး တင်သွင်းသောနိုင်ငံမှာ မက္ကဆီကိုနိုင်ငံ ဖြစ်ပြီး တန်ချိန် သိန်း ၄၀ ခန့် နှစ်စဉ်တင်သွင်းလေ့ရှိသည်။ အာရှ ဘက်ကိုကြည့်မည်ဆိုလျှင် ဂျပန်နိုင်ငံသည် နှစ်စဉ် တန်ချိန်သိန်း ၃၀ ခန့်   တင်သွင်းလေ့ရှိသည်။  အင်ဒိုနီးရှားနိုင်ငံသည်လည်း ပြည်ပမှ နှစ်စဉ်တန်ချိန်သိန်း၂၀ကျော်တင်သွင်းလေ့ရှိသည်။ မြန်မာ့အိမ်နီး ချင်း ထိုင်းနိုင်ငံသည်လည်း ပဲပုပ်ကို နှစ်စဉ် ပြည်ပမှ တန်ချိန် သိန်း ပေါင်း ၁၀ သိန်းခန့်တင်သွင်းကြောင်းတွေ့ရသည်။ ထိုင်ဝမ်နိုင်ငံသည် လည်း တန်ချိန် ၁၀သိန်းခန့်တင်သွင်းလေ့ရှိသည်။ ထို့ကြောင့်မြန်မာ နိုင်ငံမှ ပင်လယ်ရေကြောင်းဖြင့် တင်ပို့ရောင်းဝယ်မှုကို ထိုင်ဝမ်နိုင်ငံ သို့ အများဆုံးရောင်းချလေ့ရှိသည်။ 
ပဲပုပ်ဆီ
ပဲပုပ်ဟူသော Soybean ကို ဆီကြိတ်ပါက  ပဲပုပ်ဆီကို ရရှိ သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ပဲပုပ်ဆီသည် ဈေးကွက်ကျဉ်း မြောင်းပြီး စားသုံးသူများမှ ကြိုက်နှစ်သက်မှုနည်းပါးသည်ကို တွေ့ရ သည်။ သို့ရာတွင် ယခုနောက်ပိုင်း၌ အစိုးရမှ စားသုံးဆီကြိတ်ခွဲထုတ် လုပ်မှုကို အားပေးမြှင့်တင်လာသည်နှင့်အမျှ ပဲပုပ်ဆီများ ကြိတ်ခွဲ ထွက်ရှိလာမည်ဟု ခန့်မှန်းရသည်။ သို့ရာတွင် ပဲပုပ်စိုက်ပျိုးထုတ်လုပ် မှုကို ယခုထက် ပိုမိုတိုးတက်စိုက်ပျိုးနိုင်ရန် လိုအပ်မည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ပဲပုပ်ဆီကို ထုတ်လုပ်မှုမှာ ဆက်တိုက်တိုးတက်လျက်ရှိ သည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် တန်ချိန် သန်းပေါင်း လေး သောင်းကျော် ထုတ်လုပ်ရာမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် တန်ချိန် သန်းပေါင်း ခြောက်သောင်းကျော်အထိ တိုးတက်လာမည်ဟု ခန့်မှန်း ထားသည်။ ပဲပုပ်ကို ဆီအဖြစ် အများဆုံးထုတ်လုပ်သော နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံသည် ပဲပုပ်ဆီကို တန်ချိန် ၁၇ သန်းကျော်အထိ ထုတ်လုပ်သည်ကို တွေ့ရသည်။ ဒုတိယမှာ အမေ ရိကန်ပြည်ထောင်စုဖြစ်ပြီးတန်ချိန် ၁၂ သန်းကျော် ထုတ်လုပ်သည် ကိုတွေ့ရသည်။ တတိယမှာ ဘရာဇီးနိုင်ငံဖြစ်ပြီး တန်ချိန် ၁၀ သန်း ကျော်ထုတ်လုပ်သည်။ အာဂျင်တီးနားနိုင်ငံမှာ တန်ချိန် ခုနစ်သန်း ကျော် ထုတ်လုပ်သည်ကို တွေ့ရသည်။ ကမ္ဘာပေါ်တွင် ပဲပုပ်ဆီအပါ အဝင် စားသုံးဆီများကို ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း ၁၁၇ ဒသမ ၁၀ အထိ ထုတ်လုပ်မည် ဟု ခန့်မှန်းထား သည်။ ယခင်နှစ်ကထက် ၆ ဒသမ ၇ရာခိုင်နှုန်းကျော်တိုးတက်လာ သည်ဟု သိရသည်။ ပဲပုပ်ဆီသည် ကျန်းမာရေးအတွက်ကောင်းမွန် သော ဆီအမျိုးအစားတစ်ခုဖြစ်သည်။ ထို့အပြင် အကြော်ခံသော ဆီဖြစ်သဖြင့် ချက်ပြုတ်စားသောက်ရန်လည်း သင့်တော်သည်။ ယခု အခါ ဆီသန့်စင်စက်ကြီးများဖြင့် ကြိတ်ခွဲထုတ်လုပ်နိုင်သဖြင့် မြန်မာ များမနှစ်သက်သော အနံ့လည်း ပါဝင်ခြင်းမရှိပါ။ ထို့အပြင် ပဲပုပ်ဆီ ကို ဆီကြိတ်ခွဲထုတ်လုပ်လာခြင်းဖြင့် ပြည်တွင်းဆီဖူလုံရေးအတွက် လည်း အားတစ်ခုဖြစ်လာမည်။ ပဲပုပ်ကို ပြည်ပတင်ပို့နိုင်ရေးနှင့် ပြည် တွင်း ပဲပုပ်ဆီထုတ်လုပ်ရေးတို့အတွက် အဓိကလိုအပ်သည်မှာ ပဲပုပ် ကို ပိုမိုတိုးတက်စိုက်ပျိုးနိုင်ရေးပင်ဖြစ်သည်။ ပဲပုပ်စိုက်ပျိုးရန်လိုအပ် သော မျိုးစေ့ရရှိရေးကိုလည်း ပိုမိုအလေးထားဆောင်ရွက်ပေးနိုင် မည်ဆိုပါက ပဲပုပ်ဆီကို တိုးတက်ထုတ်လုပ်လာနိုင်မည်ဖြစ်ပြီး ပြည်တွင်းဆီဖူလုံမှုကို အထောက်အကူဖြစ်စေနိုင်သည်။ သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်ငန်းအဖြစ် ဖွံ့ဖြိုးတိုးတက်လာနိုင်ပါကြောင်း အလားအလာများစွာရှိသော ထုတ်ကုန်တစ်မျိုးဖြစ်ပါကြောင်း တင်ပြလိုပါသည်။ ထို့အပြင် ပဲပုပ်သည် ဆီပါဝင်မှုတွင် မြေပဲနှမ်းသီးနှံများ ကဲ့သို့ မများပြားသော်လည်း အသားဓာတ်ပါဝင်မှု များပြားသဖြင့် ကြိတ်ခွဲပြီးထွက်ရှိလာသော ပဲပုတ်ဖတ်များသည် တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းအတွက် များစွာအထောက်အကူပြုနိုင်သည်ကိုလည်း သတိပြုရမည်ဖြစ်သည်။ ထို့ကြောင့်  ပဲပုပ်စိုက်ပျိုးထုတ်လုပ်ခြင်းသည် နိုင်ငံတော်အတွက် ပြည်ပပို့ကုန် တိုးတက်စေခြင်း၊ စားသုံးဆီကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေခြင်း၊ တိရစ္ဆာန်မွေးမြူရေးကဏ္ဍကိုလည်း အထောက်အကူများစွာ ဖြစ်ထွန်းစေခြင်း စသည့် အကျိုးကျေးဇူးများ စွာကို ရရှိနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်ခင်ဗျား။
မျိုးသူ(ကုန်သွယ်မြှင့်)