Main menu

Background

ပြည်ခရိုင်တွင် မိုးမြေပဲများစိုက်ပျိုးထွက်ရှိမှု အခြေအနေ

Wed, 12/20/2023 - 10:39 -- journal_editor

ပခုက္ကူမြို့နယ်တွင် အဓိကစိုက်ပျိုးသီးနှံများဖြစ်သော ပဲစင်းငုံနီ၊ ပဲနီ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲနောက်၊ ပဲအမျိုးမျိုး၊ နှမ်းနှင့် မြေပဲတို့ကို အဓိကစိုက်ပျိုးလျက်ရှိရာ ပခုက္ကူမြို့နယ်တွင် ပဲစင်းငုံနီကို ချောက်ကန်အုပ်စုရှိ ကျေးရွာများဖြစ်သော အရှေ့ ချောက်ကန်၊ အနောက်ချောက်ကန်၊ မန်ကျည်းကိုးပင် ကျေးရွာများနှင့် အခြားကျေရွာများတွင် စိုက်ဧက ၂၀ဝ၀ဝ ကျော်ရှိပြီး  သီးညှပ်သီးနှံအဖြစ် စိုက်ပျိုးကြကြောင်း၊ အချို့တောင်သူများမှာ နှစ်သီးစားစိုက်ပျိုးကြပြီး စိုက်ပျိုးသောမျိုးမှာ  သက်လတ်မျိုးနှင့် သက်ကြီးမျိုးကို စိုက်ပျိုးကြသည်။
ပဲစင်းငုံနီကို မြေပဲ၊ ပဲနောက်ခင်းများတွင် မြောင်းများထိုး၍ စိုက်ပျိုးကြပြီး တစ်မြောင်းလျှင်  ခုနစ်ပေကြား ရှစ်ပေကြား စိုက်ပျိုးကြကြောင်း၊ မျိုးစေ့တစ်ပြည်လျှင် ကျပ် ၆၉၀ဝ ဖြင့်ဝယ်ယူပြီး  တစ်ဧကလျှင် သုံးပြည် ကြဲပက်ကြကြောင်း၊  သက်လတ်မျိုး ကို စတင်စိုက်ပျိုးချိန်မှာ နယုန်လမှစ၍ စိုက်ပျိုးပြီး နတ်တော်လဆန်းတွင် အပွင့်များ စတင်ပွင့်ပြီး ပြာသိုလတွင် အသီးများ ခူးဆွတ်ပြီး ရိတ်သိမ်းရကြောင်း၊ ပဲစင်းငုံနီကို စတင်စိုက်ပျိုးချိန်မှစ၍ မြေဆီအဖြစ် ကျောက်မှုန့်များ ကြဲပက်ရပြီး နွားချေးများကို လှည်း ၁၀ စီးခန့်ချရကြောင်း၊ လှည်းတစ်စီးတွင် နွားချေး ၁၅ အိတ်ခန့်ပါကြောင်း၊ ပေါင်းပင်များကိုလည်း စတင်စိုက်ပျိုးချိန်မှာ တစ်ခါနုတ်ရပြီး အသီးအပွင့်များ ထွက်ရှိချိန်တွင် တစ်ခါနုတ်ရကြောင်း၊ သက်ကြီးမျိုးကို ကဆုန်လတွင် စတင်စိုက်ပျိုးပြီး တပေါင်းလတွင် ရိတ်သိမ်းကြကြောင်း၊ လုပ်သားခအနေဖြင့် အမျိုးသမီးတစ်ဦးလျှင် ကျပ် ၅၀ဝ၀၊ အမျိုးသားတစ်ဦးလျှင် ကျပ် ၆၀ဝ၀ ဖြင့်ပေးရကြောင်း၊ စိုက်ပျိုးထွက်ရှိမှုမှာ တစ်ဧကလျှင် ၁၀ တင်းမှ ၁၅ တင်းထွက်ရှိကြောင်း သိရသည်။

လှိုင်ဥမ္မာဦး(ပခုက္ကူ)