Main menu

Background

ဆင်ဖြူကျွန်းဒေသထွက် ပန်းဂေါ်ဖီ ဈေးကွက်

Mon, 01/15/2024 - 11:54 -- journal_editor

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ဆင်ဖြူကျွန်းမြို့ စလင်းချောင်း အနောက်ဘက်ရှိ နွယ်တမယ်၊ ချောင်းဖြူ၊ ချောင်းကောက်၊ ညောင်ကုန်း၊ ပန်းတော၊ မြောင်းဘောင် စသည့် ကျေးရွာ များမှ တောင်သူများသည် စလင်းချောင်းရေကိုအမှီပြု၍ ဟင်းသီးဟင်းရွက်သီးနှံစားပင်မျိုးစုံကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။ ယခုနှစ်တွင် စားသုံးသူများပြား၍ ဈေးကွက်အခိုင် အမာရှိသော  စားဖိုဆောင်သုံးရာသီစာ  ကာလတိုသီးနှံဖြစ်သည့် ပန်းဂေါ်ဖီမှာ ဈေးကောင်းရ၍ တောင်သူများ  ပိုမိုတိုးချဲ့ စိုက်ပျိုးလျက်ရှိ ကြောင်း သိရသည်။
ပန်းဂေါ်ဖီသည် မုန်လာအုပ်စုတွင်ပါဝင်သော အပင်များဖြစ်၍ မြေဆီသြဇြွာကယ်ဝသော မြေအမျိုးအစားကို ကြိုက်နှစ်သက်ကြောင်း၊ အေးသောရာသီဥတုကို ကြိုက်နှစ်သက်သော်လည်း အပူဒဏ်ခံနိုင်သည့်  သီးနှံတစ်မျိုးဖြစ်ကြောင်း၊  ပူ၍ခြောက်သွေ့သော ရာသီဥတုတွင် ပန်းမပွင့် သည့်အတွက် အေးပြီး အစိုဓာတ်ရသောနေရာတွင်သာ စိုက်ပျိုးသင့်ကြောင်း၊ ခြောက်သွေ့လွန်း သောရာသီဥတုတွင် အပွင့်ဖြစ်ထွန်းရန် ခက်ခဲကြောင်း၊ မြေပြန့်ဒေသများတွင် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးကြပြီး တောင်ပေါ်ဒေသများတွင် ဧပြီလ၊ မေလ၊ စက်တင်ဘာ လနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးကြသည်။
စိုက်ပျိုးရာတွင် မြေကို   ဘောင်ဖော်၍   အတန်းလိုက်စိုက်ပျိုးကြပြီး တစ်ပင်နှင့် တစ်ပင် ၁.၅-၂ ပေအကွာ၊ တစ်တန်းနှင့်တစ်တန်း ၂-၂.၅ ပေခန့်အကွာ စိုက်ပျိုးရကြောင်း၊ သို့မှသာ လေဝင်လေထွက်ကောင်း၍ နေရောင်ခြည် ကောင်းစွာရရှိကာ အပင် ဖြစ်ထွန်းအောင်မြင်ကြောင်း၊ တစ်ပတ်လျှင် ၁-၂ ကြိမ် ရေသွင်းပေးရကြောင်း၊ အပင်သက်တမ်း သုံးလခန့်အကြာတွင် ပန်းပွင့် များ စတင်ခူးဆွတ်နိုင်ကြောင်း၊  စတင်ခူးဆွတ်ချိန်မှ ၃-၄ လကြာအထိ  ခူးဆွတ်ရောင်းချရ ကြောင်း၊ နယ်ဝေးသို့ တင်ပို့ရောင်းချမည်ဆိုပါက အပင်ကိုအရွက်များ ၃-၄  ရွက်ခန့်ချန်၍  ခုတ်ရ ကြောင်း၊ တစ်ဧကလျှင် ၅-၈ တန်ထိထွက်ရှိကြောင်း၊ တစ်ခါခူးဆွတ်လျှင် ပန်းဂေါ်ဖီ ၂၀ဝ မှ ၃၀ဝ ပွင့်အထိ ခူးဆွတ်ရရှိကြောင်း စိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။ 
ဈေးကွက်အနေဖြင့် ဆင်ဖြူ ကျွန်းဒေသထွက် ပန်းဂေါ်ဖီပွင့်များကို ချောက်၊ စလင်း၊ ပွင့်ဖြူ၊ မင်းဘူး၊ မကွေးမြို့များသို့တင်ပို့ရောင်းချကြပြီး ပေါ်ဦးပေါ်ဖျားအချိန် နိုဝင်ဘာလတွင်မူ ပန်းဂေါ်ဖီဲ တစ်ပွင့်လျှင် ကျပ် ၁၅၀ဝခန့်အထိ ဈေးကောင်းရရှိကာ နောက်ပိုင်း ပန်းဂေါ်ဖီလှိုင်လှိုင်ပေါ်ချိန်တွင် အပွင့်အရွယ်အစားပေါ်မူတည်၍ တစ်ပွင့်လျှင် ကျပ် ၈၀ဝ မှ ၁၀ဝ၀ အထိရရှိကြောင်း သိရှိရသည်။ 
ရာသီပေါ်သီးနှံဖြစ်၍  စားသုံးသူဈေးကွက်၌လည်း  အရောင်းသွက်လျက်ရှိသောကြောင့် ဆင်ဖြူကျွန်းဒေသရှိ ပန်းဂေါ်ဖီစိုက်ပျိုးသူ တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။                                                                                                              

 

သင်းသင်းစိုး