Main menu

Background

ဗောက်သီးအကြောင်း တစေ့တစောင်း

Tue, 12/20/2022 - 11:30 -- journal_editor

ဗောက်သီးပင်ကို    အညာဒေသတွင်   ဗောက် လောကပင်ဟု ခေါ်ဆိုကြပါသည်။ တစ်ရာသီခံ ပင်ပျော့ အမျိုးအစားဖြစ်ပြီး (ခရမ်းပင်ခရမ်းချဉ်ပင်)အမျိုးအစား ထဲတွင် ပါဝင်သည်။  ဗောက်ပင်အရိုင်းများကို မြန်မာနိုင်ငံအလယ်ပိုင်းတွင် အများဆုံး တွေ့ရလေ့ရှိသည်။ ပြင်ဦးလွင်နှင့်  ရှမ်းပြည်နယ်ဘက်တွင်  ပေါက်ရောက် သည်။ မျိုးစိတ်စုစုပေါင်း ၇၀ ဝန်းကျင်ရှိပြီး အအေးပိုင်း တွင် ပေါက်ရောက်သော ဗောက်သီးများတွင်   အလုံးအရွယ်အစား ပိုကြီးပြီး အရောင်ပိုရင့်တတ်သည်ဟု သိရှိရသည်။  ဗောက်ပင်ကို နိုင်ငံတော်တော်များများတွင် စီးပွားဖြစ်  စိုက်ပျိုးကြပြီး အိန္ဒိယနိုင်ငံတွင် ဗောက်သီး အမျိုးအစားများစွာ စိုက်ပျိုးကြ၍   စိုက်ပျိုးသည့်အမျိုး အစားပေါ် မူတည်၍ အရွယ်အစားနှင့်အရောင်  ကွဲပြား သွားသည်။
မြန်မာနိုင်ငံတွင်   အတွေ့များသည့်  အပင်များကို အရိုင်းပင်များဟုခေါ်ပြီး  စားသုံး၍ရသည်။ အရောင် အနေဖြင့် စိမ်းဝါဝါအနေအထားရှိပြီး ဗီတာမင်စီ အဓိက ပါဝင်ပြီး ရောင်ရမ်းခြင်းနှင့်   သရက်ရွက်ကြီးခြင်းတို့ကို ကုသနိုင်သည်။ တိရစ္ဆာန်မွေးမြူသူတို့သည်   ရှေးနှစ်ပေါင်း များစွာကတည်းက  ထိုအပင်ကို ကျွဲ၊ နွား၊ ဆိတ်၊ ဝက် စသည့် တိရစ္ဆာန်တို့၏ ခန္ဓာဗေဒဓာတ်သဘာဝများ ကို ထိန်းညှိပေးသော   အပင်အဖြစ် အသုံးပြုလာကြပါ သည်။    ထိုဗောက်ပင်သည် မွေးမြူရေးအတွက်လည်း အရေးပါသော အပင်တစ်မျိုးဖြစ်ပါသည်။
ဗောက်သီးတွင် ခန္ဓာကိုယ်အတွက် လိုအပ်သည့် အကျိုးပြုသော ဗီတာမင်စီနှင့် antiohidants များ ကြွယ်ဝစွာပါဝင်သည်။ ဗောက်သီးတွင်ပါဝင်သည့် အမျှင်ဓာတ် သည် ဆီးချိုကို ထိန်းညှိပေးပြီး သွေးပေါင်ကိုလည်း ကျစေသည့်အတွက် သွေးတိုးနေသည့်အချိန်တွင် ဗောက်သီးကို စားသုံးပေးခြင်းဖြင့် သွေးပေါင်ကို ကျစေသည်။ သို့သော် တစ်ကြိမ်တည်းတွင် အလုံးအရေအတွက် များများ မစားသင့်ကြောင်း ပညာရှင်များက  အကြံပေးထားသည်။ ကိုယ်လက်စရောကို ထိန်းညှိပေးပြီး နှလုံးတွင် ဖြစ်တတ်သောရောဂါများကို လျော့ကျစေသည့်အတွက် ဗောက်သီးကို စားသုံးပေးခြင်းဖြင့်   ကျန်းမာစေသည်။ ဗောက်သီးတွင် ပါဝင်သော ဓာတ်များက    ခန္ဓာကိုယ် အတွက် အကျိုးပြုသည့် ဘက်တီးရီးယားများရော အကျိုးမပြုသည့် ဘက်တီးရီးယားပါဝင်ပြီး  သေစေနိုင် သည့် အစွမ်းရှိသည်။ ထို့ပြင် ဗောက်သီးတွင် သံပရာသီး ထက် ဗီတာမင်စီနှစ်ဆခန့် ပါဝင်သည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်သောကြောင့် ဗောက် သီးစားသုံးပေးခြင်းသည်  နှလုံးသွေးကြောဆိုင်ရောဂါ၊ လေဖြတ်ခြင်းနှင့်    ကင်ဆာရောဂါများ   မဖြစ်အောင် ကာကွယ်ပေးသည်။ 
ဗောက်သီးသည် သေးငယ်ပြီး ရွှေဝါရောင်သန်း သည့် ဘယ်ရီသီးဖြစ်သည်။  ဗောက်သီး၏ အရသာသည် ခရမ်းချဉ်သီးနှင့်    အရသာဆင်ပြီး    ခရမ်းချဉ်သီးထက် အချိုပိုကဲသည်။ ဗောက်သီးသည် ချိုချိုချဉ်ချဉ်အရသာ ရှိသောကြောင့် အချိုပွဲများ၊ ကိတ်မုန့်၊ သကြားလုံးနှင့် မုန့်များ ပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုကြသလို ဗောက်သီးကို အစိမ်းစားခြင်းမျိုးလည်းရှိသည်။ ဗောက် သီးတွင် ကယ်လိုရီပမာဏ နည်းပါးပြီး ဗီတာမင်နှင့် သတ္တုဓာတ်များလည်း ပါဝင်သည်။
ဈေးကွက်တွင် ဗောက်သီး တစ်ပိဿာကို  ကျပ် ၈၀ဝ၀မှ ကျပ်   ၁၀ဝ၀ဝ ဈေးထိရှိပြီး  စိုက်ပျိုးရ လွယ်ကူ သောကြောင့် ဈေးကွက်ဝင်သီးနှံတစ်မျိုး   ဖြစ်လာသည် နှင့်အညီ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမှုများလည်းရှိသည်။  စိုက်ပျိုးသူတောင်သူများအနေဖြင့်   စီးပွားဖြစ် စိုက်ပျိုး နိုင်သည့်သီးနှံအဖြစ် စိုက်ပျိုးမည်ဆိုပါက တောင်သူများ ဝင်ငွေတိုးလာမည့်သီးနှံတစ်ခုဖြစ်ပါကြောင်း   လေ့လာ သုံးသပ်တင်ပြအပ်ပါသည်။
အိသပြေခင်(ပြည်)