Main menu

Background

မကွေးဒေသထွက် ပန်းဂေါ်ဖီနှင့် ငရုတ်

Tue, 01/31/2023 - 16:29 -- journal_editor

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ပျဉ်ထောင်အုပ်စု၊  ကျောက်အိုင်ကျေးရွာတွင် ပန်းဂေါ်ဖီကို မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြသည်။
ပန်းဂေါ်ဖီကို သြဂုတ်လတွင် ပျိုးထောင်ပြီး စက်တင်ဘာလတွင် စတင်စိုက်ပျိုးကြောင်း၊ စိုက် နည်းစနစ်မှာ တစ်ပင်နှင့်တစ်ပင်ကြား  တစ်ပေစီခွာ၍ စိုက်ရကြောင်း၊  စိုက်ပျိုးချိန် သုံးလအကြာ နိုဝင်ဘာလတွင် ခူးဆွတ်လေ့ရှိကြကြောင်း၊ စိုက်ပျိုးဧကမှာ သုည ဒသမ ၂၅ ဧကရှိပြီး အထွက်နှုန်းမှာ ၁၅ ရက်လျှင် တစ်ကြိမ်ခူးဆွတ်ရ၍ တစ်ကြိမ်ခူးလျှင်  အပွင့်ရေ ပျမ်းမျှ ၁၀ဝ ကျော်ရရှိကြောင်း၊ စိုက်ပျိုးပြီး ရရှိလာသော ပန်းဂေါ်ဖီများအား တစ် ပွင့်လျှင် ကျပ် ၅၀ဝဖြင့် ဖောက်သည်ပေး၍ သရက်မြို့၊ မြို့မဈေးနှင့် အခွန်လွတ်ဈေးများတွင် ရောင်းချကြကြောင်း၊ ယခုနှစ်မှာ ပန်းဂေါ်ဖီစိုက်ရန် အသင့်တော်ဆုံး  ရာသီဥတုအခြေအနေဖြစ်ပြီး ပိုးမွှားကျရောက်မှုနည်းပါးသဖြင့် အထွက်လည်း ကောင်းကြောင်း ကျောက်အိုင်ကျေးရွာမှ ဂေါ်ဖီ စိုက် တောင်သူ ဦးစိန်ဌေးထံမှ သိရှိရသည်။
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်  စလင်းမြို့နယ် ဖောင်လင်းကျေးရွာရှိ တောင်သူအနေဖြင့် ယခုနှစ်တွင် ဆောင်းငရုတ် သုံးဧက စိုက်ပျိုးထားကြောင်း၊  ယခင်နှစ်က  နှစ်ဧက   စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းကောင်း၍ ငရုတ်သီးအစိုတစ်ပိဿာ လျှင် ကျပ် ၁၄၀ဝ ရရှိခဲ့ကြောင်း၊ ဆောင်းငရုတ်ကို နှစ်စဉ် စက်တင်ဘာလတွင် ပျိုးထောင်ကြကြောင်း၊ ပျိုးထောင်ပြီး ၃၅ ရက်သားတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးရာတွင် ပင်ကြား နှစ်ပေ၊ တန်းကြား သုံးပေအကွာ စိုက်ပျိုးကြပြီး   တောင်သူများအနေဖြင့် ကျောက်စိမ်း(စပ်မျိုး) ၆၉၂ငရုတ်မျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း၊  သုံးလခန့်အကြာတွင် စတင် ခူးဆွတ်ပြီး တစ်ဧကလျှင်  ရှစ်ကြိမ်ခန့် ခူးဆွတ်ရကြောင်း၊ တစ်ကြိမ်လျှင်  ပိဿာ၂၅၀ ခန့် ခူးဆွတ်ရပြီး စုစုပေါင်း ပိဿာ ၁၈၀ဝခန့် ခူးဆွတ်ရကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှု နည်းပါးခြင်း၊ ပိုမွှားများကျရောက်မှု များပြားခြင်းတို့ကြောင့် ငရုတ်သီးအထွက်နှုန်း   ယခင်နှစ်အောက် လျော့နည်းခဲ့ကြောင်း၊ မြေပြင်စိုက်ပျိုးခြင်း၊ သွင်းအားစု၊ လုပ်အားခ  အပါအဝင် တစ်ဧက ကုန်ကျစရိတ် ကျပ်သိန်း ၃၀ခန့် ကုန်ကျပြီး  ငရုတ်သီး(စို) တစ်ပိဿာလျှင် ဇန်နဝါရီလဆန်း သီးနှံပေါ်ချိန်တွင် ကျပ် ၂၅၀ဝဖြင့် ရောင်းချရသဖြင့် ဝင်ငွေ ကျပ် ၄၅၀ဝ၀ဝ၀ ထိ  ရရှိကာ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ် ၁၅၀ဝ၀ဝ၀ ခန့် ရရှိကြောင်း၊ ထွက်ရှိလာသော ငရုတ်သီးအမှည့်အစိုများကို တောင်သူများအနေဖြင့် မြို့ပေါ်ရှိ ပွဲရုံများသို့ သွားရောက်ရောင်းချကြသလို   ပွဲစားများကလည်း ကျေးရွာအရောက်လာရောက်ဝယ်ယူလျက်ရှိရာ ဆောင်းငရုတ်သီးစိုက် တောင်သူများ အဆင်ပြေလျက်ရှိပြီး ဝင်ငွေတိုးပွားလျက်ရှိကြောင်း ဆောင်းငရုတ်စိုက်ပျိုးသည့်တောင်သူ ဦးကျော်နိုင်ထံမှ သိရှိရသည်။
ဆန်းလင်းမောင်၊ အေးသီတာလင်း