Main menu

Background

သံပရာပင်စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိနိုင်

Fri, 03/17/2023 - 12:59 -- journal_editor

သံပရာပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြသလို ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင်လည်း အများအပြား စိုက်ပျိုးကြသည်။ ပြည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို စီးပွား ဖြစ်လည်း စိုက်ပျိုးကြသည်။ သံပရာသီးကို လူအများအသုံးပြုကြသဖြင့် စိုက်ပျိုးမှုများပြားလာသည်။

သံပရာပင် စိုက်ပျိုးထွက်ရှိမှု
သံပရာပင်ကို အများအားဖြင့် အစေ့ကိုစိုက်ပျိုး၍လည်းကောင်း၊ မြေထုပ်စည်း၍လည်းကောင်း စိုက်ပျိုးကြသည်။ မြေထုပ်စည်း၍ စိုက်ပျိုးခြင်းဖြင့် အပင်ကြီးထွားမှုနှုန်းမြန်၍ အသီးသီးရာတွင်လည်း မြန်ကြောင်းသိရသည်။ သံပရာပင်မှာ နှစ်ရှည်သီးပင်ဖြစ်၍ မြန်မာသံပရာမျိုးသည် ရေမြေရာသီဥတုအပေါ် မူတည်ပြီးအောင်မြင်ဖြစ်ထွန်းသည်။ မြန်မာနိုင်ငံတွင် သံပရာပင်ကို မိုးရာသီဖြစ်သော ဇွန်လနှင့် ဇူလိုင်လတွင်စိုက်ပျိုးနိုင်ပြီး ရေပေးသွင်းနိုင်ပါက နှစ်ပတ် လည် စိုက်ပျိုးနိုင်သည်။ သံပရာပင်ကို နေ့စဉ် ရေလောင်းပေးနိုင်ပါက တစ်နှစ်ပတ်လုံး အသီးများ သီးနိုင်သည်။ 
သံပရာပင်စိုက်ပျိုးရာတွင် တစ်ပင်နှင့် တစ်ပင် ၁၅ ပေခန့် ခွာ၍စိုက်ပျိုးမှသာ အသီးများစွာ သီးနိုင်သည်။ တစ်ဧကလျှင် သံပရာပင်ပေါင်း ၂၅၀-၃၀ဝ ခန့်အထိ စိုက်ပျိုးနိုင်သည်။ သံပရာသီးမှာ မိုးသံပရာနှင့် နွေသံပရာဟူ၍ နှစ်မျိုးရှိပြီး မိုးရာသီတွင် သီးသော သံပရာသီးမှာ အလုံးချောပြီး သီးအားကောင်း၍ နွေသီးမှာ အလုံးအနည်းငယ်သေး၍ သီးနှုန်းအားနည်းသည်။ မိုးသံပရာသီးကို မိုးလများဖြစ်သော ဇွန်လမှ အောက်တိုဘာလအထိ အသီးအလှိုင်ဆုံးအချိန် ဖြစ်သည်။ သံပရာပင်စိုက်ပျိုးပြီး (၄-၅)နှစ်အကြာတွင်  အသီးများ စတင်ခူးဆွတ်ရသည်။ သံပရာပင် တစ်ပင်လျှင် ပျမ်းမျှအသီးလုံး အပေါင်းမှာ အသီးအားကောင်းလျှင် ကောင်းသလို (၄၀-၅၀)လုံးခန့် သီးသည်ဟု သိရသည်။ 
သံပရာပင် တစ်ဧကစိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်နှင့် အကျိုးအမြတ်
သံပရာပင်တစ်ဧက စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာမိသားစု လုပ်အားခပါလျှင် (၄-၅)သိန်းခန့်ကုန်ကျပြီး မိသားစုလုပ်အားခမပါ လျှင် (၆-၇)သိန်းခန့် ကုန်ကျသည်ဟု သိရသည်။  မိုးသံပရာသီးမှာ အသီးလုံးချောပြီး သီးအားကောင်းသောကြောင့် ဈေးမှာ တစ်လုံးလျှင် (၅၀-၆၀)ကျပ်ခန့်ဈေးရှိ၍ နွေရာသီတွင် သီးသော သံပရာသီးမှာ အသီးလုံးညှက်ပြီး  မိုးသံပရာလောက် မသီးသော်လည်း ဈေးနှုန်းမှာ တစ်လုံးလျှင် ကျပ် (၁၅၀-၂၀ဝ)ခန့်ရှိသည်။ သံပရာ စိုက်ပျိုးသော တောင်သူများအနေဖြင့် တစ်ဧက စိုက်ပျိုးထားလျှင် အသီးများ စတင်သီးချိန်မှစ၍ တစ်နှစ်ပတ်လုံး ဝင်ငွေများရရှိပြီး တစ်လလျှင် ပျမ်းမျှဝင်ငွေမှာ ကျပ်ငါးသိန်းဝန်းကျင်ခန့်ရရှိသည်ဟု သိရသည်။ 

သံပရာသီးနှင့်ကျန်းမာရေး
သံပရာသီးစားသုံးခြင်းဖြင့် သွေးတွင်းရှိ အဆီများ ကျဆင်းစေပြီး သွေးတိုးလည်းကျစေသည်။ သံပရာသီးကို တိုင်းရင်ဆေးထုတ်လုပ်ရာတွင် အသုံးပြု၍ရသလို အစာမကြေ၊ လေနာ၊ သလိပ်နာရောဂါများအပြင် ရောဂါအတော်များများလည်း ပျောက်ကင်းစေသည်။ သံပရာသီး စားသုံးခြင်းဖြင့် ကျန်းမာရေးအတွက်သာမက အလှအပရေးရာအတွက်လည်း အထောက်အကူပြုသည်။ သံပရာသီးအခွံကို ဆားဖြင့်ရော၍ သွားများကိုတိုက်ပေးပါက သွားများဖြူဖွေးစေသည်။ တံတောင်ဆစ်မည်းနေလျှင်လည်း  သံပရာသီးကို ထက်ခြမ်းခြမ်း၍ ပွတ်ပေးပါက မည်းနေတာများ ပျောက်ကင်းသလို ဆံပင်ကျွတ်လျှင် အုန်းဆီထဲသို့ သံပရာရည်ရောကာ တစ်ပတ်လျှင် တစ်ကြိမ်ခန့် လိမ်း ပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်သည်ဟု သိရသည်။ သွေးတိုး၍ မူးမော်လာပါက သံပရာရည်ဖျော်၍လည်း သောက်သုံးနိုင်သည်။ ထိုကြောင့် သံပရာသီးသည် လူအတော်များများ သုံးစွဲကြသော သီးနှံတစ်မျိုးဖြစ်ပြီး အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါးနှင့်  အသုပ်များထဲတွင် ထည့်၍ စားသုံးကြသဖြင့် ခံတွင်းရှင်းပြီး အအီလည်း သက်သာစေသည့်အပြင် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုသည်။

သံပရာသီးကို လူတိုင်းအသုံးပြုကြသဖြင့် ယခုအချိန်တွင် သံပရာသီးကို ပြည်မြို့နယ်ရှိ ကျေးရွာအတော်များများတွင် စိုက်ပျိုးလာကြသည်။ သံပရာပင် စိုက်ပျိုးရာတွင် စိုက်ပျိုးရန် လွယ်ကူပြီး စိုက်ပျိုးစရိတ်လည်း သက်သာသဖြင့် စိုက်ပျိုးလာကြသည်။ ထွက်ရှိလာသော သံပရာသီးများကို ပြည်ဈေးကွက်သို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ပိုလျှံသော သံပရာသီးများကို ရန်ကုန်မြို့ရှိ တညင်းကုန်းဈေးနှင့် သီရိမင်္ဂလာဈေးများသို့ တင်ပို့ရောင်းချသည်။ ထို့ကြောင့် သံပရာပင် စိုက်ပျိုးသူ တောင်သူများအနေဖြင့် နေ့စဉ်လစဉ်ဝင်ငွေများ ရရှိနိုင်ပြီး ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်မည်ဆိုပါက ပိုမိုအကျိုးအမြတ်များ ရရှိလာနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။

ဝေဝေမင်း(ပြည်)