Main menu

Background

ပြည်ဒေသထွက် သရက်သီး ဈေးနှုန်းဈေးကွက်

Tue, 05/09/2023 - 15:26 -- journal_editor

မြကျောက်သရက်
ပဲခူးတိုင်းဒေသကြီး ပြည်မြို့သည် သရက်သီးဈေးကွက်၌ တွင်ကျယ်စွာ ရောင်းဝယ်ဖောက်ကားသော မြို့တစ်မြို့ဖြစ်သည်။ ပြည်ဒေသထွက် မြကျောက်သရက်သီးသည် အရည်အသွေးကောင်းပြီး ပြည်မြို့သို့ လာရောက်လည်ပတ်သူများ က ပြည်မြို့ပြန် လက်ဆောင်အဖြစ် ဝယ်ယူကြသလို ဒေသခံပြည်သူများကလည်း ဒေသထွက်ပစ္စည်းအဖြစ် တန်ဖိုးထားပြီး လက်ဆောင်ပေးခြင်းတို့အတွက် အထူးဝယ်ယူကြသည်။ မြကျောက် သရက်သီးများကို ပြည်မြို့  တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ်၊ ဆင်တဲ၊ ရွှေဘုံသာရွာ၊ ရွှေတောင်မြို့နယ်ဘက်ရှိ ဥယျာဉ်များနှင့် ပြည်မြို့နယ်ရှိ ချောင်းနားတန်းရွာနှင့် လက်ခုပ်ပင်ရွာတို့ဘက်မှ အများဆုံးလာရောက် ရောင်းချကြသည်။ မြကျောက်သရက်သီးဈေးနှုန်းများမှာ ပေါ်ဦးပေါ်ဖျား အချိန်တွင် တစ်လုံးလျှင် ကျပ် ၁၅၀ဝ-၁၀ဝ၀-၇၀ဝ ဖြင့် ရောင်းချကြပြီး ယခု သရက်သီးများ လှိုင်လှိုင်ပေါ်ချိန်မှာတော့ တစ်လုံးလျှင် ကျပ် ၇၀ဝ-၆၀ဝ-၅၀ဝ ဖြင့် ဈေးအနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ပိုမို ကောင်း မွန်လာကြောင်း သိရသည်။
ဘုတ်ထုံသရက်
မြန်မာနိုင်ငံတွင် သရက်သီး အမျိုးအစားပေါင်းများစွာ ရှိသည့် အနက် ပြည်မြို့၏ တစ်ဖက်ကမ်း ရွှေဘုံသာရွာ၊ မကျည်းစုရွာ အစရှိသည့် အနီးအနားရွာများမှသာ ထွက်ရှိသော သရက်သီးအမျိုအစားမှာ ဘုတ်ထုံ သရက်သီးဖြစ်သည်။ ယခုမေလဆန်းတွင် စတင်ထွက်သည့်အချိန်တွင် ဘုတ်ထုံသရက်သီးဈေးမှာ အလုံးချော ၁၀လုံးလျှင် ကျပ် ၂၅၀ဝ၊ အလုံးသေး  ၁၀ လုံးလျှင် ကျပ် ၂၀ဝ၀ ဖြင့် ဈေးများတွင် ရောင်းချလျက်ရှိသည်။
စိန်တလုံးသရက်
ပြည်မြို့နယ်အနီး ပတ်ဝန်းကျင်ဒေသများဖြစ်သော စက်မှုဇုန်၊ အောင်မြေမာဟု၊ ဇီးအုပ်၊ နတ်တလင်း၊ မြောင်းငယ်လှ စသည့် နေရာဒေသ များတွင် ဧပြီလနောက်ဆုံးပတ်မှစ၍ စိန်တလုံးသရက်သီးများ စတင်ထွက် ရှိပြီး ပြည်မြို့၊ မြို့မဈေးကြီးနှင့် အောင်မင်္ဂလာဈေး၊ ကသည်ဈေး၊ ကိုးသောင်းဈေး အစရှိသော ဈေးများသို့ ဝင်ရောက်မှုရှိနေကြောင်း  သိရသည်။ စိန်တလုံးသရက်သီးများ စတင်ဝင်ရောက်ရောက်ခြင်း ဈေးနှုန်းများအနေဖြင့် အလုံး၊ အကြီး၊ အသေးပေါ်မူတည်ပြီး တစ်လုံးလျှင် ကျပ် ၈၀ဝ မှ ၁၀ဝ၀ အထိ ရောင်းချမှုရှိကြောင်း သိရသည်။ ယခု  မေလဆန်းတွင် သရက်သီးတစ်လုံးလျှင် ကျပ် ၅၀ဝ-၆၀ဝ ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
အေးမြတ်သီတာ၊ နွယ်နွယ်လှိုင်၊ စိုးစိုးနိုင် (ပြည်)