Main menu

Background

တစ်နိုင်တစ်ပိုင် ပြောင်းဖူးစိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိ

Wed, 05/10/2023 - 11:01 -- journal_editor

ပဲခူးတိုင်းဒေသကြီး   သာယာဝတီခရိုင်  ကြို့ပင်ကောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံ ဒေါ်ရီရီရှိန်နှင့် ဝန်ထမ်းများသည် ဧပြီ ၁၉ ရက်  နံနက် ၁၁ နာရီတွင် ပျဉ်ထောင်တွင်းအုပ်စု  နွယ်ခွေရပ်ကွက်  မြရတနာလမ်း ရှိ ပြောင်းစိုက်တောင်သူ ဦးသိန်းစိုးနှင့် တွေ့ဆုံ၍ ပြောင်းဖူးစိုက်ပျိုးထုတ် လုပ်မှုအခြေအနေနှင့် အကျိုးအမြတ်ရရှိမှု အခြေအနေတို့ကို သွားရောက်ကွင်းဆင်း လေ့လာခဲ့သည်။
တောင်သူဦးသိန်းစိုးက ယခုနှစ်ပြောင်းဖူး စိုက်ဧကတစ်ဝက်ကို စိုက်ပျိုးထားရှိကြောင်း ၊ စိုက်ပျိုးရာ တွင် တောင်သူမှ ပြောင်းဖူးမျိုးကောင်းမျိုးသန့်စေ့ ၅၀ဝ ဂရမ်ပါ မဟာရွှေ ၁၇၅၉ တစ်ဘူးကို ကျပ် ၃၅၀ဝ၀ ဖြင့် နှစ်ဘူး၊ Miki အဖြူမျိုးအထုပ် ၁၀ ထုပ်၊ တစ်ထုပ်လျှင် ကျပ် ၁၈၀ဝ ဖြင့် ဝယ်ယူစိုက်ပျိုးရသည်။ ဘူးထဲတွင်ပါရှိသော မျိုးစေ့များအားလုံး အောင်မြင်ကြသည်။ ယင်းမျိုးစေ့များကို ရှစ်နာရီကြာ ရေစိမ်ပြီး မျိုးစေ့ ကို ဆယ်ယူကာ စွပ်ကျယ်ဖြင့် နှစ်ရက် ခန့် ထုပ်ထားရသည်။ အစို့လေးများ ထွက်လာချိန်တွင် စတင်စိုက် ပျိုးရသည်။ ပြောင်းဖူးမှာ  အရွယ်အစား ကြီးမားညီညာပြီး ဈေးကွက်အတွင်း ကြိုက်နှစ်သက်ကြသည်။ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိပြီး အဖူးထိပ်ဖက်အထိလုံ၍ တစ်နှစ် ပတ်လုံး စိုက်ပျိုးဖြစ်ထွန်းသည်။ အပင် သန်စွမ်းပြီး အပင်ယိုင်လဲမှုဒဏ် ခံနိုင်ရည်ရှိသည်။ ပြောင်းသားအစေ့အစံ နူးညံ့ပြီး အထားခံကာ အဝေး သယ်ယူခံနိုင်သောကြောင့် ပြောင်းအချို မျိုးကောင်းမျိုးသန့်ဖြစ်သည်။
ပြောင်းစိုက်ပျိုးရာတွင် ဧကဝက်ကို မြောင်း ၁၃ မြောင်းဖော်ပြီး စိုက်ပျိုး၍ တစ်ပင်နှင့် တစ်ပင်ကို ၉ လက်မခွာ၍ စိုက်ရသည်။ မြောင်းတစ်တန်းနှင့် တစ်တန်းကို  ၄ ပေတန်းခြား စိုက်ပျိုးရသည်။ ပြောင်းဖူးပင်ကို  တစ်ပတ်တစ်ခါ ကန်ရေ မှ စက်ဖြင့် ရေတင်၍ ရွှဲရွှဲလောင်းပေးရသည်။ ပြောင်းဖူးပင် အမြင့်မှာ ခြောက်ပေကျော်ခန့်မြင့်သည်။
ဇန်နဝါရီလတွင် ပြောင်းဖူးကို စတင်စိုက်ပျိုးပြီး ဧပြီလတွင် ခူးဆွတ်ရသည်။ တစ်ကြိမ်ခူးဆွတ်လျှင် အဖူးရေ ၄၅၀ မှ ၅၀ဝ  အထိ တစ်နှစ်ပတ်လုံး  ငါးကြိမ်မှ ခြောက်ကြိမ်လောက် ခူးဆွတ်ရရှိကြောင်း သိရှိရသည်။
ပြောင်းဖူးဈေးကွက်အနေဖြင့် သကြားပြောင်းဖူး  သုံးဖူးကို ကျပ် ၁၀ဝ၀ ၊ ပြောင်းအဖြူပြောင်းလေး ဖူးကို ကျပ် ၁၀ဝ၀  ၊ အဖူးချော သုံးဖူးကို ကျပ် ၁၀ဝ၀ နှင့် မြို့တွင်းညနေခင်းဈေးတွင် ကိုယ်တိုင် ရောင်းချကြသည်။ အကျိုးအမြတ် အနေဖြင့် ဧကဝက် ကုန်ကျစရိတ်မှာ  ကျပ် ၂၀ဝ၀ဝ၀  သာကုန်ကျပြီး ကျပ် ၇၀ဝ၀ဝ၀ ခန့်ရရှိကြောင်း ပြောင်းစိုက်တောင်သူထံမှ သိရှိရသည်။        
ရီရီရှန် (ကြို့ပင်ကောက်)