Main menu

Background

ဆေးဖက်ဝင် နဂါးမောက်သီး

Mon, 07/31/2023 - 12:14 -- journal_editor

နဂါးမောက်ပင်ကို အရှေ့တောင်အာရှနိုင်ငံများ အပါ အဝင် အပူပိုင်းဒေသနိုင်ငံများတွင် စိုက်ပျိုးကြသည်။ မြန်မာ နိုင်ငံတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းနှင့် ပုပ္ပါးနယ်များတွင် အဓိကစိုက်ပျိုးကြသည်။ နဂါးမောက်သီး အရသာမှာ ထူးခြားပြီး ကျန်းမာရေးအတွက် အကျိုးပြုကြောင်း သိရှိလာသည်နှင့်အမျှ စိုက်ပျိုးစားသုံးမှုမှာလည်း ပိုမိုမြင့်တက် လာကြောင်း သိရှိရသည်။
နဂါးမောက်ပင်ကို သိပ္ပံအမည်အားဖြင့် Hylocereus cactus ဟုခေါ်ဆိုကြောင်း၊ အင်္ဂလိပ်လို Dragon Fruit  ဟု လည်းခေါ်ဆိုကြောင်း၊ နဂါးမောက်သီးမှာ သံဓာတ်၊ မဂ္ဂနီစီ ယမ်နှင့် အမျှင်ဓာတ် စသည့် အာဟာရဓာတ်များစွာ ပါဝင် ကြောင်းသိရှိရသည်။ နဂါးမောက်သီး ၁၀ဝ ဂရမ်တွင် ပါဝင် သည့် အာဟာရဓာတ်များမှာ ကယ်လိုရီ ၆၀၊ ပရိုတိန်း ၁ ဒသမ ၂ ဂရမ်၊ ကာဘိုဟိုက်ဒရိတ် ၁၃ ဂရမ်၊ အမျှင်ဓာတ် သုံးဂရမ်၊ ဗီတာမင်စီ တစ်နေ့တာလိုအပ်ချက် ၃ ရာခိုင်နှုန်း၊  သံဓာတ် တစ်နေ့တာလိုအပ်ချက် ၄ ရာခိုင်နှုန်း၊  မဂ္ဂနီဆီယမ် တစ်နေ့ တာလိုအပ်ချက် ၁၀  ရာခိုင်နှုန်းပါဝင်ကြောင်း၊  နဂါးမောက် သီးမှာ အမျှင်ဓာတ်နှင့် မဂ္ဂဆီယမ်ပါဝင်မှု များပြားပြီး ကယ်လို ရီပါဝင်မှုမှာ နည်းပါးကြောင်း၊ ထို့ပြင် ဓာတ်တိုးဆန့်ကျင် ပစ္စည်းမျိုးစုံလည်း ပါဝင်ကြောင်း၊ နာတာရှည်ရောဂါများနှင့် အိုမင်းခြင်းတို့ကို ပိုမိုတွန်းအားပေးသည့် ဖရီးရယ်ဒီကယ် များ၏ရန်ကို ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက လျှော့ချပေး နိုင်သည်။ 
နဂါးမောက်သီး၏ ဓာတ်တိုးဆန့်ကျင်  ပစ္စည်းများမှာ ဘီတာလိန်(Betalains)ဖြစ်ပြီး ဘီတာလိန်သည် နဂါးမောက် သီးအသားမှာ အဓိကပါဝင်ပြီး ဓာတ်တိုးဖိစီးမှုကြောင့် မကောင်း သောLDL ကိုလက်စထရော မြင့်မားသည့် အခြေအနေက ကာကွယ်ပေးသည်။ ဟိုက်ဒရိုဆီစင်နမိတ်သည် ကင်ဆာဆဲလ် များ ကြီးထွားမှုကို ဟန့်တားပေးနိုင်သည့် အာနိသင်ရှိသည်။ ဖလေဗာနွိုက်သည်     ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်ပြီး   နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးသည်။ 
နဂါးမောက်သီးတွင် အမျှင်ဓာတ်နှင့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ  ပါဝင်မှုကြောင့် ကျန်းမာရေးအတွက် များစွာ အကျိုးပြုသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် အသား အရေများ  ခြောက်သွေ့ပျက်စီးခြင်းကို  ကာကွယ်ပေးခြင်း၊ အသားအရေကို တင်းရင်းလှပစေမည့် ကော်လဂျင်များ ထွက်လာအောင် လှုံ့ဆော်ပေးခြင်း၊ ကိုယ်အလေးချိန် လျှော့ ချခြင်းနှင့် အသည်းမှာရှိသော အဆီဓာတ်များကို  လျှော့ချ ရာတွင် အထောက်အကူများစွာဖြစ်စေကြောင်း၊ အင်ဆူလင် အာရုံခံအားကို ပိုမိုကောင်းမွန်စေသောကြောင့် သွေးတွင်း သကြားဓာတ်ကို ထိန်းသိမ်းရာတွင် အထောက်အကူ ဖြစ်စေ သည်။ ရောင်ရမ်းမှုများကိုလည်း လျော့ကျစေသည်။ ကိုလက် စထရောကို  ကျဆင်းစေသောကြောင့် သွေးတိုးရောဂါနှင့် အခြားနှလုံးရောဂါနှင့် ပတ်သက်သည့် ရောဂါဖြစ်ပွားနိုင်ခြေ ကိုလည်း လျော့ချစေသည်။
နဂါးမောက်သီးမှာ ပါဝင်သည့် အမျှင်ဓာတ်များသည် အူလမ်းကြောင်းမှ  အကျိုးပြုသည့်  ဘက်တီးရီးယားများကို ပေါက်ပွားသန်စွမ်းစေရန်   အားပေးပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်သည်။ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်ပြီး ရောဂါ ပိုးမွှားများ  အလွယ်တကူဝင်ရောက်ခြင်းမှ  မဖြစ်ရအောင် ကာကွယ်ပေးသည်။
နဂါးမောက်သီးကို  နာတာရှည်ရောဂါ  ခံစားနေရသူ များ၊ အသားအရေ စိုပြည်လှပလိုသူများ၊ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါနှင့်   အစာအိမ်အူလမ်းကြောင်း ပြဿနာရှိသူများ၊ ရွေးချယ်စားသုံးခြင်းသည့်   အသီးအနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။

လှိုင်ဥမ္မာဦး(ပခုက္ကူ)