Main menu

Background

ဇီဝဇိုးငှက်တွေကို ရန်ကုန်မြို့ အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ စီးပွားဖြစ်မွေးမြူလာကြပါတယ်

Fri, 07/17/2026 - 10:50 -- journal_editor

မြန်မာနိုင်ငံ ဇီဝဇိုးငှက်သိုက်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးဇော်မိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

ဇီဝဇိုးငှက်သည် အသိုက်ကို ဂူနံရံများ၊ ကျောက်ဆောင်မြင့်များတွင် ဆောက်လုပ်ပြီးအသိုက်ကို မိမိအန်ဖတ်ဖြင့် ပြုလုပ်လေ့ရှိသည်။ ၎င်းတို့သည် ကျောက်ဆောင်မြင့်များနှင့် ဂူနံရံများတွင် တံတွေးဖြင့် ငှက်သိုက်များ ပြုလုပ်လေ့ရှိပြီး အလွန်အဖိုးတန်သော အာဟာရပြည့်ဝသည့် ငှက်သိုက်များကို ထုတ်လုပ်ပေးသည်။ မြိတ်ကျွန်းစုနှင့် ပင်လယ်ကမ်းစပ်ကျောက်ဂူများတွင် ကျင်လည်ကျက်စားသည့် ယင်းဇီဝဇိုးငှက်များကို ယခုအခါ ရန်ကုန်မြို့အပါအဝင် တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင် စီးပွားဖြစ်မွေးမြူလာကြသည်။ သို့ဖြစ်ရာ စီးပွားဖြစ်မွေးမြူလာကြသည့် ဇီဝဇိုးငှက်အိမ်များ ဆောက်လုပ်မှုလုပ်ငန်းအခြေအနေများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ဇီဝဇိုးငှက်သိုက်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ် အမှုဆောင် ဦးဇော်မိုးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။ 

ကနဦးအနေနဲ့ ဇီဝဇိုးငှက်သိုက်ဖြစ်ပေါ်လာပုံအကြောင်း ပြောပြပေးပါဦး။

ဇီဝဇိုးငှက်သိုက်ဖြစ်ပေါ်လာပုံကတော့ ဇီဝဇိုးငှက်က အရင်တုန်းကတော့ ပင်လယ်ကမ်းစပ်လိုဏ်ဂူထဲမှာနေတာပေါ့။ သူတို့က အန်ဖတ်ကို ပြုလုပ်တယ်။ ဥဥပြီးတော့ အကောင်ပေါက်တယ်။အကောင်ပေါက်ပြီးရင် အသိုက်ကို စွန့်လွှတ်တာပေါ့နော်။နောက် ထပ်ရာသီတွေကျမှ အသိုက်ကိုထပ်ပြီးလုပ်တယ်။ အဲလိုမျိုးလိုဏ်ဂူထဲမှာနေတာကနေပြီးတော့ အလွန်အကျွံထုတ်ယူမှုတွေများတဲ့အတွက် ဒီငှက်တွေကကုန်းတွင်းပိုင်းကို ရောက်ရှိလာပါတယ်။အဲလိုမျိုးဝင်ရောက် လာတဲ့အတွက်အခါကျတော့ မွေးမြူတဲ့သူတွေက အိမ်ဆောက်ပြီးတော့ မွေးမြူပေးကြတယ်။ အခုဆိုရင် ဇီဝဇိုးငှက်တွေကို ရန်ကုန်မြို့အပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ စီးပွားဖြစ်မွေးမြူလာကြပါတယ်။ ရန်ကုန်မြို့မှာတော့ ဇီဝဇိုးငှက်တွေနဲ့ပတ်သက်ပြီး သူ့ရဲ့ ရာသီချိန်ကျမှ ကူးတယ်။ အသိုက်စွန့်မှ လုပ်ဆောင်စရာရှိတာတွေ လုပ်ဆောင်တယ်။ အဲလိုမျိုးတွေ လုပ်ပေးတဲ့အတွက် တစ်ဖက်မှာလည်းပိုပြီးမျိုးပွားလာတာပေါ့။ အဲလိုမျိုးစနစ်တကျလုပ်ဆောင်တဲ့အတွက် ရန်ကုန်မြို့နဲ့ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ငှက်အိမ်တွေကို ဆောက်လုပ်လာကြပါတယ်။ ဇီဝဇိုးငှက်သိုက်လုပ်ငန်းက အရင်တုန်းကတော့ မြိတ်ကမ်းရိုးတန်းဒေသတွေမှာ ထွန်းကားတာပေါ့။ အခုဆိုလို့ရှိရင် တော့ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှာရှိလာနေပါပြီ။ တချို့ကျတော့လည်း မြစ်ကြီးနားဘက်မှာလည်း ရှိလာနေပြီလို့ ပြောပါတယ်။

ဇီဝဇိုးငှက်တွေကို စီးပွားဖြစ်မွေးမြူလာတာနဲ့ပတ်သက်ပြီး ဘယ် လိုမျိုး ဆောင်ရွက်ပေးလျက်ရှိပါသလဲ။ 
လက်ရှိမှာတော့  ရန်ကုန်မြို့မှာ ငှက်အိမ်ဆောက်နေတာတွေ ရှိပါတယ်။ ငှက်အိမ်မှာလည်း ငှက်လာနေအောင် ငှက်ကလေးအသံတွေ၊ မိတ်လိုက်တဲ့အသံတွေကို စပီကာနဲ့တစ်ရက်လုံးဖွင့်ထားပေးရပါတယ်။ သားဖောက်ဖို့ သူတို့အာခေါင်ထဲက အာစေးနဲ့ အသိုက်လုပ်ကြပြီး အကောင်ပေါက်လို့ အသိုက်ကိုစွန့်ခွာသွားတဲ့အခါ ခွာယူရောင်းချကြတာပါ။ ဒီလိုမျိုး စနစ်တကျနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် တာဝန်ခံတွေထားပြီးတော့လုပ်ဆောင်နေပါတယ်။ ပြည်တွင်းမှာလည်း ငှက်အိမ်တွေဆောက်ပြီး ထုတ်လုပ်မှုများတာတွေလည်းရှိတယ်။ တချို့ကျတော့လည်း တစ်နိုင်တစ်ပိုင်နဲ့ လုပ်ဆောင်နေတာတွေလည်းရှိပါတယ်။ အဓိကတော့ တရုတ်ဈေးကွက်ကို တင်ပို့နိုင်ဖို့အတွက် အစိုးရအချင်းချင်း ပူးပေါင်းလုပ်ဆောင်နေတာတွေလည်းရှိပါတယ်။

ငှက်သိုက်ဈေးအခြေအနေလည်း သိပါရစေ။
ငှက်သိုက်ပေါက်ဈေးကတော့ ဈေးကွက်ပေါ်မူတည်ပြီးတော့ အမျိုးမျိုးရှိပါတယ်။ တချို့က ကျပ် ၂၂ သိန်းကနေ ၂၆ သိန်းထိ ပေါက်တာလည်းရှိပါတယ်။ အရည်အသွေးအရမ်းကောင်းတယ်ဆိုလို့ရှိရင်တော့ ကျပ် သိန်း၃၀ ထိ ပေါက်တာလည်းရှိပါတယ်။

မြန်မာနိုင်ငံ ဇီဝဇိုးငှက်သိုက်လုပ်ငန်းရှင်များအသင်းရဲ့ ရည်ရွယ်ချက်အကြောင်း ပြောပြပေးပါဦး။
မြန်မာနိုင်ငံ ဇီဝဇိုးငှက်သိုက် လုပ်ငန်းရှင်များအသင်းကို မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ လက်အောက်မှာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလက ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။ အသင်းဝင်များအတွက် ဇီဝဇိုးငှက်မွေးမြူရေးဆိုင်ရာ ငှက်အိမ်ဒီဇိုင်း၊ ငှက်ခေါ်သံ၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းနည်းပညာများ ဖြန့်ဝေပေးနိုင်ရန်၊ အသင်းဝင်လုပ်ငန်းရှင်များအချင်းချင်း ပူးပေါင်းညိနှိုင်း၍ တွေ့ကြုံရသော အခက်အခဲများအတွက် သင့်လျော်သောဖြေရှင်း နည်းများကို ဖော်ထုတ်ရန်၊ ဇီဝဇိုးငှက်တွေကို ထိန်းသိမ်းစောင့်ရှောက်ရေး၊  ဇီဝဇိုးလုံခြုံရေးကိစ္စရပ်များမှာ လုပ်ထုံးလုပ်နည်းစည်းကမ်းသတ်မှတ်ချက်တွေ ရေးဆွဲထုတ်ပြန်နိုင်ရေးအတွက် သစ်တောဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့နဲ့ ညှိနှိုင်းဆွေးနွေးရန်၊ ဇီဝဇိုးငှက်တွေကို ကာကွယ်စောင့်ရှောက်သောအားဖြင့် ငှက်သိုက်အတွင်း ငှက်ဥနဲ့ ငှက်သားပေါက်တွေ မရှိတော့သည့်အချိန်ရောက်မှသာ ငှက်သိုက်ကို ခွာယူတဲ့ ကျင့်ဝတ်ကို လိုက်နာစေရေး ပညာပေးဆောင်ရွက်ရန်၊ ဇီဝဇိုးငှက်များ ကျက်စားနေ ထိုင်သော အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ မလေးရှား၊ အင်ဒို နီးရှား၊ ထိုင်း၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ဇီဝဇိုးငှက်သိုက်လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနဲ့အဆက်အသွယ်ရယူပြီး နည်းပညာဖလှယ်ခြင်းများ ဆောင်ရွက်ရန်၊ ပြည်တွင်းထွက်ငှက်သိုက်များကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပြည်ပသို့တင်ပို့ရန် ဖြစ်ပါတယ်။

အသင်းအနေနဲ့ တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်တွေအတွက် ဘယ်လိုမျိုး ကူညီပံ့ပိုးပေးလျက်ရှိပါသလဲ။ 
ကျွန်တော်တို့ မြန်မာနိုင်ငံ ဇီဝဇိုးငှက်သိုက်လုပ်ငန်းရှင်များအသင်းအနေနဲ့လည်း လုပ်ငန်းလုပ်ကိုင်နေသူတွေကိုနည်းပညာတွေ ဖြန့်ဝေပေးပါတယ်။ ငှက်အိမ်ဆောက်ခြင်း၊ အသံပိုင်းဆိုင်ရာ ဆောက်ခြင်းတွေ၊ ဘယ်နေရာမှာ ဘယ်လိုထားသိုရမလဲဆိုတာတွေကအစ နည်းပညာတွေဖြန့်ဝေပေးပါတယ်။ဒီလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေအနေနဲ့လည်း အကူအညီတစ်စုံတစ်ရာ လိုအပ်တယ်ဆိုလို့ ရှိရင် ကျွန်တော်တို့အသင်းဆီကို ဆက်သွယ်ပြီးတော့ အကူအညီ တောင်းခံနိုင်ပါတယ်။ ကျွန်တော်တို့ကနေပြီးတော့ သေချာရှင်းပြပြီး ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဖြည့်စွက်ပြောချင်တာများရှိပါသလား။ 
ကျွန်တော်တို့အနေနဲ့ကတော့ ဖြစ်နိုင်မယ်ဆိုရင် ရှေ့ဆက်ပြီးတော့ အရှေ့တောင်အာရှက နိုင်ငံဈေးကွက်တွေထိ ထိုးဖောက်သွားချင်ပါတယ်။ လူတိုင်းလိုလို ငှက်အိမ်ဆောက်နိုင်မယ်ဆိုရင် နိုင်ငံခြားငွေအများကြီးရရှိလာစေမှာဖြစ်ပါတယ်။ ဇီဝဇိုးငှက် သိုက်လုပ်ငန်းနဲ့ ပတ်သက်ပြီး နိုင်ငံခြား ဝင်ငွေပိုမိုတိုးပွားရရှိစေဖို့၊ တရုတ်ဈေးကွက်ကို တင်ပို့နိုင်ဖို့အတွက် ဆက်လက်ပြီးတော့ ကြိုး စားနေတဲ့အဆင့်မှာရှိကြောင်း ပြောကြားလိုပါတယ်။