မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိနပ်လုပ်ငန်းရှင်များဗဟိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကံညွန့်နှင့် တွေ့ဆုံမေးမြန်းခြင်း
လက်ရှိပြည်တွင်းထုတ်ဖိနပ်လုပ်ငန်းများသည် ပြည်တွင်းတွင်ထွက်ရှိသော ရော်ဘာနှင့် ကုန်ကြမ်း ၈၅ ရာခိုင်နှုန်းကို အသုံးချ၍ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပြီး ဖိနပ်လုပ်ငန်းများပိုမိုတိုးတက်ဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိနပ်လုပ်ငန်းရှင်များဗဟိုအဖွဲ့ချုပ်အပါအဝင် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ရာပြည်တွင်းဖိနပ်လုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး မည်သို့ဆောင်ရွက်လျက်ရှိသည်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိနပ်လုပ်ငန်းရှင်များဗဟိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကံညွန့်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။
လက်ရှိ ပြည်တွင်းဖိနပ်လုပ်ငန်းဈေးကွက် အခြေအနေလေး ပြောပြပေးပါဦး။
မြန်မာနိုင်ငံမှာ အသက်သုံးနှစ်အရွယ်ကနေစပြီးတော့ ကွယ်လွန်သည့်အချိန်အထိ လူတိုင်းဖိနပ်စီးကြပါတယ်။အမျိုးသား/အမျိုးသမီး ၊ ကလေးသူငယ်တွေ စသဖြင့် လူတိုင်း ဖိနပ်စီးကြပါတယ်။ နေပူရင်ဦးထုပ်ဆောင်းရပါတယ်။မိုးရွာရင် မိုးကာအင်္ကျီဝတ်ဆင်ရပါတယ်။ ဆောင်းရာသီဆို အေးရင်အနွေးထည်ဝတ်ရပါတယ်။ နွေ၊ မိုး၊ ဆောင်း ဥတုရာသီသုံးခုစလုံးမှာ ဖိနပ်မစီးလို့တော့မရပါဘူး။ လက်ရှိမှာ တစ်နိုင်ငံလုံးရဲ့ ဖိနပ်စီးလိုအား ဝယ်လိုအားကအားရစရာကောင်းနေပေမယ့် ပြည်တွင်းမှာ ဖိနပ်ဝယ်လိုအားရဲ့ ၂၅ ရာခိုင်နှုန်းသာ ထုတ်လုပ်နိုင်ပါသေးတယ်။ဖိနပ်ထုတ်လုပ်ရာမှာတော့ ပြည်တွင်းမှာရှိတဲ့ ကုန်ကြမ်း ၈၅ ရာခိုင်နှုန်းနဲ့ နိုင်ငံခြားကနေတင်သွင်းရတဲ့ ကုန်ကြမ်း ၁၅ ရာခိုင်နှုန်းကို ပေါင်းစပ်အသုံးပြုနေရတာဖြစ်ပါတယ်။
ပြည်တွင်းဖိနပ်လုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်လိုမျိုးကြိုးပမ်းဆောင်ရွက်လျက်ရှိပါသလဲ။
ဖိနပ်ဈေးကွက်မှာ ပြည်တွင်းလုပ်ငန်းရှင်တွေကနေ ရောင်းချနိုင်စွမ်း နည်းပါးနေပါသေးတယ်။ အဲဒီအတွက် ပြည်တွင်းဝယ်လိုအား ပြည်တွင်းထုတ်ကုန်တွေပိုမိုထုတ်လုပ်နိုင်ဖို့ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ထားပြီးဖြစ်ပါတယ်။ ပြည်တွင်းမှာ ပိုမိုထုတ်လုပ်နိုင်ဖို့အတွက် ဖိနပ်ဒီဇိုင်းပုံစံတွေ ဆန်းသစ်ခိုင်ခံ့ဖို့နဲ့ ဖြန့်ဖြူးအား ပိုမိုကောင်းမွန်ဖို့ ဆောင်ရွက်သွားမှာပါ။ ဒါနဲ့ပတ်သက်ပြီး ပြည်တွင်းဖိနပ်လုပ်ငန်းရှင်တွေ၊ ပြည်တွင်းဖိနပ်စီးနင်းသူတွေထံကို ပိုမိုထုတ်လုပ်တင်ပို့နိုင်ဖို့ဆိုတဲ့နေရာမှာ နေရာအခက်အခဲတွေတော့ရှိပါတယ်။ အဲဒါကြောင့်မို့ ဖိနပ်လုပ်ငန်းနဲ့ပတ်သက်ပြီး စက်မှုရပ်ကွက်လေးတစ်ခုဖော်ဆောင်ဖို့ ကြိုးပမ်းနေတာကြာပါပြီ။ အခု ဖိနပ်လုပ်ငန်းကဏ္ဍနဲ့ ပတ်သက်ပြီး စက်မှုရပ်ကွက်လေးတစ်ခု ဖော်ဆောင်ပေးဖို့ တွံတေးမြို့နယ်မှာ စီစဉ်ထားရှိတယ်လို့ သိရပါတယ်။ ဒီလိုမျိုး ဖြစ်ပေါ်လာခဲ့မယ်ဆိုရင် လုပ်ငန်းတွေအနေနဲ့ နေ့ရောညပါ လွတ်လပ်စွာထုတ်လုပ်နိုင်မှာဖြစ်တဲ့အတွက် လက်ရှိ ၂၅ ရာခိုင်နှုန်းသာ ထုတ်လုပ်နိုင်ရာကနေပြီးတော့ ခြောက်လအတွင်း ၅၀ ရာခိုင်နှုန်းကနေ နောက်ထပ်ခြောက်လအတွင်း ၇၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ဖိနပ်ဆိုတဲ့နေရာမှာ ကိုယ်ပိုင်တံဆိပ်တွေရှိတယ်။ တံဆိပ်ပေါင်း သိန်းနဲ့ချီပြီးရှိပါလိမ့်မယ်။ ကိုယ်ပိုင်တံဆိပ်ရိုက်ပြီး ထုတ်လုပ်လိုက်တဲ့ဖိနပ်ကို အကောင်းဆုံးဖြစ်အောင် တန်ဖိုးထားပြီးထုတ်လုပ်ဖို့ လိုအပ်ပါတယ်။ အဓိကတော့ ခိုင်ခံ့မှုရယ်၊ သေသပ်မှုရယ်၊ စေတနာပါမှုရယ်။ ကိုယ့်ဖိနပ်ကို ဝယ်စီးပြီးတော့ တစ်ခဏအတွင်း မရှိတဲ့သူတွေအနေနဲ့ ပြတ်တောက်သွားမယ်ဆိုရင် ဝယ်တဲ့သူအတွက်လည်း မကောင်းသလို ကိုယ့်တံဆိပ်လည်းကျဆင်းတယ်။အဲဒီတော့ လုပ်ငန်းရှင်တွေအားလုံးကို ဆိုင်တွေမှာတင်တဲ့အခါကျရင် အာမခံချက်ပေးရမယ်။ မပေးလို့မဖြစ်ဘူး။ ဖိနပ်တစ်ရန်ကို ဝယ်ပြီးစီးလိုက် ရင် နှစ်လခံပါ့မယ်ဆိုတဲ့ အာမခံ ချက်ပေါ့။ နှစ်လအတွင်း ပျက်ရင် အသစ်တစ်ရန် ပြန်လဲလှယ်ပေးရမယ်။ အဲဒီပုံစံမျိုးနဲ့ မြှင့်တင်ဖို့ အတွက် ကြိုးစားသွားပါမယ်။
လက်ရှိမှာ ပြည်တွင်းဝယ်လိုအား ပြည့်မီရေးအတွက် ဘယ်လိုမျိုးကြိုးပမ်းဆောင်ရွက်လျက်ရှိပါသလဲ။
ပြည်တွင်းမှာ ဝယ်လိုအားပြည့်မီအောင်ထုတ်လုပ်တဲ့နေရာမှာ နေရာကဏ္ဍနဲ့ပတ်သက်ပြီးလိုအပ်လျက်ရှိပါတယ်။ ဖိနပ်လုပ်ငန်းလုပ်ကိုင်တဲ့သူတွေဟာ လူနေရပ်ကွက်တွေအတွင်းမှာသာလုပ်ကိုင်နေရတဲ့အတွက် ညလုံးပေါက်အလုပ်လုပ်ကိုင်ရတာတွေကြောင့် အဆင်မပြေမှုတွေရှိနေပါတယ်။ အထူးသဖြင့် တော်သလင်းလဲ။ သီတင်းကျွတ်၊ နတ်တော်လတွေမှာ အော်ဒါတွေအလွန်များပြားပါတယ်။ အဲဒီလိုမျိုးမနိုင်မနင်းဖြစ်ပေမယ့်နေရာအခက်အခဲရှိတဲ့အတွက် နေ့ရောညပါ အားသွန်ခွန်စိုက်မထုတ်လုပ်နိုင်ကြတာဖြစ်ပါတယ်။ ဒီဖိနပ်လုပ်ငန်းဟာ ကျောင်းတက်ရင်းဖြစ်စေ၊ ရုံးဆင်းရုံးတက်ရင်းဖြစ်စေ၊ အိမ်တွင်းမှုလုပ်ငန်းဖြစ်စေ အားလပ်ချိန်ပေါ်မူတည်ပြီးတော့ မိမိချုပ်နိုင်တဲ့ပမာဏအလိုက် ဝင်ငွေရှာဖွေနိုင်တဲ့ အိမ်တွင်းမှုလုပ်ငန်းတစ်ခုဖြစ်ပါ တယ်။ ပြီးတော့ ဖိနပ်လုပ်ငန်းဟာ ပြည်တွင်းကနေထွက်ရှိတဲ့ ဖိနပ်သဲကြိုးပြုလုပ်တဲ့ နေရာမှာ အသုံးပြုတဲ့ ဖျင်စနဲ့ စွန့်ပစ်အိတ်ခွံတွေအဓိကထားသုံးစွဲရလျက်ရှိပြီးတော့စွန့်ပစ်ပစ္စည်းလုံးဝမရှိသလောက်ဖြစ်တဲ့ Zero Waste လုပ်ငန်းဖြစ်ပြီး ပြန်လည်အသုံးပြု ခြင်း (Recycle) စနစ်ကို ကျင့်သုံးပါတယ်။ ရော်ဘာ (Rubber) အစအနတွေတောင်မှ အညံ့ဆုံး ရော်ဘာစေးသို့မဟုတ် ရော်ဘာပင်ကိုခြစ်ချရာကနေ အောက်ကိုပြုတ်ကျကျန်ခဲ့တဲ့ ရော်ဘာအမှိုက်စတွေတောင်မှ ဖိနပ်အောက်ခံနဲ့ ဖိုက်ဘာ (Fiber) တွေပြုလုပ်ရာမှာကွဲကြိတ်ပြီး ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဖိနပ်လုပ်ငန်းတွေဟာ တစ်နေရာစီပြန့်ကျဲနေပြီးတော့ လုပ်ငန်းပိုမိုတိုးတက်ဖို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဈေးကွက်ထဲမှာရော ဘယ်လိုဖိနပ်ဒီဇိုင်းတွေက လူကြိုက်များနေပါသလဲ။
အမှန်ကတော့ awareness ပေးဖို့လိုအပ်ပါတယ်။ဖိနပ်တော်တော်များများကတော့ ပြည်တွင်းကနေထွက်တာပါ။ အဲဒါကို နိုင်ငံခြားတံဆိပ်ကပ်ပြီး ပြန်လည်ရောင်းချတာပေါ့။နောက်ဆိုရင်တော့ Made in Myanmarဆိုပြီးတော့ ရောင်း ချသွားဖို့ရှိပါတယ်။ ဒါကလည်း ပြည်သူတွေက အားပေးဖို့လိုအပ်သလို မြန်မာဆိုတာကို ဂုဏ်ယူပြီးတော့ ဝတ်ဆင်ဖို့လည်း လိုအပ်ပါတယ်။
ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။
ဖိနပ်လုပ်ငန်းကဏ္ဍနဲ့ပတ်သက်ပြီး ပြည်တွင်းထုတ်လုပ်မှု အားကောင်းလာမယ်ဆိုရင်တော့ နိုင်ငံခြားအထိပို့ကုန် (Export) အနေနဲ့ပို့ဆောင်နိုင်တဲ့အထိမျှော်မှန်းထားပါတယ်။ အရင်လမ်းပန်းဆက်သွယ်ရေးကောင်းတုန်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖိနပ်တွေအများကြီးတင်ပို့ခဲ့ဖူးပါတယ်။ ဒါကြောင့်မို့ ပြည်တွင်းဖိနပ်လုပ်ငန်းရှင်တွေအနေနဲ့ ဖိနပ်လုပ်ငန်းပိုမိုတိုးတက်အောင် ထုတ်လုပ်မယ်ဆိုရင် လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေပိုမိုရရှိလာမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
တိဗ္ဗ
