Background
ပဲတီစိမ်းတင်ပို့မှုကတော့ ယခုတစ်ပတ်မှာလည်း ဆက်လက်လျော့ကျနေပါတယ်။ နိုဝင်ဘာလ ၇ ရက်မှ ၁၁ ရက်အတွင်း တန်ချိန် တစ်ထောင်ကျော်သာ တင်ပို့မှုရှိခဲ့ပါတယ်။ အိန္ဒိယမှာရော တရုတ်မှာပါ ပဲတီစိမ်းအသစ် တွေ ထွက်နေတဲ့အတွက် အဝယ်လျော့သွားလို့ တင်ပို့မှုလျော့ကျခြင်းဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာ ၁၁ ရက်အထိ ပဲတီစိမ်းတန်ချိန် ၂၀၆၀၀၀ ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၉၉ သန်းကျော်ဖိုး တင်ပို့ပြီးဖြစ်ကြောင်းနဲ့ ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၁၅၄၀၀၀ ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၈၃ သန်းကျော်ဖိုး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ လာမယ့်သီတင်းပတ် ပဲတီစိမ်း တင်ပို့မှုကလည်း ပမာဏ နည်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT(MAPT)
ပြည်မြို့မှ ပဲကုန်သည်တွေရဲ့ လက်ဝယ် အနည်းငယ်ကျန်ရှိနေသေး တဲ့ ပဲလွန်းဖြူဈေးမှာ တစ်တင်းကို ၂၀၀၀၀ ကျပ်နဲ့ ဈေးမြင့်အရောင်း အဝယ်ဖြစ်လာခဲ့တာကို တွေ့ရပါတယ်။ ပဲလွန်းဖြူဈေးမှာ ယခင်တစ်ပတ်နဲ့ ယှဉ်ရင် ဈေးမြင့်နေပြီး အရောင်း အဝယ်ကတော့ လက်လီသမားများ သာ ရှိတယ်လို့ သိရပါတယ်။ မိမိအေး
မုံရွာဒေသဝန်းကျင်မှာစိုက်ပျိုးရေး အနည်းဆုံး ပဲဖြစ်တဲ့ ပဲလွန်းဖြူဟာ မုံရွာ ကုန်စည်ဒိုင် ပဲဈေးကွက်မှာ ပေါ်တစ်ခါပျောက်တလှည့် ဖြစ်ခဲ့တာတွေ့ရပါတယ်။ တရုတ်ဝယ်လက်နဲ့ အခြား Export ဝယ်လက်ရှိခဲ့လို့၊ မနှစ်က ဖေဖော် ဝါရီလကုန်မှာ တစ်တင်း ၂၃၀၀၀ ကျပ် နဲ့ ဈေးကွက်ပိတ်ခဲ့သလို ပစ္စည်းလက် ကျန်လည်းမရှိလို့ ၉ လနီးပါး၊ မုံရွာကုန်စည်ဒိုင်မှာ ဈေးမဖွင့်နိုင်တာတွေ့ရပါတယ်။ ယခုတစ်ပတ်မှာတော့ မြောင် နယ်က ပဲလွန်းဖြူအသစ်ဒိုင်မှာ အနည်း ငယ်စဝင်လာပြီး၊ Export အလား အလာ ရှိလို့ တစ်တင်း ၂၅၀၀၀ ကျပ်နဲ့ ဈေးဖွင့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုမှာ ယခုတစ်ပတ် တောင်ကိုရီး ယားကို တန် ၄၀ သာ တင်ပို့ခဲ့ပါတယ်။ ပိတ်ရက်များရှိခြင်းနဲ့ လက်ကျန်နည်း ခြင်းတို့ကြောင့် တင်ပို့မှု လျော့ကျခဲ့ပေမဲ့ ရန်ကုန် FOB ဈေးကွက်မှာ အရောင်း အဝယ်ဖြစ်မှုက ယခင်တစ်ပတ်ထက် ပိုလာ ပါတယ်။ FOB ဈေးကွက်မှာ နိုဝင်ဘာလ ၁၂ ရက်မှ ၁၈ ရက်အတွင်း ပဲလွန်းဖြူ တန်ချိန် ၂၃၀ ခန့် အရောင်းအဝယ် စာချုပ်နိုင်ခဲ့လို့ ယခင်တစ်ပတ် အရောင်းအဝယ်ဖြစ်တဲ့ တန် ၁၉၀ ထက်ပိုမိုလာခဲ့ပါတယ်။ဝယ်လိုအားရှိတဲ့ ပဲဖြစ်လို့ အခြားပဲဈေးတွေ လျော့ကျပေမဲ့ ပဲလွန်းဖြူ FOB ဈေးကတော့ နိုဝင်ဘာလ ၁၈ ရက် မှာလည်း FAQ တစ်တန် ကန်ဒေါ်လာ ၇၉၀-၈၁၀၊ SQ တစ်တန် ကန်ဒေါ်လာ ၉၀၀-၉၂၀ နဲ့ ငြိမ်နေပါတယ်။ MIRT(MAPT)
မုံရွာကုန်စည်ဒိုင်၊ နိုဝင်ဘာလဝက် ပဲစင်းငုံနီဈေးကွက်အနေနဲ့ မန္တလေး၊ရန်ကုန် အဆွဲနဲ့ ဒေသခံကုန်သည် အချင်းချင်း အဝယ်အရောင်းဖြစ်ခဲ့ပေမဲ့ ဈေးကတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်ကထက် တစ်တင်း ၇၀၀ ကျပ်ခန့် ကျသွားခဲ့ပါတယ်။ မုံရွာကုန်သည်တချို့ အရင်ကလို ရန်ကုန်အဝယ်တော်အဖြစ် ဝယ်ယူမှုနည်းပါးခဲ့ပြီး၊ ရန်ကုန် ဈေးကွက်ကို တိုက်ရိုက်ပစ္စည်း တင်ရောင်းမှုရှိခဲ့တယ်လို့ကုန်သည်ရပ်ဝန်းက ကြားသိရပါတယ်။ လာမဲ့ ဒီဇင်ဘာလကုန်ပိုင်းခန့်မှာ ဒေသက ပဲစင်းငုံနီအသစ်တွေ ပေါ်တော့မှာမို့ ဖောက်သည်တောင်သူတွေကို မိတ်မပျက် စေဖို့ ပဲဟောင်းထုတ် ရောင်းခြင်းဖြစ်တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ဒီတစ်ပတ် ပဲစင်းငုံနီပေါက်ဈေး အနေနဲ့ တစ်တင်းအနိမ့်ဆုံး ၁၂၈၀၀ ကျပ်မှ အမြင့်ဆုံး ၁၃၇၀၀ ကျပ်ဖြစ်ပေါ်ခဲ့ပြီး၊ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် အိတ် ၁၀၀၀ မှ ၁၈၀၀ အတွင်း အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့သိရပါတယ်။ မန္တလေးကို တင်း ၂၀၀၀ ခန့်နဲ့ ရန်ကုန်ကို တင်း ၄၀၀၀ ခန့် တင်ပု့ိခဲ့ကြောင်း ဈေးကွက်ကဆိုပါတယ်။ ထွန်းလှိုင်
အိန္ဒိယပြည်တွင်းဈေးကွက်အချို့မှာ အဝယ်ရှိလို့ ဈေးတည်ငြိမ်ပေမဲ့ အချို့ဈေးကွက်တွေမှာတော့ လှောင်လက်များထုတ်ရောင်းမှုရှိလို့ ဈေးလျော့ကျပါတယ်။ ဟာရာနာမှ ပဲစင်းငုံများမှာ ပျက်စီးတဲ့ပဲ ၁၃-၁၄ ရာခိုင်နှုန်းပါဝင်တဲ့အတွက် ဈေးကျဆင်းတယ်လို့ သိရပါတယ်။ ပဲခွဲစက်တွေက ဝယ်လိုအားနည်းပြီး ပဲ အသစ် များ ဝင်ရောက်မှု စတင်နေပြီဖြစ်လို့ နောက် ၄ ရက်ခန့်အတွင်း ဈေးထပ်မံ ကျဆင်း နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်း ယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၁၇-၁၁-၁၁ ၁၆-၁၁-၁၁ ၁၅-၁၁-၁၁ ၁၄-၁၁-၁၁မွန်ဘိုင်း ၆၄၇ ၆၄၈ ၆၄၇ ၆၅၅ဒေလီ ၆၉၇-၇၀၇ ၆၉၇-၇၀၇ ၇၀၂-၇၁၂ ၆၈၂ချန်နိုင်း ၆၃၃ ၆၃၃ ၆၃၃-၆၃၇ -MIRT(MAPT)
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အရောင်း အဝယ်သွက်နေတဲ့ ပဲစင်းငုံဟာ ယခုတစ်ပတ် (နိုဝင်ဘာလ ၁၂-၁၈ရက်) အတွင်းမှာ တန်ချိန် ၁၂၀၀၀ ကျော် အရောင်းအဝယ် စာချုပ်နိုင်တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ပိုဖြစ်တာကတော့ ပဲစင်းငုံနီ ဖြစ်ပါတယ်။ အိန္ဒိယက ဝယ်ယူနေတဲ့ အာဖရိက ပဲစင်းငုံများဟာ ယခုနှစ်မှာ အရည်အသွေးနိမ့်ကျမှု ရှိတဲ့အတွက် အရည်အသွေးကောင်းတဲ့ မြန်မာပဲစင်းငုံကို အဝယ်လိုက်လာနိုင်တယ်လို့ ကုန်သည် တချို့က ခန့်မှန်းကြပါတယ်။ ပြည်တွင်းပဲစင်းငုံများလည်း ဒီဇင်ဘာလ၁၅ ရက်ခန့်မှာ ဈေးကွက်အတွင်း ဝင်လာနိုင်တယ်လို့ သိရပါတယ်။ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပေမဲ့ အခြားပဲဈေးကျဆင်းခြင်းနဲ့အတူ ပဲစင်းငုံ FOB ဈေးလည်းအနည်းငယ်လျော့ကျခဲ့ပါ တယ်။ ဒေါ်လာ/တန် ပဲစင်းငုံနီ ဖြူနီ ငုံနီ(အဟောင်း)၁၈-၁၁-၁၁ ၅၆၀-၅၈၀ ၄၆၀-၄၈၀ ၅၅၀-၅၇၀၁၁-၁၁-၁၁ ၅၈၀-၆၀၀ ၄၈၀-၅၀၀ ၅၇၀-၅၉၀MIRT(MAPT)
ယခင်သီတင်းပတ်က ပဲစင်းငုံတင်ပို့မှု တန်ချိန် တစ်သောင်းခန့်ရှိခဲ့ရာမှ ယခုသီတင်းပတ် (နိုဝင်ဘာလ ၇ ရက်မှ ၁၁ ရက်) အတွင်းမှာတော့ တန်ချိန် ၂၇၀၀ ခန့်ကို ပြန်လည်ကျဆင်းလာခဲ့ပါတယ်။ တစ်ပတ်အတွင်း ပိတ်ရက်များရှိနေ ခြင်းကြောင့်လည်း တင်ပို့မှု ကျဆင်းလာခြင်းဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ ဘဏ္ဍာ နှစ် ၂၀၁၁-၂၀၁၂ ရဲ့ နိုဝင်ဘာ ၁၁ ရက်အထိ ပဲစင်းငုံစုစုပေါင်း တင်ပို့မှုတန် ချိန် ၁၄၅၀၀၀ ကျော်နဲ့ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၉၁ သန်းကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာတန်ချိန် ၆၆၀၀၀ ခန့်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆၃ သန်းကျော်ရှိလို့ ယခုနှစ်မှာ ပမာဏအားဖြင့် တစ်ဆကျော်ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ လက်ရှိအရောင်းအဝယ်ဖြစ်မှုအရ လာမယ့်သီတင်းပတ်မှာ တင်ပို့မှု ပိုမိုဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT(MAPT)
ပြည်ပဈေးကွက်ဝင်ဖြစ်တဲ့ ဆောင်းသီးနှံမတ်ပဲကို ဟင်္သာတခရိုင်အတွင်း၊ မြို့နယ်အားလုံးမှာ စိုက်ပျိုးကြ ပါတယ်။ နိုဝင်ဘာလ ဒုတိယပတ်အထိ လျာထား ဧက ၄ ဒသမ ၀၇ သိန်းတွင် ဧက သုည ဒသမ ၃ သိန်းကျော်ခန့် စိုက်ပျိုးပြီးကြောင်း သိရပါတယ်။ ယခင်အပတ်က မတ်ပဲဈေးတစ်တင်း ၁၆၃၀၀ ကျပ်ဈေးရှိခဲ့ပြီး၊ ယခုတစ်ပတ်မှာ မတ်ပဲဈေးတစ်တင်း ၁၅၆၀၀ ကျပ်နဲ့ ဈေးဆက်အေးနေကြောင်း သိရပါတယ်။ မတ်ပဲလက်ကျန်လည်းနည်း၊ ရန်ကုန်ဝယ်လက်အဝယ်နည်းနေပြီး၊ တင်ပို့မှုလည်းနည်းပါးလာပါတယ်။ ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်ကို ယခု တစ်ပတ် အတွင်း တစ်တင်းခွဲဝင်အိတ် ၄၀၀၀ ခန့်တင်ပို့တယ်လု့ိ သိရပါတယ်။ အေးအေးခိုင်
အိန္ဒိယပြည်တွင်းပဲထုတ်လုပ်တဲ့ ဥတ္တရာပရာဒေ့ရှ်၊ မဒ္ဒရာပရာဒေ့ရှ်နဲ့ မဟာရပ်ရှတရာတို့မှ ပဲဝင်ရောက်မှု ဆက်လက်ရှိနေပြီး ပြုပြင်ပြီး ပဲခွဲခြမ်းလည်း ဝယ်လို အားနည်းတာကြောင့် မတ်ပဲဈေး ဆက်လက် လျော့ကျခဲ့ပါတယ်။ ဒါပေမဲ့ မတ်ပဲ ထွက်ရှိမှုလျော့ကျပြီး လာမယ့်ရက်တွေမှာ ပဲအဝင်နည်းလာ တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လှောင်လက်များမှ အဝယ်သွက်လာနိုင်တဲ့အတွက် နောက် ပိုင်းရက်တွေမှာ ဈေးတည်ငြိမ်လာနိုင်တယ်လို့ ခန့်မှန်းကြ ပါတယ်။ ဈေးကွက် အတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၁၇-၁၁-၁၁ ၁၆-၁၁-၁၁ ၁၅-၁၁-၁၁ ၁၄-၁၁-၁၁မွန်ဘိုင်း ၆၈၂ ၆၈၂ ၆၈၂ ၆၉၀ဒေလီ ၄၃၅-၅၇၃ ၄၃၅-၅၇၄ ၄၃၅-၅၇၃ -ချန်နိုင်း ၇၁၂ ၇၁၂ ၇၃၁ ၇၄၀MIRT(MAPT)
