Background
နယ်အဝင်သွက်သလို မန်းအဆွဲသွက်တဲ့ မုံရွာကြက်သွန်နီ မုံရွာနယ်မှာ ဝါခေါင်မိုးက ရက်ခြားရွာနေသလို မိုးဓာတ်ကြောင့် ကြက်သွန်တွေ အညှောင့်ပေါက်လာမှာ စိုးတဲ့အတွက် တောင်သူတွေ ပွဲရုံကို အရောင်းသွက်ခဲ့တာ တွေ့ရပါတယ်။ တစ်နေ့လျှင် အချိန်တစ်သောင်း ဝန်းကျင် ပွဲရုံမှာ အဝင်ရှိခဲ့သလို ဒီလထဲမှာ မန်းအဆွဲကလည်း တစ်နေ့ပိဿာတစ် သောင်းကျော် စီးထွက်ခဲ့တာ တွေ့ရပါတယ်။ ဈေးကွက်အနေ နဲ့ ဒိုင်သိမ်းဈေး အသေး ၄ဝဝ ကျပ် - အလတ် ၄၅ဝ ကျပ်၊ အကြီး ၅ဝဝ ကျပ်နဲ့ ရှယ် ၅၅ဝ ကျပ် အသီးသီး တစ်ပိဿာ ဈေးပေါက်ခဲ့ပြီး၊ လက်ကားရောင်းဈေးကတော့ ရှယ် ၆ဝဝ ကျပ်၊ အကြီး ၅၂၅ ကျပ်၊ အလတ် ၄၇၅ ကျပ်နဲ့ အသေး ၄၅ဝ ကျပ် အသီးသီးအဝယ်သွက်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ကျန် အားဖြင့် မုံရွာခရိုင်ထဲက တောင်သူတွေထံမှာ ပိဿာသိန်း၂ဝ ခန့်နဲ့ ကုန်သည်တွေထံမှာ ၅ သိန်းခန့် ကျန်ရှိနိုင်တယ်လို့ ကြက်သွန်ပွဲရုံ ရပ်ကွက်က ကြားသိရပါတယ်။ သြဂုတ်လ ၁ ရက်ကနေ ၂၅ ရက်နေ့ထိ မန္တလေးကို ပိဿာ ၂ ဒသမ ၅ သိန်းခန့်နဲ့ ရန်ကုန်ကို ပိဿာ ၅ သောင်း ခန့် စီးထွက်ခဲ့ကြောင်း ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်
အိန္ဒိယနနွင်းဈေး အကျဘက်ဆက်ဆင်းဖွယ်ရှိ အိန္ဒိယနိုင်ငံတောင်ပိုင်းပြည်နယ်များမှာ နနွင်းစိုက်ပျိုးမှု တိုးတက်နေတဲ့သတင်းများအရ နနွင်းဈေးနှုန်း အကျဘက်ရှိ နေဦးမှာဖြစ်ပါတယ်။ နနွင်းရောင်းချသူများဟာ နနွင်းအထွက်ပိုမိုမြင့်တက်မယ့် ခန့်မှန်းချက်တွေက ဈေးကျဖို့ဖြစ်စေတာမို့ ၎င်းတို့လက်ကျန်များ ရှင်းထုတ်လာဖွယ်ရှိပါတယ်။ ဒါပေမဲ့ ပြည်ပအမှာအော်ဒါများအရ ဈေးအနိမ့်နဲ့ ဝယ်ယူနိုင်ခြင်းကတော့ ဈေးနှုန်းကိုအထောက်အပံ့ဖြစ်စေနိုင်တယ်လို့ ကုန်သည်များကဆိုပါတယ်။ နနွင်းထွက်ရှိမှုဟာ ၂ဝ၁ဝ-၁၁ အတွင်း အိတ် ၆၉ သိန်းထွက်ရှိခဲ့ရာမှ ယခုနှစ်မှာ အိတ်ပေါင်း ၈၂ သိန်း ထိ မြင့်တက်နိုင် တယ်လို့ခန့်မှန်းထားပါတယ်။ ပြည်တွင်းလှောင်လက်များမှာ နနွင်းလက်ကျန်အလုံအလောက် ရှိနေတဲ့အတွက် သြဂုတ်လကုန်ထိ ကာလတိုအတွင်း ဈေးနှုန်းဟာ ပြည်တွင်း၊ ပြည်ပဝယ်လက်တွေရဲ့ ဝယ်လို အားပေါ်မူတည် နေတယ်လို့ ဆိုပါတယ်။ ကာလလတ် နဲ့ ကာလရှည်အတွင်းမှာတော့ နနွင်းစိုက်ပျိုးမှုတိုးတက်ခြင်းနဲ့ လက်ကျန်ရှိနေတာကြောင့် အကျဘက်ဆင်းလိမ့်မယ်လို့ဆိုပါတယ်။ NCDEX မှာ သြဂုတ်လ ၂၅ ရက်နေ့ လက်ငင်းဈေးဟာ တစ်တန်ကို ရူပီး ၆၄၅ဝဝ (ကန်ဒေါ်လာ ၁၃၉၉ ဒသမ ၇) ဈေးဖြစ်ခဲ့ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အဖွဲ့စာရင်းအရ ၂ဝ၁၁ ဧပြီလမှ ဇွန်လအထိ နနွင်းတင်ပို့မှုဟာ တန်ချိန် ၂၁၇၇၅ ရှိလို့ ယခင်နှစ်ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၁၅ဝဝဝ ထက်၄၅ ရာခိုင်နှုန်း ပိုမိုတယ်လို့ဆိုပါတယ်။ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ နိုက်ဂျီးရီးယားတို့က ရောင်းလိုအားကောင်းနေခြင်းနဲ့အတူ ကမ္ဘာ့ဈေးကွက်မှာ ရောင်းချမှုက အားကောင်းနေပါတယ်။ ဝယ်လိုအားဘက်မှာလည်း ဆေးနဲ့အလှကုန်လုပ်ငန်း တိုးတက်တာကြောင့် စားသုံးမှုတိုးတက်နေတယ် လို့ဆိုပါတယ်။ လက်ရှိနနွင်းစိုက်ပိုျးမှုအနေနဲ့ ယခင်နှစ်ထက် ၁၅ရာခိုင်နှုန်းလျော့ကျပေမယ့် ပုံမှန်စိုက်ဧရိယာထက်တော့ ပိုမိုတယ်လို့ဆိုပါတယ်။ ယခင်နှစ်က စိုက်ဧကအလွန်မြင့်မားခဲ့ရာ ယခုလိုအချိန်မှာ ဟက်တာ ၆၉ဝဝဝ စိုက်ပျိုးထားပြီး ယခုနှစ်မှာ ဟက်တာ ၆ဝဝဝဝ စိုက်ပျိုးထားကြောင်းနဲ့ ပုံမှန်အားဖြင့် ဟက်တာ ၅၆ဝဝဝ စိုက်ပျိုးမှုရှိတယ်လို့သိရပါတယ်။ ယမင်းခင်၊Source: Business standard
ရှမ်းနနွင်းဈေးငြိမ်သော်လည်း ပစ္စည်းကောင်းရင် ဈေးကောင်းပေးဝယ် နနွင်းဈေးကတော့ ငြိမ်နေပါတယ်။ မန္တလေးဝယ်လက်တွေကလည်း ပစ္စည်းကောင်းကို ရွေးဝယ်လိုပြီး၊ ကောင်းရင် တစ်ပိဿာ ၁၆ဝဝ ကျပ်နဲ့၊ နည်းနည်းညံ့ရင် ၁၅ဝဝ ကျပ်ဈေးပေးဝယ်နေတယ်လို့ ဟိုပုံးချင်းဈေးကွက်က သိရပါတယ်။ ပြီးခဲ့တဲ့ အပတ်တွေကစပြီး ဝယ်နေကြပေမယ့် ဒီတစ်ပတ်ကတော့ ရေကြီးနေတာကြောင့် အဝယ် နည်းနည်း ရပ်နေတယ်လို့ လည်း သိရပါတယ်။ ဟိုပုံးနနွင်းကတော့ ခြံရှင်တွေဆီမှာ နည်းနည်း၊ လှောင်လက်တွေဆီမှာလည်း အနည်းငယ်လောက်သာ ကျန်ပါတော့တယ်။ ဒီနှစ်နနွင်းက ချင်းတက်ရောင်းအားနည်းပါတယ်။ မနှစ်ကတော့ တစ်နှစ်ပတ်လုံးရောင်းအားကောင်းပြီး ဒီနှစ်မှာတော့ တစ်လကို နည်းနည်း၊ နည်းနည်းသာ အရောင်းအဝယ် ဖြစ်ပါတယ်။ ဒီနှစ်နနွင်းရောင်းအားကတော့ ဇန်နဝါရီလမှာ ဈေးကွက်ကို စဝင်တာကြောင့် ရောင်းအားကောင်းပြီး တစ်လအတွင်း ပိဿာချိန် ၅၇ဝဝဝ အရောင်းအဝယ်ဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ ၂၁ဝဝဝ ပိဿာအရောင်းအဝယ်ဖြစ်ပြီး၊ မတ်လ၊ ဧပြီလ၊ မေလတွေမှာတော့ ပိဿာချိန် ထောင်ဂဏန်း သာအရောင်းအဝယ်ဖြစ်ပါတယ်။ ဇွန်လမှာတော့ ပိဿာချိန် ၅ဝဝဝဝ အရောင်းအဝယ်ဖြစ်ပြီး၊ ဇူလိုင်လမှာ ပိဿာချိန် ၆၅ဝဝဝ သာအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ပတ် နနွင်းဈေးတွေက အောင်ပန်းဈေးကွက်မှာ တစ်ပိဿာ ၅ဝဝ ကျပ်မှ ၁၂ဝဝ ကျပ်ရှိပြီး၊ ဆင်တောင်နနွင်းက ၃ဝဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာ ဟိုပုံးနနွင်းတစ်ပိဿာ ၁၅ဝဝ ကျပ်-၁၆ဝဝ ကျပ် ဈေးရှိပါတယ်။ ဧဧခိုင်
မူဆယ်နဲ့ စစ်တွေနယ်စပ်မှ နနွင်းတက်အပို့ရှိ ယခုအပတ်မှာ စစ်တွေနဲ့ မူဆယ်နယ်စပ်တို့မှ ၎င်းတို့နဲ့ ထိစပ်နေတဲ့ တစ်ဘက်အိမ်နီးချင်းနိုင်ငံ အသီးသီးသို့ ကန်ဒေါ်လာ သုည ဒသမ ၂၁၂ သန်းတန်ဖိုးရှိ နနွင်းတက် ၁၃၇ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နယ်စပ်မှသာ ၇၅ တန် အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ၆၂ တန် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ယခုအပတ် နနွင်းတက် တင်ပို့မှုကတော့ မူဆယ်မှာ ၁၃၄ တန်ခန့်နဲ့ စစ်တွေမှ ၃ တန် ဖြစ်ပါတယ်။ MIRT (DOBT)
နနွင်းတန် ငါးဆယ်ကျော်တင်ပို့ သြဂုတ်လ ၇ ရက်မှ ၁၃ ရက်တာကာလအတွင်း နနွင်း ၅၉ ဒသမ ၄၇ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံက သြစတြေးလျနိုင်ငံကို ၁ ဒသမ ၄၇ တန် မလေးရှားကို ၁၃ တန်၊ ပါကစ္စတန် ကို တန် ၃ဝ နဲ့ ရီမင်နိုင်ငံကို ၁၅ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ နနွင်းတစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ၁၅၅ဝ ဝန်းကျင် ပဲရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေကန်ဒေါ်လာ ကိုးသောင်းကျော်ရရှိခဲ့ပါတယ်။ ယခင် သီတင်းပတ် တန် ၃ဝသာတင်ပို့နိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ်မှာ ယခင်အပတ်ထက် တန်ချိန် သုံးဆယ်နီးပါး ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ MIRT (DOT)
ဈေးငြိမ်နေတဲ့ မန်ကျည်း မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း မန်ကျည်းဈေးကွက်တွင် ယခု ရက်ပိုင်းအတွင်း မန်ကျည်းအသား(အစေ့မပါ)တစ်ပိဿာကို ထိပ်စ ၃ဝဝဝ ကျပ်၊ အလတ်စ ၂၅ဝဝကျပ်၊ အောက်စ ၂ဝဝဝ ကျပ်၊ မန်ကျည်း စေ့ တစ်တင်း ၃ဝဝဝ၊ မန်ကျည်းအလုံး(အကြောဆွဲ) တစ်ပိဿာ ၁၄ဝဝ ကျပ်ဈေးဖြင့် ဈေးငြိမ်လျက်ရှိပြီး၊ ကျောက်ပန်းတောင်းမှ ရန်ကုန်(ဘုရင့်နောင်)သို့ နေ့စဉ်မန်ကျည်းပိဿာ ၇ဝဝဝ- ၈ဝဝဝ ခန့် တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်း မြို့နယ် အတွင်းသို့ ပခုက္ကူ၊ ဆိတ်ဖြုနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မှ မန်ကျည်း အဝင်မရှိသလောက်နည်းသွားပြီး၊ သိုလှောင်မှုအနေနဲ့ မန်ကျည်းအသားပိဿာ လေးသိန်းခန့်နဲ့ မန်ကျည်းအလုံး ပိဿာရှစ်သောင်းခန့် လက်ကျန်ရှိကြောင်း သိရပါတယ်။ နှစ်စဉ် သြဂုတ်လ နောက်ပိုင်းတွင် မန်ကျည်းမှာယူမှု၊ တင်ပို့မှုများပြား တတ်သဖြင့် အရောင်းသွက်လာမယ်လို့ ခန့်မှန်းကြောင်းပွဲရုံများမှ သိရပါတယ်။ မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း မန်ကျည်းအသား(အစေ့မပါ)တစ်ပိဿာ လက်ကားဈေး ၂၉ဝဝ ကျပ်၊ လက်လီဈေး ၃၆ဝဝ ကျပ်ဖြစ်ကြောင်း သိရပါတယ်။ သင်းးသင်းးအိ
အိန္ဒိယကို မန်ကျည်းစေ့ ၄၇ တန်တင်ပို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ သြဂုတ်လ ၁၄ ရက်မှ ၂ဝ ရက်တာ ကာလအတွင်း မန်ကျည်းစေ့ ၄၇ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် မန်ကျည်းစေ့တင်ပို့မှုက တန် ၅ဝ ရှိခဲ့တာကြောင့် ဒီသီတင်းပတ်မှာ တန်အနည်း ငယ်သာလျော့နည်းခဲ့ပါတယ်။ ယခင်သီတင်းပတ်က စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပေမဲ့ ဒီသီတင်းပတ်မှာတော့ အိန္ဒိယနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီ ဈေးကန်ဒေါ်လာ ၂၃ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့တာကြောင့် စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်သောင်းကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)
မိုးကြီးလို့ ချင်းဈေးအေးပေမယ့် ပြည်တွင်းသို့ အထွက်ပုံမှန်စီးဆင်း ဒီတပတ်တော့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ မိုးအဆက်မပြတ်ရွာနေတာကြောင့် ရေတွေကြီး၊ လမ်းတွေပိတ်နေလို့ သီးနံှတွေလည်း အရောင်းအဝယ်အေးနေပါတယ်။ ဟိုပုံးချင်းဈေးကွက်မှာတော့ ရန်ကုန်ဝယ်လက်တချို့က ပရဆေးဖော်ဖို့အတွက် ဝယ်ယူနေကြပါတယ်။ အခက်ကြီးရင်တော့ တစ်ပိဿာ ၂၇ဝ ကျပ်ဈေးရှိပြီး၊ အခက် ငယ်ရင်တော့တစ်ပိဿာ ၂၅ဝ ကျပ်ဈေးသာရှိပါတယ်။ ဒီနှစ်က ပြည်ပဝယ်လို အားမရှိလို့ အရင်နှစ်တွေလို ရောင်းအားက အင်နဲ့အားနဲ့ မရှိပေမယ့်၊ ပြည်တွင်း သုံးအတွက်တော့ နေ့တိုင်းလိုလို ပိဿာချိန် ထောင်ဂဏန်းခန့် အရောင်းအဝယ် ဖြစ်နေပါတယ်။ အောင်ပန်းဈေးကွက်ကတစ်ဆင့် မြန်မာပြည်အနံှ့အပြား စီးဆင်း နေပြီး၊ တစ်ပတ်အတွင်း ချင်းပိဿာချိန် ၅၈ဝဝဝ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ မိုးကြောင့် ချင်းဈေးကငြိမ်နေပြီး၊ ချင်း(စို) တစ်ပိဿာ ၃ဝဝ ကျပ်-၃၅ဝ ကျပ်နဲ့ ချင်းခြောက်ကတစ်ပိဿာ ၁၄ဝဝ ကျပ်- ၁၄၅ဝ ကျပ်ဈေးနဲ့၊ တောင်ကြီးဈေးကွက်မှာ ဟိုပုံးချင်းခြောက်တစ်ပိဿာ ၂ဝဝဝ ကျပ်-၂၁ဝဝ ကျပ် ဈေးရှိတယ်လို့ သိရှိရပါတယ်။ ဧဧခိုင်