Background
နနွင်း ၉၆ တန်ကျော်တင်ပို့ မေ ၂၂ ရက်မှ ၂၈ ရက်တာကာလအတွင်း နနွင်းတန်ချိန် ၉၆ ဒသမ ၄၇ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းက တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန် သွယ်ဖက်နိုင်ငံကတော့ စင်ကာပူနဲ့ မလေးရှားနိုင်ငံဖြစ်ပါတယ်။ စင်ကာပူနိုင်ငံကို ၄ဝ ဒသမ ၄၇ တန်နဲ့ မလေးရှားကို ၅၆ တန်အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင် သီတင်းပတ်က မလေးရှားနိုင်ငံကိုသာ တင်ပို့နိုင် ခဲ့ပြီး ဒီတစ်ပတ်စင်ကာပူနိုင်ငံကို ပါတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ် ၁၂ တန်သာတင်ပို့နိုင်ခဲ့တဲ့ နနွင်းက ဒီသီတင်းပတ်မှာ ၉၆ ဒသမ ၄၇ တန်တင်ပို့နိုင်ခဲ့တဲ့အတွက် ဒီတစ်ပတ်မှာ တန်ချိန် ၈ဝ ကျော်ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်သိန်းရှစ်သောင်းကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)
ကျောက်ပန်းတောင်း ထန်းလျက်ဈေးအေး ကျောက်ပန်းတောင်းမြို့ရဲ့ အဓိကထွက်ကုန်ထန်းလျက်ကို အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချကြရာ လုံးကြီး၊ လုံးလတ်၊ လုံးသေးဟူ၍ အမျိုးအစားခွဲခြား၍ အဓိကထားရောင်းဝယ်ကြပါတယ်။ ထန်းလျက်ဟာ ရာသီချိန်အလိုက် အထွက် အနည်းအများ ကွာခြားတတ်ပါတယ်။ ယခုအချိန်ဟာ ဒုတိယအသီးနဲ့ နောက်ဆုံး သီး အကူးအပြောင်းချိန်ဖြစ်လို့ ထန်းလျက်အထွက်နည်းတယ်လို့ သိရပါတယ်။ မေလကုန်ရဲ့ ကျောက်ပန်းတောင်း ထန်းလျက်ဈေးကွက်မှာ ထန်းလျက်လုံးကြီး တစ်ပိဿာ ၅၄ဝ ကျပ်၊ လုံးလတ် တစ်ပိဿာ ၅၈ဝ ကျပ်၊ ရိုးရိုးလုံးသေး တစ်ပိဿာ ၆၅ဝ ကျပ်နဲ့ ဆေးလုံးသေး တစ်ပိဿာ ၈ဝဝ ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိရာ အခြားမြို့များသို့ တင်ပို့မှုထက် အဓိကထားလှောင်ကြတယ်လို့သိရပါတယ်။ ထန်းလျက်လုံးကြီးကို အရက်ချက်စက်ရုံများသို့ တင်ပို့ပြီး လုံးသေးထန်းလျက်များကို မန္တလေးသကြား စက်ရုံများသို့ အဓိကတင်ပို့ပြီး လုံးသေးထန်းလျက်များကို မုန့်လုပ်ငန်းသုံးအဖြစ် အဓိကတင်ပို့ရောင်းချပါတယ်။ အိန္ဒိယမှ သကြားများတင်သွင်းလာမှုကြောင့် သကြားစက်ရုံများမှ အဝယ်နည်းလို့ ထန်းလျက်တင်ပို့မှုနည်းပြီး ဈေးအေးလျက်ရှိကြောင်း ဒေသခံကုန်သည်များက ဆိုပါတယ်။ မြတ်သန္တာထွန်း
မန်ကျည်း ၁၂၄ တန်တင်ပို့ခဲ့ ဒီသီတင်းပတ်ဖြစ်တဲ့ မေလ ၂၂ ရက်မှ ၂၈ ရက်တာကာလအတွင်း မန်ကျည်း ၁၂၄ တန်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ကုန်သွယ်ဖက်နိုင်ငံက စင်ကာပူကို ၂၄ တန်၊ ဗီယက်နမ်ကို ၂၅ တန်နဲ့ မလေးရှားနိုင်ငံကို ၇၅ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၁၂ တန်သာတင်ပို့ခဲ့တဲ့ မန်ကျည်းသီးက ဒီတစ်ပတ်မှာ တန်ချိန်တစ်ရာကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီ ဈေးပျမ်းမျှကန်ဒေါ်လာ ၅၂ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တဲ့ အတွက် စုစုပေါင်းပို့ကုန် ဝင်ငွေကန်ဒေါ်လာ ခြောက်သောင်းငါးထောင် နီးပါး ရရှိခဲ့ပါတယ်။MIRT (DOT)
အောင်ပန်းချင်းဈေးငြိမ် အရောင်းအဝယ်အေး အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ်ရှမ်းချင်းဈေးကငြိမ်နေပါတယ်။ မိုးကောင်း နေတာကြောင့် အရောင်း အဝယ်ကလည်း အေးနေပါတယ်။ မနှစ်ကလောက်ဖြုန်း အားမရှိတာကြောင့် တောင်သူ၊ ကုန်သည်တွေထံမှာ လက်ကျန်အတော်ရှိနေပါတယ်။ နောက်တစ်ပတ်၊ နှစ်ပတ်လောက်မှာ ချင်း (ဥမ) တွေ ဈေးကွက်ကိုဝင် လာရင် ဒီထက်ပိုများအုံးမှာပါ။ ဒီနှစ်နွေရာသီမှာ ချင်း(စို) တွေ ဈေးကောင်းရတာကြောင့် တောင်သူတွေကလည်း ချင်းခြောက်အဖြစ်ပြုလုပ်ခြင်း သိပ်မရှိပါဘူး။ ဒါပေမဲ့ အောင်ပန်းဈေးကွက်မှာ ချင်းခြောက်ပိဿာချိန် ၃ သိန်းခန့် ကျန်ရှိနေသေးတယ်လို့ ဒေသခံပွဲရုံတွေက သိရှိရပါတယ်။ ချင်း (စို) တွေကလည်း ပြည်ပဝယ်လက် မရှိဘဲ ပြည်တွင်းဈေးပတ်သမားတွေသာ အဝယ်ရှိတဲ့အတွက် မနှစ်ကလောက် မဖြုန်းနိုင်ဘူးလို့ သိရပါတယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်း(စို) တစ်ပိဿာဈေးက (ညံ့စ) ၅ဝဝ ကျပ်၊ (လတ်စ) ၆ဝဝ ကျပ်-၇ဝဝ ကျပ်၊ (ထိပ်စ) ၈ဝဝ ကျပ်-၁ဝဝဝ ကျပ်နဲ့ ချင်းခြောက်ကတော့ တစ်ပိဿာ၂၄ဝဝ ကျပ်-၂၄၅ဝကျပ်ဈေးရှိပါတယ်။ တောင်ကြီး ဈေးကွက်မှာတော့ ချင်းခြောက်တစ်ပိဿာ ၂၂ဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်
ချင်း ၅၁ တန်တင်ပို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မေလ ၂၂ ရက်မှ ၂၈ ရက်တာ ကာလအတွင်း ချင်း ၅၁ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက် နိုင်ငံတွေက မလေးရှားနိုင်ငံကို ၂၅ တန်နဲ့ စင်ကာပူနိုင်ငံကို ၂၆ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ် ၃၆ တန်သာတင်ပို့နိုင်ခဲ့တဲ့ ချင်းက ဒီသီတင်းပတ်မှာ ၅၁ တန် တင်ပို့နိုင်ခဲ့တဲ့အတွက် ဒီတစ်ပတ်အပို့သာခဲ့တယ်လို့ ဆိုရပါမယ်။ အက်ဖ်အိုဘီဈေး တစ်တန်ကို ပျမ်းမျှ ကန်ဒေါ်လာ ၁၄၄၅ ဝန်းကျင်ရရှိခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန် ဝင်ငွေ ခုနှစ်သောင်းလေးထောင်နီးပါးရရှိခဲ့ပါတယ်။ MIRT (DOT)
အဝင်အေးပြီးဈေးငြိမ်နေတဲ့ ပြည်ချင်း ပြည်ဈေးကွက်အတွင်းသို့ အောင်ပန်းချင်းများ ယခုတစ်ပတ်အတွင်း အဝင် အေးနေသကဲ့သို့ အရောင်းအဝယ်များလည်း ခပ်ပါးပါးသာအရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ ပိဿာ ၃ဝ ဝင်အိတ် ၂ဝဝခန့်သာ ဝင်ရောက်မှုရှိပြီး ချင်း (ရှယ်) တစ်ပိဿာကို ၁၆ဝဝ ကျပ်၊ (ဂျွန်) ၁၅ဝဝ ကျပ်တို့နဲ့ ယခင်တစ်ပတ်က ဈေးအတိုင်း ပုံမှန်ရောင်းဝယ်လျက် ဧရာဝတီနဲ့ ရခိုင်ဘက်သို့ ပိဿာချိန် ၁ဝဝဝ ကျော်ခန့်သာ ဈေးကွက်မှတစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ
ယခုနှစ် တရုတ်နိုင်ငံ၏ ပြောင်းတင်သွင်းမှုသည် ယခင်နှစ်ကထက် အဆပေါင်းများစွာ ပိုမိုမည် ယခုနှစ်မှာ တရုတ်နိုင်ငံရဲ့ ပြောင်းတင်သွင်းမှုက ယခင် နှစ်ကထက် အဆ ပေါင်းများစွာ ပိုမိုမယ်လို့ခန့်မှန်းကြပါတယ်။ ကျေးလက်ဒေသ ဝင်ငွေမြင့်မား လာခြင်းက ဝက်သားစားသုံးမှု ကို မြင့်မားစေကြောင်း၊ ဝက်မွေးမြူ ရေးအတွက် ပြောင်းက အဓိကတိရစ္ဆာန်အစာဖြစ်ကြောင်း၊ ဒါကြောင့် ပြောင်း တင်သွင်းမှု ပမာဏအထူးမြင့်မားနိုင်ကြောင်း၊ ဘယ်လောက်တင်သွင်းမှာကို မခန့်မှန်းနိုင် သေးကြောင်း Rabobank International မှဝါရင့်လယ်ယာ စိုက်ပျိုးရေးလုပ်ငန်း ဆိုင်ရာ သုတေသနပညာရှင်က ပြောကြားပါတယ်။ ပပ၊ Source:The Wall Street Journal.com
ရာသီဥတုအခြေအနေကြောင့် ပြောင်းဈေးတက် ကမ္ဘာ့ပြောင်းထုတ်လုပ်မှုက ယခုနှစ်မှာ ယခင်နှစ်ကထက် တန်ချိန် ၅ဝ သန်း ပိုမိုကာ တန်ချိန် ၈၆၈ သန်းကိုစံချိန်တင်ထွက်ရှိနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု လယ်ယာစိုက်ပိုျးရေးဌာန (USDA) အရခန့်မှန်းခဲ့တယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ပြောင်းထွက်နှုန်းကလည်း စံချိန်တင်မယ်လို့ ခန့်မှန်းခဲ့တယ်။ ဒါပေမဲ့ ယခုအခါ အမေရိကန်ပြည်ထောင်စုမှာ အစိုဓာတ်များတဲ့ရာသီဥတု ကြောင့် ပြောင်းစိုက်ပျိုးမှုမပြနိုင်သေးတာကြောင့် ပြောင်းဈေးတက်သွားကြောင်း သတင်း ရရှိပါတယ်။ မေလ ၂၃ ရက်နေ့ထုတ် USDA ရဲ့အစီ ရင်ခံစာအရ အမေရိကန်ပြည်ထောင်စုရဲ့ ပြောင်းစိုက်ပျိုးထုတ်လုပ်မှုက ၇၉ ရာခိုင်နှုန်းသာ ပြီးစီး သေးကြောင်းနဲ့ ယခင် ၅ နှစ်ပျမ်းမျှ ၈၇ ရာခိုင်နှုန်းထက်လျော့နည်းသွားကြောင်း သိရှိရပါတယ်။ အမေရိကန်တောင်ပိုင်းပြည်နယ် ပြောင်းစိုက်ခင်းတွေမှာ ရေလွှမ်းမိုးမှုနဲ့ အချို့ ပြည်နယ်တွေမှာ အစိုဓာတ်များကြောင့် ပြောင်းစိုက်ပျိုးမှုနှောင့်နှေးရာ အမေရိကန် ပြည်ထောင်စုရဲ့ ပြောင်းထွက်ရှိမှုအပေါ်မှာ စိုးရိမ်ရမယ့်အခြေအနေတွေ ဖြစ်ပေါ် နေ ပါတယ်။ မေလ ၃၁ ရက်နေ့က ချီကာဂိုကုန်သွယ်ရေးမှာ ဇူလိုင်လသင်္ဘောတင်မဲ့ ပြောင်းဈေးနှုန်းက တစ်တန်ကို ကန်ဒေါ်လာ ၂၉၄ ဒသမ ဝ၉ နဲ့ချုပ်ဆိုခဲ့ပါတယ်။ ပြောင်းဈေးနှုန်းတွေက ပြောင်းစိုက်ပျိုးမှုလျော့သွားကြောင်းနဲ့ ကုန်သိုလှောင်ထားမှု ခန့်မှန်းထားတာထက် လျော့နည်းသွားကြောင်း USDA အရသိရှိရပြီး ၂ဝ၁ဝ ဇွန် ၃ဝ ရက်နောက်ပိုင်းမှာ ဈေးမြင့်တက်ခဲ့တယ်။ ဝယ်လိုအားနှစ်ဆမြင့်တက်မှုနဲ့ ကုန်ထုတ်လုပ်မှုက မျှော်မှန်းထားတာထက် လျော့ကျသွားမှုက ၂ဝ၁ဝ မှာပြောင်း ဈေးနှုန်းကို အားကောင်းစေခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝ၁၁ ခုနှစ်မှာ တရုတ်၊ ဥရောပ၊ မက္ကဆီကိုနဲ့ ယူကရိန်းတို့မှာ ပြောင်းထုတ်လုပ်မှုကောင်းမွန်တာကြောင့် ပြောင်းတင်သွင်းမှုလျော့ကျစေနိုင်ရာ ပြောင်းဈေးနှုန်းမြင့်တက်နေမှုမှ သက်သာပြေလျော့သွားစေမယ်လို့ ခန့်မှန်းထား ပါတယ်။ အေးမွန်လှိုင်၊Source:farmandranchguide.com
တရုတ်နယ်စပ်မှ ပြောင်းတန်ချိန် ၁၂၅ဝဝ ကျော်ပို့ မြန်မာ တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ လွယ်ဂျယ်နယ်စပ်များမှ ကန်ဒေါ်လာ ၃ ဒသမ ၄၉၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၁၂၅၅၇ တန်ကျော် မေလ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း တစ်ဖက်တရုတ်နိုင်ငံ သို့ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် ၄၄၆ တန်ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ လားရှိုး ပြောင်းတစ်တန်ဈေးမှာ ၁၇၁၄၇ဝ ကျပ်ရှိပြီး ပြည်တွင်းဈေး ပြောင်းလဲမှု မရှိသော်လည်း တစ်ဖက်နိုင်ငံဝယ်ဈေး မှာ ရွှေလီဈေး ၁၈၇ဝ ယွမ်၊ ကုန်စည်ဒိုင် ပေါက်ဈေး ၁၇၉ဝ ယွမ် ရှိပြီး ယခင်ပတ်ကထက် ယွမ် ၃ဝ စီ ဈေးမြင့်လျက်ရှိပါတယ်။ ပြည်တွင်းပြောင်းလက်ကျန်နည်းနေတဲ့အတွက် တစ်ဖက်နိုင်ငံဈေးမြင့်တက် သော်လည်း ပြောင်းတင်ပို့မှု ကျလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ ပေါက်ဈေးကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၃၂၂၉၅ ၂၂၇၄၆၅ ၄၈၃ဝ ၂ .ဝ၈ ၂၈၈ ၂၈၃ ၅ ၁ .၇၄နံှစားပြောင်း ၂၁၆ဝ၄ဝ ၂၂၆၂ဝ၅ ၁ဝ၁၆၅ ၄ .၇ ၂၇၇ ၂၆၂ ၁၅ ၅ .၄၂MIRT (DOBT)
ဒီတစ်ပတ်ပင်လယ်ရေကြောင်းအတင်မရှိ မေလ ၂၇ ရက်မှ ဇွန် ၂ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှု မရှိကြောင်း သိရပါတယ်။ ပင်လယ်ရေကြောင်းတင်ပို့မှုမရှိပေမယ့် နယ်စပ်ကုန်သွယ်ရေးကတော့တစ်ပတ်ကို တန်တစ်သောင်းကျော် မှန်မှန်လေး တင်ပို့နေတာတွေ့ရပါတယ်။ ပြည်တွင်းပြောင်းလက်ကျန်နည်းနေတဲ့အတွက် တင်ပို့မှု လျော့ကျရခြင်းဖြစ်ကြောင်း သိရပါတယ်။ FOB ရန်ကုန်ဈေးကတော့ ပြောင်းလဲမှု မရှိဘဲ ဒေါ်လာ ၂၉ဝ နဲ့ ၃၁ဝ ကြား ဈေးရလျက်ရှိပါတယ်။ KZW
