Background
ဟင်္သာတမတ်ပဲဈေးပြန်အေး ဟင်္သာတဈေးကွက်အတွင်းသို့ မတ်ပဲသစ်များ ဝင်ရောက်မှုနည်းသွားလို့ ရောင်းဝယ်မှုလည်း ယခင်တစ်ပတ်ထက် ပိုအေးသွားပါတယ်။ ရန်ကုန်ဝယ်လက်များ အဝယ်ရှိသော်လည်း မိုးရွာသွန်းမှုကြောင့် ပဲအိတ် ၅ဝဝ မှ ၈ဝဝ သို့သာ အဝင်ရှိပြီး ပိဿာ ၂ဝ ဝင် ပဲတစ်တင်းကို ယခုတစ်ပတ်တွင် ၂၃၆ဝဝ ကျပ်ဈေးသို့ ပြန်အေးသွား ပါတယ်။ တင်ပို့မှုအနေဖြင့် ရန်ကုန်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း တစ်တင်းခွဲ ဝင်အိတ် ၇၅ဝဝ ခန့် တင်ပို့မှု ရှိတယ်လို့ သိရပါတယ်။ အေးအေးခိုင်
မုံရွာတစ်ဖက်ကမ်းတွင် ဆောင်းမတ်ပဲများ စတင်ရိတ်သိမ်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မတ်ပဲ (ဆောင်း) စိုက်ပိုျးရန်လျာထား ဧက ၁ ဒသမ ၄၅ သိန်းအနက် ၁ ဒသမ ၅ သိန်းကျော် ၁ဝ၄ ရာခိုင်နှုန်းစိုက်ပျိုးခဲ့ရာ မုံရွာတစ်ဖက်ကမ်း ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးမြို့နယ်များတွင် မတ်ပဲများ စတင်ရိတ်သိမ်းနေကြပြီး ဧပြီလလောက်တွင် မတ်ပဲ (ဆောင်း) အသစ်များ စတင် ထွက်ပေါ်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ပဲအသစ်ပေါ်ခါနီးလို့ လက်ကျန် အဟောင်း ပဲများကုန်အောင် တောင်သူနဲ့ ကုန်သည်တွေ ထုတ်ရောင်းနေကြလို့ မတ်ပဲ ဈေးအေးသွားကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ မတ်ပဲ တစ်ပိဿာပေါက်ဈေး မတ်လ ပထမပတ်မှာ ၁ဝ၆၅ ကျပ်မှ ဒုတိယပတ်မှာ ၁၁၅ဝ ကျပ်သို့ တက်သွားပြီး တတိယပတ်မှာ ၁ဝ၈၅ ကျပ်သို့ ဈေးပြန်အေးသွားကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ မတ်ပဲတင်း ၃ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ပြီး ယခုလအတွင်း မုံရွာမြို့မှ မန္တလေးမြို့သို့ မတ်ပဲတင်း ၄ဝဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
တစ်လအတွင်း အိန္ဒိယမတ်ပဲဈေး ပြောင်းလဲကွာခြားမှုနည်း အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း မတ်ပဲဈေးက ဖေဖော်ဝါရီနဲ့ မတ်လကာလတူ ဈေးနှုန်း ကွာခြားမှုနည်းတာတွေ့ရပါတယ်။ ဈေးကွက်တွေမှာ မတ်ပဲလက်ကျန် အကန့်အသတ်ရှိပေမဲ့ ပဲအသစ်ဝင်ရောက်မယ့် မျှော်လင့်ချက် တွေအရ အဝယ်နည်းနေတာကြောင့် ဈေးအပြောင်းအလဲ သိပ်မရှိတာဖြစ်ကြောင်း သိရပါတယ်။ လာမယ့်လမှာ ပဲအသစ်ဝင်ရောက်မှု တိုးလာမှာဖြစ်လို့ ဈေးနှုန်းအကျ ဘက်ဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မွန်ဘိုင်းနဲ့ ချန်နိုင်းဈေးကွက်မှာရှိတဲ့ မြန်မာမတ်ပဲဈေးများ ကာလတူ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်း ချန်နိုင်း ၂၄-၃-၁၁ ၉၁ဝ ၉၅ဝ- ၁၁ဝ၂ ၂၄-၂-၁၁ ၈၉၃ ၉၂ဝ-၁ဝ၄၁ MIRT(MAPT)
မတ်ပဲတင်ပို့မှု အနည်းငယ်လျော့ကျ ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း တင်ပို့မှုအနေနဲ့ မတ်ပဲတန် ၈ဝဝဝ နီးပါးတင်ပို့ခဲ့ပေမဲ့ ယခုသီတင်းပတ် (မတ်လ ၁၇ ရက်မှ ၂၃ ရက်) အတွင်း မှာတော့ တန် ၅၅ဝဝ ကို အနည်းငယ်လျော့ကျတင်ပို့လာခဲ့ပါတယ်။ အိန္ဒိယ ဈေးကွက်တွေမှာလည်း လက်ကျန်ရှိနေပြီး ဈေးကျဆင်းနေတာကြောင့် မြန်မာ့မတ်ပဲ ဝယ်အားမတက်လာတဲ့အတွက် တင်ပို့မှု ကျဆင်းခြင်းဖြစ်တယ်လို့ ကုန်သည်ကြီး တစ်ဦးက ဆိုပါတယ်။ လက်ရှိပြည်တွင်း ဈေးကွက်အတွင်းမှာ မတ်ပဲဈေး ဆက်တိုက်အေးခဲ့ရာက မတ်လ ၂၅ ရက်မှာတော့ ဈေးပြန်မတ်လာပြီး အရောင်း အဝယ်အသင့်အတင့် ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်သီတင်းပတ်ကတည်းက တည်ငြိမ်လာခဲ့ရာ မတ်လ ၂၅ ရက်မှာလည်း မတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၉၂ဝ-၉၄ဝ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၁ဝ၄ဝ- ၁ဝ၆ဝ ဈေးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
ဗီယက်နမ်စိုက်ပျိုးရေးထုတ်ကုန်တင်ပို့သူများ ကမ္ဘာ့ဈေးနှုန်း မြင့်တက်နေသော်လည်း အကျိုအမြတ်ရရှိမှုနည်းပါး ကမ္ဘာ့စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ကမ္ဘာ့ဈေးနှုန်းများ မြင့်တက်နေတဲ့တိုင် ဗီယက်နမ်ပြည်တွင်း စိုက်ပျိုးရေး ထုတ်ကုန်တင်ပို့သူများအနေနဲ့ ငွေအရင်းအနှီးနည်းပါးမှုကြောင့် ပြည်ပဈေးကွက်တွေမှာ ၎င်းတို့ ထုတ်ကုန်များ ရောင်းချရာ မှာ အကျိုးအမြတ်ရရှိမှု နည်းပါးဖွယ်ရှိတယ်လို့ သိရပါတယ်။ ဗီယက်နမ်ကော်ဖီ၊ သီဟိုဠ်အသင်းဥက္ကဌ ူLuong Van Tu က က ပြောကြားရာမှာ ပြည်တွင်းကော်ဖီတင်ပို့သူများဟာ ငွေရင်းများများ မရှိတာကြောင့် ကုန်ကြမ်းများများ ဝယ်ယူနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။ ငွေရင်းခိုင်မာတောင့်တင်းတဲ့ နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေကတော့ ကုန်ကြမ်းများများဝယ်ယူနိုင်တော့ ဈေးနှုန်းပိုမိုလာလေ အကျိုးအမြတ်ပိုရလေဖြစ်ပါတယ်လို့ ဆိုပါတယ်။ ပြည်တွင်းကော်ဖီတင်ပို့သူများဟာ နှစ်စဉ် ရိတ်သိမ်းရာသီအစမှာ ကော်ဖီကုန်ကြမ်းသိုလှောင်ဖို့ တန်ချိန် ၂ သိန်း-၃ သိန်းဝယ်ယူနိုင်ရေး ၆ လမှ ၉ လအတွင်းကာလရှည် ချေးငွေလိုအပ်နေတယ်လို့ ဆိုပါတယ်။ ဗီယက်နမ်နိုင်ငံအနေနဲ့ ကော်ဖီ တင်ပို့နိုင်ငံဖြစ်ပေမဲ့ ပြည်တွင်းတင်ပို့သူတွေကတော့ ငွေအရင်းအနှီးနည်းလို့ နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေကို မယှဉ်ပြိုင်နိုင်ဘူးလို့ ဆိုပါတယ်။ ၎င်းတို့အနေနဲ့ ကုန်ကြမ်းသိုလှောင်ဖို့နဲ့ ပြည်ပကုန်သွယ်ဖက်များနဲ့ ဈေးနှုန်းညှိနှိုင်းရမှုတွေ ကနေဦးဆောင်ရွက်နေရတယ်လို့ ဗီယက်နမ်သီဟိုဠ်အသင်း ဒုတိယဥက္ကဌ Nguyen Duc Thanh့ က ပြောကြားပါတယ်။ ဗီယက်နမ် ငရုတ်ကောင်းအသင်းဥက္ကဌ Do Than Nan ကလည်း ယခုနှစ် ကမ္ဘာ့ငရုတ်ကောင်းဈေးက မကြာခင် သိသိသာသာ တိုးတက်မှာဖြစ်လို့ တောင်သူများအနေနဲ့ စောစောစီးစီး မရောင်းချဖို့ သတိပေး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ပြည်တွင်းငရုတ်ကောင်းဈေးဟာ ယခင်နှစ် ဈေးထက် ၃ ဆမြင့်တက်ပြီး တစ်ကီလိုကို ကန်ဒေါ်လာ ၄ ဒသမ ၅ အထိ စံချိန်တင်မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ပြည်ပတင်ပို့ဈေးက ယခင်နှစ်က တစ်တန်ကို ကန်ဒေါ်လာ ၁ဝဝဝ-၁၄ဝဝ ရှိရာမှ ယခုအခါ ကန်ဒေါ်လာ ၄၃ဝဝ-၄၄ဝဝ အထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ၂ဝ၁၁ အတွင်း ငရုတ်ကောင်းတင်ပို့ခြင်းမှ ကန်ဒေါ်လာ သန်း ၅ဝဝ ရရှိမယ်လို့ မျှော်မှန်းထားကြောင်းလည်း ၎င်းကဆက်လက် ပြောကြားပါတယ်။ ကုန်းမြင့်ပြည်နယ်များက ကော်ဖီဈေးလည်း မြင့်တက်လာတာကြောင့် တစ်ကီလိုကို ကန်ဒေါ်လာ ၂ ဒသမ ၃ ရှိခဲ့ပြီး ကမ္ဘာမှာ ပြည်ပတင်ပို့မှု အများဆုံးနိုင်ငံတွေကလည်း သဘာဝဘေးအန္တရာယ်နဲ့ ရာသီဥတုကြောင့် သီးနံှများ ပျက်စီးခဲ့တဲ့အတွက် ကမ္ဘာ့ကော်ဖီဈေးဟာ ဆက်လက်မြင့်တက်လိမ့်ဦးမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြောင်း သိရပါတယ်။ ယမင်းးခင်၊Source: VOU
ပြည်ပအဝယ်အလားအလာကြောင့် အိန္ဒိယနနွင်းကြိုပွိုင့်ဈေးမြင့်ပေမဲ့ လက်ငင်းဈေးလျော့ကျဆဲ မတ်လ ၁၆ ရက် အိန္ဒိယရဲ့ နနွင်းအဓိကဈေးကွက်ဖြစ်တဲ့ နီဇမ်မာဘတ်မှာ နနွင်းဝင်ရောက်မှု ပိုမိုလာလို့ လက်ငင်းဈေး ၁ ဒသမ ၂၉ ရာခိုင်နှုန်းလျော့ကျခဲ့ပေမဲ့ ကြိုပွိုင့်ဈေးကတော့ ပြည်ပအဝယ်အလားအလာကြောင့် ပိုမိုလာ တယ်လို့ သိရပါတယ်။ ဝယ်လက်များက ဈေးထပ်မံကျဆင်းမယ်အထင်နဲ့ အဝယ်လျော့ကျနေတယ်လို့ သိရပါတယ်။ မတ်လ ၁၆ ရက်က ပဲဝင်ရောက်မှုအနေနဲ့ အီရော့ဈေးကွက်ကို အိတ် ၂ဝဝဝဝ နဲ့ နီဇမ်မာဘတ်ကို အိတ် ၁၆ဝဝဝ ရှိတယ်လို့ သိရပါတယ်။ အီရော့ဈေးကွက်မှာ မတ်လ ၁၈ ရက်က အိန္ဒိယမြောက်ပိုင်းက ဝယ်လိုအားတက်လာလို့ ဈေးမြင့်တက်စ ပြုလာ တယ်လို့ သိရပါတယ်။ အီရော့ဈေးကွက်မှာ မတ်လ ၁၈ ရက်က နနွင်းလက်ချောင်းဈေးက တစ်တန်ကို ရူပီး ၁ဝ၉၁၇ဝ- ၁၂၆၁ဝဝ (ကန်ဒေါ်လာ ၂၄၂၄-၂၈ဝဝ) ရှိရာမှ နနွင်းဥဈေးက တစ်တန်ကို ကန်ဒေါ်လာ ၉၃၉၆ဝ-၁၁၄၇၅ဝ (ကန်ဒေါ်လာ ၂ဝ၈၆-၂၅၄၈) နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ကာလတိုနဲ့ ကာလလတ်အတွင်း နနွင်းအထွက် ပိုမိုတာကြောင့် ပဲဝင်ရောက်မှု တိုးတက်လာနိုင်လို့ နနွင်းဈေး အကျဘက်ပြန်ဆင်းနိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ ယမင်းးခင်၊Source: Angel Commodities
ဈေးကွက်ကောင်းလာတဲ့ ကျောက်ဆည်နနွင်း ကျောက်ဆည်မြစ်သားနယ်ကထွက်တဲ့ နနွင်းတက်ဟာ အရောင်အဆင်းနဲ့ အရည်အသွေးကောင်းမွန် တာကြောင့် ဈေးကွက်မှာ မျက်နှာပန်းလှနေပါတယ်။ ယခုနှစ် ကျောက်ဆည်ခရိုင်မှာ နနွင်းတက်စိုက်ဧက ၁၃၇၄ ရှိပြီး၊ အားလုံးတူးဖော်ပြီး ဖြစ်ပါတယ်။ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ၇ သိန်းကျော်သာကုန်ကျခဲ့ပြီး အထွက်နှုန်း ၁ဝဝဝ ပိဿာဖြစ်လို့ တစ်ပိဿာ ကုန်ကျစရိတ်အနေဖြင့် ၇ဝဝ ကျပ်သာကုန်ကျပါတယ်။ စတင်တူးဖော်ချိန်မှာ တစ်ပိဿာ ၂၅ဝဝ ကျပ်သာဈေးရှိခဲ့ရာမှ ယခုရက်ပိုင်း ၃ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ဈေးကွက်အလားအလာကောင်းမွန်ပြီး တွက်ခြေကိုက်လို့ နနွင်းတက်ကို တိုးခဲျ့စိုက်ပျိုးလာကြတယ်လို့လည်း သိရပါတယ်။ ကျော်မြင့်