Main menu

Background

ဆန်အရာင်မညီ ရွေးထုတ်စက် (Colour Sorter) အခြေခံ အပိုင်း (၂)

Thu, 01/21/2010 - 08:29 -- Anonymous (not verified)

    ဆန်စားသုံးမှုအဆင့်အတန်း မြင့်လာတာနဲ့အမျှ စားသုံးသူများကို ဆွဲဆောင်နိုင်အောင် ဆန်အရောင်တင်စက်တွေ၊ ဆန် အရောင်မညီရွေးထုတ် စက်တွေအသုံးပြုလာကြပြီး ဆန်ရဲ့အသွင်အပြင် (Appearance) တို့ ကောင်းသထက်ကောင်းအောင် ကြိတ်ခွဲ ထုတ်လုပ်နေကြပြီဖြစ်ပါတယ်။    ဆန်အရောင်မညီရွေးထုတ်စက်မှာ ခေတ်မီကွန်ပျူတာစနစ်နဲ့ ပေါင်းစပ်အသုံးပြုထားလို့ ကိုင်တွယ်ရမှာကိုလည်း မဝံ့မရဲဖြစ်တာ ရှိကောင်းရှိမှာပါ။ ကွန်ပျူတာတွေကိုတောင် ကျွမ်းကျင်စွာကိုင်တွယ်နိုင်နေလို့ စိုးရွံ့စရာမရှိပါ။ မကြာခင်မှာဘဲရင်းနှီးသွားမှာဖြစ် ပါတယ်။ ဒီတော့စက်ရဲ့အခြေခံ လုပ်ဆောင်ပုံနဲ့ မိတ်ဆက်ပေးပါရစေ။    ဆန်အရောင်မညီရွေးထုတ်စက်မှာ အဓိကပါဝင်တဲ့အစိတ်အပိုင်းတွေကတော့ ဆန်ကိုညီညာစွာစီဆင်းဘို့ တုန်ခါကိရိယာ (Vibrator)၊ ဆန်ဆင်းမြောင်း (Chute)၊ အရည်အသွေးမြင့်အရှေ့ဘက်ကင်မရာ၊ အရည်အသွေးမြင့်နောက်ဘက်ကင်မရာ၊ အရှေ့ဘက်အလင်းပေးမီးများ၊ နောက်ဘက်အလင်းပေးမီးများ၊ ဗဟိုတွက်ချက်ကိရိယာ (Central  Processing Unit . C.P.U)   အရောင်ကွဲခွဲထုတ် လေမှုတ်ခေါင်း(Ejector)၊ ထိန်းချုပ် ခလုပ်ခုံ၊ လေမှုတ်စက် (Air Compressor) တွေဘဲဖြစ်ပါတယ်။    ဆန်အရောင်ရွေးထုတ်စက်ရဲ့စွမ်းအားကိုတော့ Channel တွေနဲ့တိုင်းတာပြီး Channel များလေ စွမ်းအားကြီးလေဖြစ်ပါတယ်။ Channel ဆိုတာ ဆန်စီးဆင်းတဲ့လမ်းကြောင်းဖြစ်ပါတယ်။ Channel တစ်ခုဟာ တစ်နာရီကို ၂ ရာခိုင်နှုန်း အရောင်ကွဲ ပါဝင် မှုရှိနေတဲ့ ဆန်တစ်အိတ်ခန့်ကို ခွဲထုတ်နိုင်ပါတယ်။ ဆန်ဆင်းမြောင်း (Chute) တစ်ခုကို Channel (၂ဝ) ခုမှ (၃၂) ခုထိ ပေါင်း ထားစေပြီး ညီညာစွာစီးဆင်းစေပါတယ်။ ဆန်ဆင်းမြောင်း (Chute) တစ်ခုလျှင် ကင်မရာတစ်လုံး စီနဲ့တွဲဖက်ပြီး ၉၆ Channel ဆိုရင်တော့ Chute (၃)ခုထားပြီး ဆန်ဆင်းမြောင်း (Chute) တစ်ခုမှာ ရှေ့ကင်မရာတစ်လုံးစီ၊ နောက်ကင်မရာတစ်လုံးစီ အသုံး ပြုပါတယ်။ 64 Channel က ပထမ အဆင့်ရွေးထုတ်လိုက်ပြီး Ejector က မှုတ်ထုတ်ပစ်တဲ့ ပစ္စည်းတွေထဲမှာ ဆန် ကောင်းတွေပါဝင်နေတာကို ကျန် 32 Channelက ထပ်မံ၍ အနုစိတ် ခွဲထုတ်ပေးပါတယ်။ လုပ်ဆောင်ပုံကတော့ ဆန်များကို တုန်ခါကိရိယာကနေ ညီညာစွာဆန်စီးဆင်းစေပြီး ကင်မရာရှေ့ကို ဖြတ်သန်းစေပါတယ်။ ကင်မရာမှာ သတ်မှတ်ထားသော ဆန်နဲ့အရောင်ကွဲနေတဲ့ ဆန်တွေကိုမှတ်သားပေးပြီး CPU ကို သတင်း ပို့ပါတယ်။ CPU ကနေ လေမှုတ်ကိရိယာ (Ejector)ကို သတင်း ပို့ပြီး Ejector က အရောင်မညီတဲ့ဆန်ကို မှုတ်ထုတ်ပစ်ပါတယ်။ 96 Channel အတွက် Ejector 96 ခု တပ်ဆင်ထား ပါတယ်။ စက်မှာကင်မရာတွေ၊ ကွန်ပျူတာစနစ်တွေတပ်ဆင်အသုံးပြုရလို့ သန့်ရှင်းမှုအထူးလိုအပ်ပါတယ်။ ကင်မရာရှေ့မှာ ဖုန်တွေကပ်နေရင်အလုပ်မလုပ်တော့ပါဘူး။ အလိုအလျှောက်သန့်ရှင်းတဲ့ Washerတွေ တပ်ဆင်ထားသော်လည်း အသုံးပြုတဲ့ ကုန်ကြမ်းက အထူးသန့်ရှင်းဖို့လိုပါတယ်။ ဒါကြောင့် ကုန်ကြမ်းကိုထည့်သွင်းရင် သန့်စင်စက်တွေအသုံးပြုပြီး ဖြတ်သန်းရပါတယ်။ ဆန်ဆိုရင်တော့ Wet Polisher တင်ပြီးတဲ့ Fresh  Milling ဆန်ကို ထည့်သွင်းပေးရပါတယ်။ စက်ကို သီးခြားအခန်းဖွဲ့စည်း ပေးထားရပြီး၊ စက်ကထုတ်လွှတ်တဲ့အပူကို လျှော့ချနိုင်တဲ့လေအေးစက်တပ်ဆင်ပေးထားရပါတယ်။ စက်ကလုပ်ဆောင် ချိန်ညှိမှု တွေမှာတော့ Sencentivity ခေါ်တဲ့ရွေးချယ်နိုင် မှုကိန်း ဖြစ်ပါတယ်။ ခွဲခြားလိုတဲ့ ပစ္စည်းကများပြီး၊ ခွဲခြားနိုင်စွမ်း ကိန်းမြင့်နေရင်တော့ ထုတ်ပယ်ပစ်တဲ့ အထဲမှာ အကောင်းများပါသွားတတ်ပါ တယ်။ ချိန်ညှိရာမှာတော့ တစ်ကြိမ် ချိန်ညှိထားရင် ကုန်ကြမ်းမပြောင်းလဲပါကမကြာခဏ ချိန်ညှိပေးရန်မလိုပါဘူး။ သန့်ရှင်းရေး၊ အခန်းအပူချိန်၊ လေသန့်စင်မှုတွေကို ဂရုစိုက်ပေးရမှာ ဘဲဖြစ်ပါတယ်။    ယနေ့ဈေးကွက်မှာ ထိုးဖေါက်ယှဉ်ပြိုင်ပြီး ရင်းနှီးမြှုပ်နံှဘို့လိုအပ်သလို စက်ရဲ့လုပ်ဆောင်ချက်အခြေခံကို သိရှိမယ်ဆိုရင် ကိုင်တွယ်ထိန်းသိမ်းရတာ လွယ်ကူတဲ့အတွက် ဆန်အရောင်မညီရွေးထုတ်စက်ရဲ့ အခြေခံလုပ်ဆောင်ပုံနဲ့စက်ဖွဲ့စည်း တည်ဆောက်ပုံကို တင်ပြလိုက်ရပါတယ်။