Main menu

Background

နှစ်သစ်ကူးအဓိဋ္ဌာန် နှင့် လူ့ဓလေ့

Thu, 01/14/2010 - 07:45 -- Anonymous (not verified)

နှစ်သစ်ကူးချိန်တိုင်းမှာ ကျန်းမာရေး လိုက်စားဖို့ဖြစ်စေ၊ ဆေးလိပ်ဖြတ်ဖို့ဖြစ်စေ ကြံစည်စိတ်ကူး မိတတ်ကြသည်။ သို့သော်လည်း နှစ်ဆန်း နှစ်ရက်နေ့ရောက်တော့ လူအတော်များများက ဆိုဖာပေါ်က မရွေ့ဖြစ်ကြ၊ ပြီးတော့ စီးကရက် အသစ်တစ်လိပ် မီးညှိသောက် ဖြစ်ကြလေသည်။ အလားတူ အကြိမ်ကြိမ် အဖန်ဖန် အချိန်ဆွဲ နေကြပုံများကို ဘောဂဗေဒပုံစံမိုဒယ်လ်များဖြင့် ရှင်းပြဖို့ မလွယ်ပေ။ လက်ရှိမိုဒယ်လ်များက မနှစ်မြို့ဖွယ်ရာကိစ္စများကို ချက်ချင်းပြီးပြတ်အောင် လက်ငင်း မရှင်း လိုကြဘဲ၊ နောင်နေ့နောင်ခါအတွက် ရွှေ့ထား လိုကြသည်။  အားကစားလေ့ကျင့်မှုတစ်ခုခုကို ဘယ်နေ့ စလုပ်မလဲဟု ဇန်နဝါရီလ တစ်ရက်နေ့တွင် မေးမည်ဆိုပါတော့...နှစ်ပတ်အတွင်း လုပ်မည်ဟု ဖြေကြလိမ့်မည်။ နက်ဖြန်ခါပဲ စလုပ်မည်ဟု ပြောကြမှာမဟုတ်ပေ။ စံပြုထားသည့် မိုဒယ်လ်များ ကလည်း နောက်နေ့နောက်ခါဆောင်ရွက်ရေးကို ရွေးလေ့ရှိကြသည်မှာလည်း ရွေးချယ်ရန် မေးမြန်းခံရသည့် အချိန်ကာလအပေါ် မူမတည်ဘဲ အချိန်မရွေးတစ်ချိုးတည်း( time consistent)ဖြစ်သည်ဟု မှတ်ယူစဉ်းစားထားခြင်းဖြစ်သည်။ ဇန်နဝါရီ ၁၄ ရက်နေ့ရောက်လို့ မေးပြန်လျှင်လည်း နောက်တစ်နေ့သို့ ရွှေ့ပေလိမ့်ဦးမည်။  လူတို့သည် အလုပ်လုပ် ရန်အတွက် သူတို့၏ နောင်အနာဂတ် ကာလအပေါ် ကြောင်းကျိုး ဆီလျော်ခြင်း မရှိဘဲ အကောင်းမြင်လွန်းတတ်ကြ သည်ဟု ၁၉၉၉ ခုနှစ်ကပြုစုတင်သွင်းခဲ့သော "အချိန်ဆွဲခြင်း၏ ဘောဂဗေဒ"(Economic of procrastination)စာတမ်းတွင် ဖော်ပြထားသည်။ ချက်ချင်း မလုပ်လျှင် နစ်နာမည်ဆိုလျှင် ထိုသို့နစ်နာမည့် စရိတ်သည် အလွန်မများပါက မနှစ်မြို့ဖွယ် အလုပ်ကို မနက်ဖြန်သို့ ရွှေ့ကြမည်ဖြစ်သည်။အာဖရိကမှ တောင်သူလယ်သမားများတွင် သီးနှံအထွက်နှုန်းတိုးပြီး၊ အကျိုးအမြတ် ပိုရနိုင်မှန်း သိထား ကြသော်လည်း ဓာတ်မြေသြဇာသုံးစွဲသူ နည်းပါးသေးခြင်းမှာ အချိန်ဆွဲတတ်သော အလေ့အထကြောင့် ဖြစ်ကြောင်း ရှင်းပြနိုင်သည်။ ကင်ညာနိုင်ငံအနောက်ပိုင်းမှ နှံစားပြောင်း စိုက်သည့် တောင်သူများ၏ ယာမြေများတွင် စမ်းသပ်လေ့လာချက်အရ ပြောင်းတစ်ပင်လျှင် ဓာတ်မြေသြဇာလက်ဖက်ရည်ဇွန်းတစ်ဝက်နှုန်း အသုံးပြုခြင်းဖြင့်  တောင်သူတို့၏ စိုက်ပျိုးရေး နည်းစနစ်ကို တစ်စုံတစ်ရာမပြောင်းလဲသည့်တိုင် တစ်ဧကလျှင် ပျမ်းမျှအကျိုးအမြတ်ဝင်ငွေ ၃၆ ရာခိုင်နှုန်း တိုးတက် ရရှိကြောင်း တွေ့ရသည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ရာသီဥတု မကောင်းသည့်နှစ် မှာပင် ဓာတ်မြေသြဇာသုံးစွဲခြင်းသည် အချည်းနှီး အကျိုးမဲ့ မဖြစ်စေ နိုင်ကြောင်း အထင်အရှား တွေ့ရသည်။ ဓာတ်မြေသြဇာကြောင့် အထွက်တိုးသည်ကို လက်မခံနိုင်သည့် တောင်သူလယ်သမားမှာ ၉ ရာခိုင်နှုန်းသာ ရှိသော်လည်း တောင်သူ ၂၉ ရာခိုင်နှုန်းကသာ ကုန်ခဲ့သော စိုက်ပျိုးရာသီ နှစ်ကြိမ်အနက် တစ်ကြိမ်ကြိမ်တွင် ဓာတ်မြေသြဇာသုံးစွဲဖြစ်ခဲ့ကြသည်။ ဘာကြောင့်ဓာတ်မြေ သြဇာမသုံးသလဲဟူသောအမေးကို တောင်သူငါးပုံလေးပုံက မြေသြဇာဝယ်ဖို့ ငွေမလောက်လို့ မသုံးရတာပါဟုဖြေကြသည်။ တကယ်တော့ ဓာတ်မြေ သြဇာကို ကီလိုဂရမ်အလေးချိန်ဖြင့် လက်လီခွဲဝယ်လို့ရပါသည်။ သို့ဖြစ်ရာ ဆင်းရဲပါသည်ဆိုသောတောင်သူပင်လျှင် သူ့ယာမြေ၏ တစ်စိတ် တစ်ပိုင်း အတွက် ဓာတ်မြေဇာ သုံးမည်ဆိုက သုံးနိုင်ပေသည်။ လာမည့်နှစ် စိုက်ပျိုးချိန် ရောက်လျှင် ဓာတ်မြေသြဇာသုံးစွဲရန် ကြံရွယ်ထားသည်ဟု တောင်သူ အားလုံးလိုလိုက ပြောထား ကြသော်လည်း ယင်းတို့အထဲမှ ၃၇ ရာခိုင်နှုန်းကသာ အမှန်တကယ် သုံးစွဲကြသည်။ ကြံရွယ်သည့် အတိုင်း တကယ်မလုပ် ဖြစ်ခြင်းသည် ပစ္စုပ္ပန်ကိုငြင်းဆန်လိုခြင်း(present biased)နှင့် အကြိမ်ကြိမ် အချိန်ဆွဲခြင်း တို့ကြောင့်ဖြစ်သည်ဟု စီးပွားရေးပညာရှင်တို့က သုံးသပ်ကြ သည်။ သီးနှံပေါ်ချိန်၌ တောင်သူ တို့လက်တွင် ငွေရွှင်ကြသဖြင့် ဓာတ်မြေသြဇာဝယ်ထားမည်ဆိုက ဝယ်နိုင်ကြပါ သည်။ သို့သော်လည်း မြို့ပေါ် တက်ဝယ်ရမှာဖြစ်သဖြင့် နောင်ခါကျတော့လည်း ဝယ်နိုင်မှာဘဲဟ ုထင်မှတ်ကာ နေ့ရွှေ့ညရွှေ့လုပ်ထားတတ်ကြသည်။ သို့သော်လည်း ဓာတ်မြေ သြဇာဝယ်ဖို့ ပိုက်ဆံကို သီးသန့်ခွဲချန်ထားနိုင်လိမ့်မည်ဟု အထင်ရောက်ခဲ့သော တောင်သူ၏ ကြံရွယ်ချက်မှာ နှစ်သစ်ကူး အဓိဋ္ဌာန်တို့၏ ထုံးစံအတိုင်း အထမမြောက်နိုင်တော့ပေ။ ဓာတ်မြေသြဇာကို လျှော့နှုန်းဖြင့် ရောင်းချပေးမည်ဆိုက သီးနှံပေါ်ချိန်မှာရောင်းချခြင်းက စိုက်ပျိုးချိန်နီးမှ ရောင်းခြင်းထက် ပိုပြီး အကျိုးသက်ရောက်မှု ရှိနိုင်သည်။ စိုက်ပျိုးချိန်တွင် ရောင်းခြင်းမှာ စုဆောင်းငွေရှိထားသူအတွက်တော့ အခပက်အခဲမတွေ့နိုင်သော်လည်း တောင်သူအများစုမှာ စုဆောင်းငွေမရှိနိုင်ကြပေ။ ဈေးကွက် ပေါက်ဈေးဖြင့် သယ်ပို့ခ မကုန်အောင် စေတနာ့ ဝန်ထမ်းအဖွဲ့အစည်း တစ်ခုက အိမ်တိုင်ရာရောက်  အခမဲ့ပို့ဆောင် ပေးသည့်တိုင် ရိတ်သိမ်းချိန်မှာထက် စိုက်ပျိုးချိန် ရောက်ခါနီးမှ ဝယ်ယူသူပိုများကြောင်း တွေ့ရသည်။ အမတော်ကြေးတစ်ဝက်ပေးပြီး ရောင်းသည့်တိုင် စောစော ကြိုဝယ် ထားပြီးသုံးစွဲသူ ၁၁ ရာခိုင်နှုန်းသာ တိုးလာသည်။ မိမိတို့ အချိန်ဆွဲတတ်ပုံကို သတိပြုမိသည့် တောင်သူများက ဓာတ်မြေသြဇာဝယ်ဖြစ်အောင် ကိုယ့်ဘာသာ ဖိအားပေးနိုင်မည့် နည်းလမ်းကို ရှာကြံလာကြသည်ဟုဆိုပါသည်။ ဖိလစ်ပိုင ်နိုင်ငံတွင် မကြာမီက စမ်းသပ်မှုအရ ဆေးလိပ်ဖြတ်မည့်သူက ပဋိညာဉ် လက်မှတ်ထိုးပြီး ဘဏ်တွင ်အတိုးမဲ့ အပ်ငွေအချို့ ထည့်ထားရသည်။ ၆ လအထိ ဆေးလိပ်ပြတ်လျှင် ဘဏ်မှ ငွေပြန်ထုတ်ပေးသည်။ မပြတ်လျှင်တော့ ထိုအပ်ငွေကို ကုသိုလ်ဖြစ်လုပ်ငန်းအတွက် အလှူငွေ အဖြစ် လွှဲအပ်ပေးရသည်။ ထိုသို့စမ်းသပ်မှုတွင် ဆေးလိပ်ပြတ်သူ ၃၀ ရာခိုင်နှုန်းတိုးလာသည်ဟု ဆိုပါသည်။ သို့ဆိုလျှင်တော့ နှစ်သစ်ကူးအဓိဋ္ဌာန်  ပြာဖြစ်မသွားတော့ပါဟု ဆိုနိုင်ပါလိမ့်မည်။ The Economistဦးဟန်ထွန်း(အခွန်)