Main menu

Background

နှစ်သစ်အကူးမှာ နယူးမော်ဒယ်လ်ကိုနေရာပေးနိုင်ဖို့

Tue, 12/22/2009 - 08:05 -- Anonymous (not verified)

    နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကို ကူးပြောင်းတော့မည်။ နှစ်သစ်ကိုကူးပြောင်းတော့ မည်ဆိုသည်ကို ကမ္ဘာပေါ်ရှိလူသားတိုင်း အမှတ်တရရှိလှသည်။ လူတိုင်းလူတိုင်းသည် နှစ်သစ်ကိုရောက်တော့မည်ဆိုလျှင် နှစ်ဟောင်းက ပတ်သတ်ကခဲ့တဲ့အရာတွေကို အနည်းနဲ့အများဆိုသလို စွန့်ခွါထားရစ် ခဲ့ဖို့ စိတ်ကူးကြသည်။    တချို့ကတော့  မိမိစိတ်ကူးသည့် အတိုင်း အကောင်အထည်ဖော်ကြသလို တချို့ကတော့စိတ်ကူးကို စိတ်ကူးထဲမှာပင် ထားရစ်ခဲ့တတ်ကြသည်။ ဤအချက်သည်ပင်လျှင် လူတို့၏သဘာဝပင် ဖြစ်ရှာရော့မည်။    ''အဟောင်းအဟောင်းတို့ ချုပ်ငြိမ်းရာတွင် အသစ်အသစ်တို့က အစားထိုး ဝင်ရောက်နေရာယူစမြဲပင်တည်း''ဟူသည့် ကျောင်း တုန်းက သင်ခဲ့ရသည့် သဘောတရားတစ်ခုကို အမှတ်ရမိသည်။ နည်းပညာတိုးတက်လာ သည်နှင့်အမျှ လူ့အသုံးအဆောင်ကုန် ပစ္စည်းနှင့် အသစ်အဆန်းများလည်း တစ်နှစ်ထက်တစ်နှစ် ပိုမို၍တိုးတက် များပြားလာခဲ့သည်။ တီထွင်မှုများဆန်းသစ်လာသည် နှင့်အမျှ ကုန်ပစ္စည်းအမျိုး အစားနှင့် အမှတ်တံဆိပ် သည်လည်း အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေရာယူလာခဲ့သည်။ ကုန်ပစ္စည်း အမှတ်တံဆိပ် ဆိုသည်မှာ မြန်မာပြည် သူလူထု၏ပါးစပ်ဖျားတွင် ရေပန်းစားနေသည့် Brand ဟူသည့်စကားရပ်ပင် ဖြစ်သည်။ တိုရှီဘာ၊ နီဆန်း ဆိုနီ၊ ဟီတာချီ၊ ဒေဝူး၊ ဆမ်ဆောင်း၊ ဖို့ဒ် စသည်ဖြင့် ကမ္ဘာကျော် Brand များရှိကြသည်။    ကုန်ပစ္စည်းအသစ်ကို မြန်မာတို့က Brand Newဟုလွယ်လွယ်ပြောကြ သည်။ ဈေးကွက်ထဲကို အသစ်စက်စက်ဝင်ရောက် လာသော ကုန်အမှတ် တံဆိပ်အသစ်လား၊ လက်ရှိ Brand များထဲက အသစ်ဝင်လာသည့် Model ကို ပြောသည်လား ကွဲပြားမှု သိပ်မရှိပါ။အဘယ်ကြောင့် Brand New သို့မဟုတ် Model အသစ်ကို ရွေးချယ်ကြ    လူတို့သည် အဟောင်းထက် အသစ်ကိုသာ မက်မောတတ်ကြသည်။ ပစ္စည်းအသစ်အဆန်းတစ်ခုကိုတွေ့လျှင် အဟောင်း ထက်သာမှာပဲဆို သည့် အတွေးဝင်လာတတ်ကြသည်။ သို့သော် ကုန်ပစ္စည်းအသစ်သည် စားသုံးသူများနှင့် ထုတ်လုပ်သူများ အကြား ပဋိပက္ခတစ်ရပ်ကို ဖော်ဆောင်နိုင်သကဲ့ သို့ လိုက်လျောညီထွေမှုကိုလည်း ဖြစ်ပေစေနိုင်ပါသည်။ ကုမ္ပဏီတစ်ခုက မိမိတံဆိပ်ကို တိုးတက်သစ်လွင်အောင် ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်းအသစ် သည် အဟောင်းထက် နည်းစနစ်ပိုင်း၊ ဖွဲ့စည်း တည်ဆောက်မှုအပိုင်းတို့တွင် သာလွန် တတ်သောကြောင့် ကုန်ပစ္စည်း အသစ်ကိုသာ ရွေးချယ်ဝယ်ယူဖို့ လူတိုင်းက အားသန်ကြ သည်။ မော် တော်ကားဆိုလျှင် 08 Model, 09 Model စသည်ဖြင့် မော်ဒယ်လ်နဲ့ပတ် သက်ထုတ်လုပ်သော နှစ်ကိုလိုက်၍ ပြောဆိုတတ်ကြသည်။ ဒါက ကုန်ပစ္စည်း ဈေးကွက်နယ်ပယ်က အဟောင်းနဲ့ အသစ်ကိစ္စဖြစ်သည်။နှစ်သစ်နဲ့ မော်ဒယ်လ်သစ်    စီးပွားရေးပညာရှင်တစ်ဦးက ကမ္ဘာ့ကုန်စည်ရောင်းဝယ်မှုလောကကို ကြီးမားသောအပြောင်းအလဲဖြစ်စေခဲ့သည်မှာ ကုန်ထုတ် လုပ်သူများက မော်ဒယ်လ် (Model) ကို တီထွင်ခဲ့ခြင်းဖြစ်သည်ဟုဆိုပါသည်။ ကုန်အမှတ် တံဆိပ်တစ်ခုကို လူသားတို့စဉ်ဆက် မပြတ် စွဲလန်းနေအောင် ဝယ်လိုသည့် ဆန္ဒကို အတောမသတ်အောင် တွန်း အားပေးခဲ့သည်မှာ နှစ်စဉ်အသစ်ထွက်နေသည့် မော်ဒယ်လ်အသစ်များ ကြောင့်ဟုဆိုလျှင်မှားမည်မထင်ပါ။ ကုန်ပစ္စည်းထုတ်လုပ်မှု ကုန်သွယ်မှုလောကတွင် နှစ်ကုန်တိုင်း မော်ဒယ်လ် ဟောင်းတို့ ဆိုင်ပေါ်မှဆင်းရပြီး မော်ဒယ်လ်သစ်တို့ကို နေရာပေးကြရစမြဲဖြစ်သည်။ သို့ဖြစ်၍ မော်ဒယ်လ်ဟောင်းတို့ မည်သို့မည်ပုံဆိုင်ပေါ်က စွန့်ခွာကြသနည်း၊ တွေးတောစရာဖြစ်လာသည်။လှူဒါန်းခြင်းလား၊ စုပုံရှင်းလား     တလောက အင်တာနက် သတင်းတစ်ပုဒ်တွင် အီးယူနိုင်ငံများမှ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းအဟောင်းများကို နှစ်စဉ် အာဖရိကနိုင်ငံများသို့ ဈေးပေါပေါဖြင့်ရောင်းချခြင်း၊ လှူဒါန်းခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိသဖြင့်  အာဖရိက၏ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်ဆီးမှုများရှိနေကြောင်းဖတ်ရသည်။ သဘာဝဘေးအန္တရာယ်တစ်ခုအတွက် အလှူ တစ်ခုတွင် အပ်ချုပ်စက်တံဆိပ်မျိုးစုံကို လှူဒါန်းထားကြောင်းတွေ့ရသည်။ ထို အပ်ချုပ်စက်တစ်လုံး၏ တန်ဖိုးကိုလေ့လာရာတွင် လှူဒါန်း သည့်နိုင်ငံကြီး၏ နိုင်ငံသားများ၏ တစ်နာရီလုပ်ခကြေး ငွေ၏ ၅၀ ရာခိုင်နှုန်းသာရှိသည်ဟု တွေ့ရ၍လှူဒါန်းခြင်းလား၊ အမှိုက် စွန့်ပစ်ခြင်းလားလို့ တွေးတောမိသည်။ သေချာသည်ကတော့ ထိုအပ်ချုပ်စက် ကို ၎င်းတို့နိုင်ငံတွင် စနစ်တကျစွန့်ပစ်လျှင် လှူဒါန်းသည်ထက်ကုန်ကျစရိတ်ပိုဖို့ရှိပါသည်။ အဟောင်းတွေအတွက် Year End Sale ဈေးရောင်းပွဲတော်တွေ    နိုင်ငံတိုင်းမှာ ပြက္ဓဒိန်နှစ်တစ်ခု ကုန်ခါနီးတိုင်း နှစ်သစ်တွင်ရောက်လာမည့်ကုန်အမှတ်တံဆိပ်အသစ်၊ မော်ဒယ်လ်အသစ်၊ ဒီဇိုင်းအသစ်တွေ အတွက် နေရာပေးဖို့ မော်ဒယ်လ် ဟောင်း၊ ဒီဇိုင်းအဟောင်းတို့ စွန့်ခွာကြရ စမြဲ ဖြစ်သည်။ စွန့်ခွာသည့် ပုံသဏ္ဍာန် အမျိုးမျိုးရှိသည့်အနက် မိမိဆိုင်မှာပင် ဒစ္စကောင့်ချ၍ရောင်းခြင်း၊ စူပါမား ကက်များတွင် ဈေးရောင်းပွဲတော်များကျင်းပ၍ ဈေးချ၍ ရောင်းခြင်း၊ ရွေ့ လျားဈေးဆိုင်ပုံသဏ္ဍန်ဖြင့် နယ်လှည့်၍ ရောင်းခြင်း အပါအဝင် နည်းလမ်းမျိုးစုံ သုံးစွဲလျက်ရှိကြသည်။     ''ကျွန်တော်တို့ ကုမ္ပဏီကတော့ လျှပ်စစ်ပစ္စည်းတွေ အများဆုံးတင်သွင်း ရောင်းချတာပါ။ တီဗွီ၊ ဒီဗွီဒီ၊ ရေခဲသေတ္တာ၊ အဝတ် လျှော်စက်၊ ပန်ကာ၊ မီးပူစသဖြင့်ပေါ့။ နှစ်ကုန်ခါနီးပြီ ဆိုရင်တော့ ကုန်ပစ္စည်းတင်သွင်းတာကိုနည်းနည်းဂရုစိုက်ရတယ်။ ကျွန်တော် တို့ဆီမှာကလည်း သိတဲ့အတိုင်းပဲလေ။ ပစ္စည်းတစ်ခုဝယ်သွားပြီးပြီဆိုရင် မပျက်မခြင်း၊ အဲဒီထက်ပိုပြောရရင် လုံးဝကို ပြင်လို့မရ တော့မှ နောက်ထပ်ဝယ်ကြတာမျိုးလေ၊ ဒါတောင်မှ လက်ပူ တိုက်ပြီး သုံးနေကြတာမျိုး လည်း ရှိနေသေးတာ။''    ''ကုန်ပစ္စည်းအဟောင်းတွေကို ဘယ်လိုလုပ်သလဲဆိုရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတစ်နှစ်ပတ်လုံးပွဲတော်တွေ မပြတ်ဖူးလေ။ သြင်္ကန်၊ သီတင်းကျွတ်၊ တန်ဆောင် တိုင်စသဖြင့် ပွဲတော်တွေမှာ 'ပွဲတော် ကာလ အထူးလျှော့ဈေး'ဆိုပြီး ရောင်းပေးတယ်။ အခုတော့ မြန်မာပြည်က လူတွေလည်း နဲနဲတော့ လျင်လာကြပြီဗျ။ ကျန်တဲ့အချိန်ဆိုရင် အရောင်း အဝယ်က မဖြစ်သလောက်ပဲ။ အဲဈေး ရောင်းပွဲတော် အထူးလျှော့ဈေးဆိုရင် တော့ ကြိတ်ကြိတ်တိုးပဲ''ဟု လျှပ်စစ်ပစ္စည်းများ တင်သွင်း ရောင်းချနေသည့် ကုမ္ပဏီကြီးတစ်ခုမှ အရောင်းမန်နေဂျာတစ်ဦးကပြောပြပါသည်။    မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း ရှိစက်မှုလုပ်ငန်းများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများသည်လည်းတစ်နှစ်ထက်တစ်နှစ် တိုးပွားလျက်ရှိသည်ကိုတွေ့ရှိရသည်။ သို့သော်လည်း ပြည်တွင်း တွင် ထုတ်လုပ်သောပစ္စည်းများမှာ အစားအသောက်နှင့် အဝတ်အထည် များအနက် အစားအသောက်များကို အမျိုးမျိုးသော အရသာများဖြင့် တီထွင်ပြုလုပ်လာသော်လည်း ကုန်ပစ္စည်း အသစ်အဖြစ်သတ်မှတ်ခြင်းမရှိပေ။ အဝတ် အထည်များတွင်မူ တစ်နှစ်ထက်တစ်နှစ်ဒီဇိုင်းဆန်းများ၊ အသွင်ဆန်းများသည် နှစ်စဉ်နှစ်တိုင်းလိုလို အချိန်နဲ့ အမျှ ပြောင်းလဲလျက်ရှိသည်။    ''ကျွန်မတို့ True တံဆိပ်ကလေး ဝတ်၊ အမျိုးသမီး၊ အမျိုးသားဝတ်တွေ ကို ချုပ်လုပ်ရောင်းချတဲ့အခါမှာ တစ်နှစ်ထက်တစ်နှစ် အင်္ကျီဒီဇိုင်းတွေကို မတူအောင် မထပ်အောင် ဒီဇိုင်းဆွဲကြရ ပါတယ်။ ဝတ်ဆင်သူတွေ စိတ်ဝင်စားမယ့်ဒီဇိုင်းတွေ၊ ဖက်ရှင်ပုံစံတွေကို အမျိုးမျိုးပြောင်းပေးရပါတယ်။ ဝတ်ဆင်သူတွေရဲ့အကြိုက်ပေါ့။''    ''ဒီဇိုင်းဟောင်းသွားပြီဆိုရင် တော့ ကျွန်မတို့အနေနဲ့ အထူးလျှော့ဈေးနဲ့ဈေးချပြီးရောင်းပေးပါတယ်။ ဒါဆိုရင် သာမန်လက်လုပ် လက်စားပြည်သူတွေပါ ဝယ်ဝတ်နိုင်တာပေါ့။ ဒီဇိုင်းအဟောင်း ဆိုရင် အနည်းဆုံး ၂၅၀၀ကျပ်နဲ့ ၃၀၀၀ကျပ်လောက်ပဲ ဈေးနှုန်းရှိတာ ဆိုတော့ လူတိုင်းဝယ်ဝတ်နိုင်တာပေါ့။''    ''ဒါ့ပြင် ဒီဇိုင်းအသစ်ထုတ်တော့မယ်ဆိုရင် အရင်တုန်းကရောင်းအားဘယ်လောက်ရှိသလဲဆိုတာကို ကြည့်ပြီးမှ ထုတ်တာ ပါ။ အဲဒါမှ ဒီဇိုင်း အဟောင်းတွေ ဈေးကွက်ထဲမှ သိပ်မ ကျန်မှာ'' True ကလေးဝတ်၊ကျား ဝတ်၊ မ-ဝတ် အထည်အရောင်းဆိုင်မှ တာဝန်ခံတစ်ဦးကရှင်းပြပါသည်။    အထူးသဖြင့် ယနေ့အိုင်တီ လောကကြီးသည် တစ်နေ့ထက်တစ်နေ့ ပြောင်းလဲတိုးတက်လျက်ရှိရာ ၎င်းတို့နဲ့ ဆက်စပ်ပစ္စည်း တွေလည်း တစ်နေ့ ထက်တစ်နေ့ အဟောင်းတန်းကို ဦး တည်လျက်ရှိပါသည်။    ''ကွန်ပျူတာပစ္စည်းဆိုတာ ဒီနေ့ ဒီပစ္စည်း ဒီပုံစံမျိုးဖြစ်ပေမယ့် နောက်နေ့ကျရင်တစ်မျိုးပြောင်းသွားရော။ ကိုယ့်ဆီကို ရောက်လာတဲ့ပစ္စည်းဆိုရင် ဈေးကွက်ထဲကို ရောက်အောင် အမြန်ပို့ ရတယ်။ သိမ်းထားလို့ မရဘူး။ ၂၀၀၉ နှစ်စပိုင်းတုန်းက P-4 တွေ ခေတ်စား တုန်းပဲ။ အခုနှစ်ကုန်ခါနီးပြီ။ P-4 ဆို တာ ခေတ်သိပ်မရှိတော့ဘူး။ P-5 ဆိုတဲ့ ခေတ်ကိုရောက်လာပြီ။ သုံးလို့မရတာမျိုးတော့မဟုတ်ပါဘူး။ သုံးလို့ရပါ တယ်။ ဒါပေမယ့် အသစ်ထွက်လာမယ့် Software  တွေကျတော့ တင်လို့မရ တာတို့၊ အင်တာနက် ချိတ်ဆက်လို့ မရတာတို့၊ ဗိုင်းရပ်စ် Software တင်လို့မရတာတို့ဖြစ်တတ်တယ်''    ''အဲဒါကြောင့် ကျွန်တော်တို့ အနေနဲ့ နည်းပညာအသစ်တွေကို စဉ်ဆက်မပြတ်လေ့လာနေရတယ်။  နည်းပညာတွေမြင့်တက် လာလေ၊ ကျွန်တော်တို့ရဲ့ ပစ္စည်းတွေဟာလည်း ဟောင်းလာလေပါပဲ''ဟု ဆိပ်ကမ်းသာလမ်းမှ ကွန်ပျူတာရောင်းဝယ်ရေး ဆိုင်တာဝန်ခံတစ်ဦးက ရှင်းပြပါသည်။အဟောင်းအသစ်မရှိဘူး စိတ်ကြိုက်စမ်းသပ်ဝယ်ယူပါ    ထို့ပြင် ရောင်းချပေးသည့် ကုန် ပစ္စည်းကို မိမိစိတ်ကြိုက်စမ်းသပ်ပြီးမှ ဝယ်ယူနိုင်သည့်ပုံစံမျိုးကို အသုံးပြု၍ စားသုံးသူများအား ဆွဲဆောင်သော နည်းစနစ်တစ်မျိုးကို ရန်ကုန်မြို့တွင် ယခုမှတွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်ကိုတွေ့ရှိရပါသည်။ အဆိုပါနည်းစနစ်တစ်မျိုးကို ဈေးပွဲတော်များ၊ အရောင်းမြှင့်တင်ရေးပွဲများတွင် စားသုံးသူများနှင့် တိုက်ရိုက်ထိတွေ့၍ ရောင်းချ လျက်ရှိပါသည်။    ''အရင်တုန်းက ကုန်ပစ္စည်း တစ်ခုထုတ်လုပ်လိုက်ပြီဆိုရင် ဈေးကွက် ထဲကို ဖြန့်လိုက်တာပဲ။ ကိုယ့်ပစ္စည်းကို စားသုံးသူတွေ ရဲ့သဘောထားက ဘယ်လိုရှိသလဲဆိုတာ မခန့်မှန်းခဲ့ဘူး။ အခုအချိန်မှာ ပြိုင်ဆိုင်မှုတွေကများလာ တော့ ဈေးကွက်အတွင်းမှာ စားသုံးသူ တွေရဲ့ အသံကို နားထောင်ရတော့ မယ်။ ဒါကြောင့် အခုလို ဈေးပွဲတော်  တွေမှာ ကိုယ့်ပစ္စည်းရဲ့အရသာရှိမှုတွေ ကိုသိအောင် စားသုံးသူတွေကိုချက်ခြင်း အရသာခံစားနိုင်အောင် အခုလိုမျိုးစိတ်ကြိုက်စားသုံးစေတာပါ''ဟု မားမားခေါက်ဆွဲ အရောင်းဆိုင်မှ အရောင်းတာဝန်ခံတစ်ဦးက ပြောပြပါသည်။    အားနာတတ်သော ဓလေ့စရိုက် ကြောင့် ဈေးပွဲတော်များ၊ အရောင်းမြှင့်တင်ရေးပွဲများတွင် အခမဲ့စားသုံးစေခြင်း (အမြည်း ပေးခြင်း)၊ အခမဲ့စမ်းသပ် လိမ်းချယ်ပေးမှုစသည့် ဆွဲဆောင်မှုများသည် မြန်မာလူမျိုးများကို အခက်တွေ့စေနိုင်ကြောင်း ဈေးပွဲတော်သို့ လာရောက်လေ့လာခဲ့သည့် စားသုံးသူတစ်ဦးကဝေဖန်ခဲ့ပါသည်။စီးပွားရေးကျင့်ဝတ်၊ လူ့အသိုက် အဝန်းကျင့်ဝတ်နှင့်ညီညွှတ်သော လုပ်ဆောင်မှု    ''ကျွန်တော်တို့တတွေက ဈေးရောင်း ပွဲတော်တွေနဲ့မစိမ်းတော့ဘူးဗျ။ ပြီးခဲ့တဲ့နှစ်က ငွေကြေးအကျပ်အတည်းဂယက်ကြောင့် ပစ္စည်းတွေကို လျှော့ဈေး နဲ့ထုတ်တာ တော်တော်လေးတွင်တွင် ကျယ်ကျယ်လုပ်ခဲ့တယ်။ အများအားဖြင့် အီလက်ထရွန်နစ် ပစ္စည်းတွေပေ့ါ လေ။ ပစ္စည်းလက်ကျန်တွေ ရှင်းထုတ် ကြတယ်။ ဈေးနှုန်းကလည်း သက်သာ လာတော့ အလယ်အလတ်တန်းစား တွေက ဝယ်သုံးဖြစ်ကြတယ်။ အသံတွေ တော့အမျိုးမျိုးထွက်ကြတယ်။ ကျွန်တော် လည်းဝယ်သုံးဖူးတယ်။ ဈေးကျတယ်ဆို ပေမယ့် ကျွန်တော်တို့အတွက်တော့ အဲဒီကျဈေးကိုပဲ ငွေမီအောင်ကြိုးစားခဲ့ရတာပါ။ ကျွန်တော်ဝယ်တဲ့ပစ္စည်းကတော့ ခုထိ ကောင်းကောင်းမွန်မွန်ပါပဲ။ တကယ်တော့ ပေါ်ခါစကဈေးနဲ့ဝယ်မသုံးနိုင်သူတွေအတွက်တော့ Year End Sale ကအကျိုးရှိပါ တယ်။ ဒီအခြေအနေမျိုးမှာ ရောင်းသူဖက်က ''မကောင်းတဲ့ပစ္စည်းကို နွားမရွှံ့ပိတ်ရောင်းတာမျိုး'' မရှိဘူးဆိုရင် အကောင်းဆုံး ပါပဲဟု ဌာန ဆိုင်ရာ အရာရှိတစ်ဦးကဆိုပါသည်။     မည်သို့ပင်ဆိုစေ ကာလယန္တရား၏စေရာနောက်သို့လိုက်ပါနေကြရ သည့် လူသားတို့အဖို့ ရက်၊ လ၊ နှစ်များ ကုန်ဆုံးတိုင်း ပြီးခဲ့သောအတိတ်အတွေ့ အကြုံများကို သင်ခန်းစာယူရင်း မကြာ မီတွေ့ကြုံရမည့် ရက်၊ လ၊ နှစ်အသစ် များအတွင်း ရင်ဆိုင်ရမည့် လူမှုစီးပွား ဘဝနယ်ပယ်အတွက် လိုက်လျောညီ ထွေဖြစ်အောင်ကြိုတင်ပြင်ဆင်ကြရစ မြဲဖြစ်ပါသည်။ ထိုပြင်ဆင်မှုများထဲတွင် လူမှုဘဝအသုံးအဆောင်တို့ကိုလည်း အဟောင်းများနေရာတွင် အသစ်တို့ဖြင့် အစားထိုးဖို့ကြိုးစားခဲ့ကြရာ ကုန်ပစ္စည်း ထုတ်လုပ် ရောင်းချသူများအနေဖြင့် စီးပွားရေးကျင့်ဝတ် သိက္ဓာနှင့်ညီညွှတ် သော လူ့အသိုက်အဝန်း၏ ကျင့်ဝတ်ကို စောင့်ထိန်းလိုက်နာ သော နည်းလမ်းများဖြင့်သာ အဟောင်းများကို စွန့်ပစ်ကြဖို့ဆန္ဒပြုလိုက်ရပါသည်။