Main menu

Background

သွက်လက်ဖွံ့ဖြိုးလာဦးမယ့် အိမ်ခြံမြေဈေးကွက်

Tue, 11/24/2009 - 10:27 -- Anonymous (not verified)

    ''ပတိရူပ ဒေသဝါသောစ သင့်တင့်လျောက်ပတ်သောအရပ်မှာ နေခြင်းသည် ကောင်းမြတ်သောမင်္ဂလာ'' တဲ့။ ကိုယ့်မိသားစု၊ ကိုယ့်လုပ် ငန်းနဲ့ အဆင်ပြေဆုံးနေရာကို လူတိုင်းတောင့်တကြတာပါပဲ၊ ဘဝတစ်ခုရပ်တည်ရေးအတွက် နေရေးဟာ အခြေခံ အုတ်မြစ်မဟုတ်ပါလား။ ဒါပေမဲ့ လူတိုင်းလူတိုင်း ဒီအခြေခံအုတ်မြစ်ကို အခြေခံတည်ဆောက်နိုင်ကြပါသလား။    ဒီနေ့ခေတ်လို အလျင်အမြန် ပြောင်းလဲနေတဲ့အချိန်မှာ ခေတ်နဲ့အညီ ရှင်သန်နိုင်ဖို့ နေရေးကိုထည့်မစဉ်းစားလို့မရပါဘူး။ နေရေးဟာ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ အရေးတွေနဲ့ဆက်စပ်နေတာပါ။အထူး သဖြင့် မြို့ကြီး၊ ပြကြီးတွေမှာ မစဉ်းစား လို့မဖြစ်တဲ့ကိစ္စပါ။ ဒါကြောင့် မိသားစု စီးပွားရေးအခြေအနေအလိုက် အခြေတကျနေထိုင်ဖို့၊ သစ်မရှိခင်ကြား ဝါးကို ပေါင်းကွပ်ဆိုသလို ယာယီနေထိုင်ဖို့ ကြိုးစားကြရပါတယ်။ ဒီလိုကြိုးစားနေရတဲ့ အိမ်ခြံမြေဈေးကွက်ဟာနေ့စဉ်နဲ့အမျှလှုပ်ရှား ရှင်သန်နေမှာမလွဲပါဘူး။    ဒီတော့ အိမ်ခြံမြေဈေးကွက်နဲ့ တိုက်ခန်းအငှားတွေလေ့လာဖို့ လိုလာ ပါတယ်။ အိမ်ခြံမြေဈေးကွက်ကို စီးပွားရေးလုပ်ကိုင်လို သူတွေ သတိပြုမိကြ တာ ၉၇ ခုနှစ်လောက်ကတည်းကလို့ ဆိုနိုင်ပါတယ်။ လုပ်ငန်းတွေကောင်း သလို အဆောက်အဦတွေလည်း အလျှိုလျှိုပေါ်လာခဲ့ပါတယ်။ အဲဒီကနေ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ ပုံမှန် အနေအထားနဲ့ပဲ အရောင်းအဝယ် ဖြစ်နေတာမျိုးပါ။ လက်ရှိအနေ အထား နဲ့ အနီးစပ်ဆုံးနှစ်တွေကို လေ့လာ ကည့်မယ်ဆိုရင်...၂၀၀၈ ခုနှစ်ရဲ့ အိမ်ခြံမြေအခြေအနေ        ၂၀၀၈ ခုနှစ်ရဲ့ အစဟာအိမ်ခြံမြေ လောကအတွက် လေဟုန်စီးတဲ့ကာလ တွေပါ။ နေရာစုံ အလွှာစုံမှာ ကျပ်သိန်း သုံးလေး၊ ငါးရာကစလို့ ကျပ်သိန်း ထောင်ချီတန် ပွိုင့်ကြီးတွေ (နေရာ ကောင်း တန်ဖိုးကြီးတွေ) အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒီအရှိန် ကြောင့်ပဲ ဇန်နဝါရီလမှာဈေးကွက် ပိုသွက်လာခဲ့ တာပါ။ ကွန်ဒိုတွေထက်လုံးချင်းတွေ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။    ''ဖေဖေါ်ဝါရီလ ၂၅ ရက်မှာ မန္တလေးရတနာပုံဈေးကြီးမီးလောင်မှုဖြစ်ပြီးတဲ့နောက် ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အနည်းငယ် တုံ့ ဆိုင်းခဲ့ပါတယ်။ မတ်လပထမပတ်မှာ တက်ရိပ် မှာ ပုံမှန်အရှိန်လေးနဲ့ ရှိနေပြီး၊ စက်မှု ဇုန်မြေကွက်တွေရဲ့ ရောင်းဝယ်ငှားတွေက ငြိမ်နေပါတယ်'' လို့ ဖေဖေါ်ဝါရီနောက်ဆုံးပတ်နဲ့မတ်လရဲ့အခြေအနေကို ကျောက်တံတားမြို့နယ် အခြေစိုက်အိမ်ခြံမြေ ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။    ဧပြီလမှာ အိမ်ခြံမြေ အရောင်း အဝယ်က တစ်လလုံးတောက်လျှောက် အေးပါတယ်။ မေလဆန်းမှာ နာဂစ်မုန်တိုင်းဒဏ်ခံရပြီး တဲ့ နောက်တိုက်ခန်း အပေါ်ဆုံးလွှာတွေ လူကြိုက်နည်းသွား ကြတယ်။မုန်တိုင်းကြောင့် နိုင်ငံတကာ အစိုးရတွေအပြင် NGO တွေ ပါ ပါဝင်ကူညီလာတာကြောင့် အိမ်ခြံမြေဈေးကွက်မှာ မေလလယ်လောက်ကစပြီး လုံးချင်းရုံးခန်းအငှားတွေ၊ ကယ်ဆယ်ရေး ပစ္စည်း တွေထားသိုဖို့ ဂိုဒေါင်တွေအငှားလိုက်ခဲ့ပါတယ်။နာဂစ်မုန်တိုင်းပြီး အခြေအနေ        မုန်တိုင်းအပြီး ၂ လလောက် ငြိမ် နေတဲ့ အိမ်ခြံမြေဈေးကွက်ဟာ ဇူလိုင်လမှာ တစ်ကျော့ပြန်လှုပ်ရှားကောင်းမွန်လာပါတယ်။ ဗဟန်း၊ ကမာရွတ်၊ မရမ်းကုန်းမြို့နယ်တွေမှာ သိန်းသုံး လေးထောင်၊ တစ်သောင်းတို့လို တန်ဖိုးကြီးအိမ်ရာမြေကွက်တွေ  အရောင်း အဝယ်ပြန်ဖြစ်လာပါတယ်။တန်ဖိုး သိန်း သုံး၊လေး၊ငါးရာ၊ တစ် ထောင်၊ နှစ်ထောင်မြေကွက်တွေလည်း မြို့နယ်စုံမှာ အရောင်း အဝယ်ရှိလာတာပါ။ ဝါမဝင်ခင် တိုက်ခန်းအငှား၊ လုံချင်း အငှား၊ ရုံးခန်းအငှားတွေသွက်လက်လာပါတယ်။ အရောင်းပြခန်း အပါ အဝင်၊ ရုံးခန်းလုပ်ငန်းသစ်တွေအတွက် လုံးချင်း၊လမ်းမတန်းနေရာတွေမှာ နေရာကျယ်ငှားရမ်းမှုတွေ၊ ထပ်တိုးလာတာကြောင့် စီးပွားရေးသစ်ထူထောင်သူတွေများလာတယ်လို့ဆိုနိုင်ပါတယ်။    ၂၀၀၈ ခုနှစ်ထဲမှာ သြဂုတ်လဟာ အိမ်ခြံမြေဈေးကွက်အတွက် ထူးခြားတဲ့လတစ်လပါ။ အရောင်းအဝယ်တွေ အတော်သွက်ခဲ့ ပါတယ်။ ဒီလဟာ အခွန် စည်းကြပ်မှုစနစ်သစ် အကောင် အထည်ဖော်မယ့်အကြောင်း ထုတ်ပြန် လိုက်တာကြောင့်လို့လည်း ဆို နိုင်ပါတယ်။အရောင်းအဝယ်တွေသွက်လာ သလို လမ်းမတန်းနဲ့နေရာကောင်းတွေ မှာ တစ်ပေပတ်လည်ကို အရင်ခေါ်ဈေး ကျပ် ရှစ်သောင်း၊ ကိုးသောင်းကနေ ကျပ်တစ်သိန်းခွဲ၊ နှစ်သိန်းအထိ တိုး ခေါ်လာကြတာပါ။ ပုံမှန်အိမ်ခြံမြေဝယ်ရောင်းတွေသာ မက တော့ဘဲ လုပ်ငန်း စုံက ဝယ်ရောင်းတွေပါ ငွေထုပ်ပိုက်ပြီး ဝင်လာကြပါတယ်။ ပြန်ရောင်းရင် အမြတ်ကျန်မယ့်နေရာကောင်း၊ အကွက်ကောင်းတွေကို ဝယ်လာကြ ပါတယ်။ ဒါကြောင့် သြဂုတ်လဟာ ၁၉၉၀ ခုနှစ်ကျော်ကာလ အိမ်ခြံမြေ ''ရွှေခေတ်'' နောက်ပိုင်း၊ အရောင်းအဝယ်အကောင်းဆုံးအိမ်ခြံမြေ စန်းပွင့်ကာလဓလို့တောင်ဆိုရမလိုပါပဲ။    စက်တင်ဘာလထဲမှာ အိမ်ခြံမြေ အရောင်းအဝယ်တွေ ဆက်လက်အားကောင်းခဲ့ပါတယ်။ ဈေးကွက်မှာ ခြံမြေ လုံးချင်းအိမ်ရာ တွေ အဆမတန်ဈေးတက်လာပါတယ်။    နေရာကောင်းတွေမှာ ရောင်းကွက်သာပြီး ၊ အမြတ်ကျန်မဲ့ ခြံမြေ အိမ်ရာဝယ်သူတွေကတက်ရိပ်မျှော်ပြီး ရောင်းဈေးတွေကို မတန်တဆခေါ်ခဲ့ကြပါတယ်။ တချို့မြေကွက်တွေဆို တစ်ခါမှမကြားဘူးတဲ့ ဈေးတွေလို့ ပြောနိုင်ပါတယ်။ တစ်ပေပတ်လည်ကို ကျပ်နှစ်သိန်းခွဲ၊ သုံးသိန်း လောက်အထိ အော်ခဲ့တာပါ။ လက်တွေ့မှာ ဝယ်လက် တွေ  တန့်ကုန်တာကြောင့် အရာင်းအဝယ်မရှိ သလောက် ဖြစ်ခဲ့ပါတယ်။ စက်တင်ဘာလလယ်မှာ အမေရိကန် နိုင်ငံမှာရှိတဲ့ ''လေးမန်းရားသား'' ဘဏ်ကြီး စတင်ပြိုလဲရာက စီးပွားပျက်ကပ်စတင်ခဲ့ပါတယ်။    ''လလယ်လောက်မှာ ကမ္ဘာ့ ရွှေ ဈေးပြန်ဦးမော့သွားပေမဲ့ မြန်မာရွှေ ဈေးပါရောယောင်လိုက်တက်သွားပါတယ်။ ဒါပေမယ့် ပြည်တွင်း-ပြည်ပ ရွှေဈေး အခိုက်အတန့်မော့မှုဟာ အိမ် ခြံမြေဈေးကွက်ကို ဆွဲမတင်နိုင်ခဲ့ပါဘူး။ စက်တင်ဘာလကုန်လောက် ကစပြီး အိမ်ခြံမြေအရောင်းအဝယ်တွေ သိသိသာသာနှေးကွေးခဲ့ပါတယ်။အောက်တို ဘာလနဲ့နိုဝင်ဘာလမှာ မဖြစ်မနေအရောင်း အဝယ်လောက်ကလွဲရင် ဈေးကွက်ဟာလေးကန်သွားခဲ့ပါတယ်'' လို့ အိမ်ခြံမြေလုပ်ငန်းရှင် ဦးသန်းဦးကပြောပြပါတယ်။    နိုဝင်ဘာလလယ်နောက်ပိုင်း ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြောင့် အိမ်ခြံ မြေဈေးတွေက ကျမသွားတဲ့အပြင် အငှားပိုလိုက်လာပါ တယ်။ ဒီဇင်ဘာလ ကျတော့လည်း သီးနှံပေါ်ချိန်ဖြစ်နေတာကြောင့် ဂိုဒေါင်အငှားတွေရှိလာခဲ့ပါတယ်။ ခြံမြေလက်ဝယ်ရှိသူတွေ ဟာ အမြင့်ဈေးတွေနဲ့ပိုက်မိထားတာကြောင့် ပြန်မထုတ်နိုင်သေးဘဲတတ်နိုင်သမျှ တောင့်ခံနေကြပါတယ်။ ဝယ်သူတွေကလည်း ဈေးကျလေမလားလို့ မျှော်လင့်ချက်နဲ့မဝယ်သေးဘဲအခြေအနေကိုစောင့်ကြည့်နေခဲ့ကြပါတယ်။ အနေအထားဟာ ရောင်းလို သူများပြီး၊ ဝယ် သူနည်းတဲ့အတွက် အိမ်ရာဈေးနှုန်းဟာ အိအိလေးဆင်းချင်တဲ့ပုံ ရှိပါတယ်လို့ ဝါရင့်အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။        ''၂၀၀၈ ခုနှစ်ရဲ့ အခြေအနေဟာ ထူးခြားဖြစ်စဉ်တွေရှိခဲ့ပါတယ်။ ကမ္ဘာ့ ရွှေဈေးဟာ သက်တမ်းတစ်လျှောက်မှာ တစ်ခါမှမဖြစ်ဖူး တဲ့ဈေး တစ်အောင်စ ကိုဒေါ်လာ တစ်ထောင်ကျော်ဈေး အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ပြည်တွင်းရွှေ ဈေးကလည်း တစ်ကျပ်သားကို ခြောက်သိန်းကျော်နဲ့ စံချိန်တင်ဈေးနှုန်းတွေ ဖြစ်ပေါ်ခဲ့တာပါ။အိမ်ခြံမြေဈေးကွက် အနေနဲ့ ၁၉၉၇ ခုနှစ်နောက်ပိုင်းမှာ တစ်ခါမှမဖြစ် ပေါ်ခဲ့တဲ့ စံချိန်တင် ဈေးနှုန်းတွေအထိ တက်ခဲ့ပါတယ်'' လို့ အိမ်ခြံမြေဝယ်ရောင်းလက်ကြီးသမားတစ်ဦးကသုံးသပ်ပါတယ်။    ၂၀၀၈ ခုနှစ်အတွေ့အကြုံအရ အိမ်ခြံမြေဈေးကွက်က တစ်ခါတစ်ရံမှာအခြားစီးပွားရေးကဏ္ဍတွေနဲ့ဆက်စပ်နေသလို တစ်ခါ တစ်ရံမှာတော့ သီးခြား ရပ်တည်နေတာကိုလည်းတွေ့နိုင်ပါတယ်။၂၀၀၉ ခုနှစ်အိမ်ခြံမြေဈေးကွက်    ၂၀၀၉ ခုနှစ် ဆန်းပိုင်းကစပြီး အိမ် ခြံမြေအရောင်းအဝယ်ဟာတောက်လျှောက်အေးနေတာပါ။ ကမ္ဘာ့စီးပွားရေးအကျပ်အတည်း ချိန်နဲ့ မြန်မာနိုင်ငံ ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ သိသိ သာသာ နှေးကွေးသွားခဲ့ပါတယ်။ဝယ် သူက ဝင်ငွေရလမ်းဖော်ပြစရာမလိုတဲ့ အခွန် ဥပဒေအသစ်ဟာ ၂၀၀၉ခုနှစ် သြဂုတ်လထဲမှာ သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့အတွက် မိုးဦးကာလ ဇွန်လ လောက်ကစပြီး အိမ်ခြံမြေအရောင်းအဝယ်သွက်လာပါတယ်။    ဇွန်လလောက်က ဈေးကွက်မှာ ဖြစ်တောင့်ဖြစ်ခဲ သိန်းသောင်းဂဏန်းချီတဲ့ အကွက်ကြီးတွေ လေးငါးခုလောက် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ဒီလိုဝယ်ယူမှုမျိုးဟာမရှိသလောက်ဘဲ၊ ရှားပါတယ်။ အခွန်သက်တမ်းတိုး၊ မတိုးမသိခင် မှန်းဆချက်တွေ နဲ့အရောင်းအဝယ်တွေ ထူးထူးခြားခြားဖြစ်ခဲ့တယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်အခြေစိုက် အိမ်ခြံမြေ ကုမ္ပဏီတစ်ခုမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးကပြောပြခဲ့ပါတယ်။    သြဂုတ်လထဲမှာကုန်ဆုံးမဲ့ အခွန်ဥပဒေဟာ ၁ နှစ်သက်တမ်းတိုးမှုနဲ့အတူ ဈေးကွက်မှာအရောင်းအဝယ်တွေပြန်အေးသွားခဲ့ပါ တယ်။ အောက်တိုဘာလကုန်မှာ ကမ္ဘာ့ရွှေဈေးတွေတက်တယ်။ မြန်မာ့ရွှေဈေးလည်းသိပ်မကျပါဘူး။ ပြန်ထုတ်ရောင်းသူတွေ များလာတယ်။ ရတဲ့ငွေကို အိမ်ခြံ မြေဘက်လှည့်သုံးတဲ့ သဘောမျိုးတွေ့ရ တယ်။ ဒီကာလမှာအိမ်ခြံမြေ အရောင်းအဝယ် လှုပ် လှုပ်ရှားရှားဖြစ်ခဲ့ပါတယ်။အိမ်ခြံမြေ ဈေးကွက်ဟာကျောက်မျက်ရတနာတွေနဲ့ဆက်စပ်တာကြောင့် ၂၀၀၉ ခုနှစ်ကုန်ပိုင်း ကျောက် မျက်လေလံအပြီးမှာ ကျောက်သမားတွေ ဈေးကွက်ထဲ ဝင်လာပါတယ်။ ဒါ့ကြောင့် အိမ်ခြံမြေဈေးကွက် နည်းနည်းပြန်သွက်ခဲ့ တယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင် အချို့ကတစ်ညီတစ်ညွတ်တည်းဆိုကြပါတယ်။   ၂၀၀၈ နာဂစ်မုန်တိုင်းမတိုက်မီ အငှားဈေးကွက်မှာ လုံးချင်းတိုက်တွေ က တစ်လကို အနိမ့်ဆုံး ကျပ် ၁၀ သိန်း၊ အမြင့်ဆုံး ကျပ် ၁၅ သိန်းအတွင်း ရှိခဲ့ပါတယ်။ ဗဟန်း၊ ဒဂုံ၊ မရမ်းကုန်း မြို့နယ်တွေထဲက ကွန်ဒိုအငှားဈေး တွေက တစ်လကို အနိမ့်ဆုံး ၂ သိန်းခွဲ ကနေ အမြင့်ဆုံး ၃သိန်းအတွင်းပါ။လူနေဖို့တိုက်ခန်းအငှားက တစ်လကို ကျပ် ၈ သောင်းကနေ ကျပ် ၂သိန်းခွဲ အတွင်းရှိပါတယ်။ ဆိုင်ခန်းအငှား ဈေးက တစ်လကို ၆သိန်းခွဲကနေ ၉ သိန်း အတွင်းမှာရှိခဲ့တာပါ။    နာဂစ်မုန်တိုင်းတိုက်အပြီး တိုက်ခန်း၊ ဆိုင်ခန်းအငှားတွေ ၁ပတ် လောက် အငှားရပ်သွားခဲ့ပါတယ်။ မေလ ၁၀ ရက်ကျော်ကစပြီး ပြန်ငှား လာကြတာပါ။ ဗဟန်းမြို့နယ်ထဲက မြေ ဝဒသမ ၅ဧကကို တစ်လ အငှားဈေး ၂၅သိန်းရခဲ့ပါတယ်။ ကွန်ဒိုတွေလည်း အငှား ပြန်လိုက်လာပါတယ်။ တက္ကသိုလ် ရိပ်မွန်၊ ဒဂုံတာဝါ၊ ပုလဲ၊ သီရိတို့ဘက် မှာ တစ်လကို ကျပ် ၂သိန်းခွဲကနေ ၄သိန်းအတွင်းရှိပါ တယ်။လူနေဖို့ အတွက် တိုက်ခန်းအငှားဈေးတွေက တစ်လကို ၈သောင်းကနေ ၂ သိန်းခွဲ ဝန်းကျင်အထိရှိတာပါ။ မြေနဲ့အိမ်လုံး ချင်း အငှားတွေအနေနဲ့ မရမ်းကုန်းမြို့ နယ်မှာ ၈ သိန်း၊ ကမာရွတ်အောင်မြေ သာစည်ထဲမှာ ၅ သိန်း၊ ရန်ကင်း သာယာရွှေပြည်က ၆ သိန်း၊ ကန်ရိပ် သာလမ်းမှာ ၉ သိန်း၊ ကမ္ဘာအေးဘုရား လမ်းသွယ်ဆို ၁၅ သိန်း၊ သင်္ကန်းကျွန်း အစွန်ကျတဲ့နေရာတွေက ၂ သိန်း၊ အင်းယားလမ်းသွယ်မှာ ၈ သိန်း၊ ဗဟန်း လမ်းသွယ်က ၅ သိန်းခွဲ၊ တစ်လစီရတဲ့ ဈေးတွေပါလို့ ယူနတီအိမ်ခြံမြေကုမ္ပဏီ မှ ဦးဇော်ဇော်ရဲ့ပြောပြချက်အရသိရပါတယ်။    ၂၀၀၉ ခုနှစ် တစ်နှစ်လုံးနီးပါး ဟာလည်း အိမ်ခြံမြေလုပ်ငန်းမှာ အငှားလုပ်ငန်းတွေဦးဆောင်ခဲ့တယ်လို့ဆိုပါတယ်။ စီးပွားရေး လုပ်ငန်းအချို့ လုပ်ငန်းမကောင်းခဲ့ပေမယ့် ငှားရမ်းခတွေက တကယ်စီးပွားရေးအချက်အချာကျတဲ့ နေရာမှာမကျဘဲ၊ နေရာ ပေါ်မူတည်ပြီး အမြင့်ဘက်ကို ဦးတည်နေပါတယ်။    ဒီနှစ်ထဲမှာ အငှားဈေးကွက်မှာ ထူးထူးခြားခြား ဈေးတွေခေါ်ပြီး အလုပ် ဖြစ်တာတွေ့ရပါတယ်။လှည်းတန်း လမ်းမကြီးမှာ (15' x 60') မြေညီ ဆိုင်ခန်းကို တစ်လ ၁၅ သိန်း၊ အနော်ရ ထာလမ်းမှာ အပေါ်အောက် ၂ လွှာ ၊ ဖုန်းပါ (20' x 60' ) အခန်း ၂၅သိန်း၊ ယုဇနပလာဇာ၊ ဗညားဒလလမ်းပေါ် မြေညီထပ်ဆို ၇ သိန်းခွဲ။၂၉ လမ်းထိပ် က မြေညီခန်းဆို ၇သိန်းခွဲ။ ဒီနှုန်းတွေက တစ်လ ပေါက်ဈေးတွေပါ။လုပ်ငန်းတွေကျတယ်ဆိုပြီး ဆိုင်ခန်းခ ကို ဈေးနိမ့်ပြီးဝင်လို့မရဘူး။ လုပ်ငန်း ပေါ်မူတည်ပြီး စီးပွားရေး အချက် အချာ နေရာတွေမှာ အငှားဈေးတွေကမြင့်တယ်လို့ အရပ်ပွဲစားကြီးတစ်ဦးကပြောပြပါတယ်။    ၂၀၀၉ခုနှစ် အတွင်း မြေညီထပ် အငှားတွေက တစ်လကို ၃ သိန်းနဲ့ ၆ သိန်းဝန်းကျင် (ရန်ကုန်နဲ့ မနီးမဝေးမြို့နယ်တွေ) ကွန်ဒို အငှားဈေးက ၃ သိန်း ကနေ ၅ သိန်းအတွင်း ရှိနေပါတယ်။နာဂစ်မုန်တိုင်းတိုက်ပြီးကတည်းက အခုအချိန်ထိ NGO အဖွဲ့တွေဝင် လာတာကြောင့် တစ်လကို  NGO အဖွ့ဲ ၂ ဖွဲ့လောက် ပုံမှန်ငှားနေရတယ်လို့ အိမ်ခြံမြေ ကုမ္ပဏီတစ်ခုကအတည်ပြုပြောကြားပါ တယ်။အိမ်ခြံမြေဈေးကွက်အလားအလာ    ၂၀၁၀ ခုနှစ်ဟာ အကောင်းဘက် ကို ဦးတည်တဲ့နှစ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ၂၀၁၀ မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ်နဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် စတင်လျှောက်လှမ်းမဲ့နှစ်ဖြစ်နေလို့ပါ။ အဲဒီအပေါ် အခြေခံပြီး စီးပွားရေးအရ ဈေးကွက်စီးပွားရေး (Market Economy) စနစ်ပိုပြီး ပီပြင် လာစရာရှိတယ်လို့ သုံးသပ်လို့ရပါတယ်။ စီးပွားရေးလုပ်ငန်းတွေ အခွင့်အလမ်း တွေ ပိုကောင်းလာနိုင်တယ်။ စီးပွားရေး ကဏ္ဍကြီးတစ်ခုလုံးကောင်းလာရင် ပြည်တွင်းစီးပွားရေးလောကထဲမှာ ရှိနေတဲ့ အိမ်ခြံမြေလုပ်ငန်းကဏ္ဍက လည်းတွဲပြီး ကောင်းလာနိုင်စရာရှိ တယ်။ နောက်တစ်ခါ အိမ်ခြံမြေ ဈေး ကွက်ကို သွက်လက် မှုလမ်းကြောင်းပေါ် ဆွဲတင်ပေးခဲ့တဲ့ အခွန်စနစ်သစ်ဟာ လာမယ့် ၂၀၁၀ နှစ်လယ်ကျော်အထိ တည်ရှိနေတာဟာကောင်းတဲ့ အခြေခံ လမ်းကြောင်းပေါ်ကနေ အရှိန်နဲ့ဆက်ကောင်းသွားနိုင်ပါတယ်လို့ ဝါရင့်အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးကသုံးသပ်ပြပါတယ်။    လက်ရှိအနေအထားဟာ မြန်မာ ကျပ်ငွေတန်ဖိုးတက်လာတာဟာ ဝမ်း သာစရာကောင်းပါတယ်။ ဒါပေမဲ့ စီးပွားရေးသဘော တရားအရ ပြောရရင် ငွေကြေးတန်ဖိုးတက်တိုင်း ကောင်း တယ်လို့ ပြောလို့မရပါဘူး။ အရင်က ၁ ဒေါ်လာကို ဈေးကွက်ပေါက် ဈေးက ၁၁၅၀ ကျပ် ဆိုပါတော့၊ မြန်မာ ငွေ တန်ဖိုးတက်ရင် ၁ ဒေါ်လာကို ၁၀၀၀ ကျပ် ဖြစ်သွားမယ်။ ငွေပမာဏကျဆင်းသွား တယ်။ အဲဒီလိုဖြစ်လာရင် ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေစီးဝင်ဖို့ စဉ်းစားစရာဖြစ်ပါတယ်။ ဆိုပါတော့ အရင်က ၁ ဒေါ်လာပြည်တွင်း မှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရင် မြန်မာငွေ တန်ဖိုးက ကျပ် ၁၁၅၀ လောက်သုံးနိုင် တယ်။ မြန်မာငွေတန်ဖိုးတက်တဲ့ အတွက် အခုချိန် မှာ ၉၀၀ ကျပ်ပဲ သုံးနိုင်တော့မယ်။ ဂျပန်မှာ ယန်းငွေတန်ဖိုးတက်တဲ့အတွက် အခြားနိုင်ငံတွေက ငွေလဲနှုန်းမှာများသွားမယ်။ ဂျပန်ပစ္စည်းကို မြန်မာပြည်ကို သွင်း ချင်ရင် အရင်တုန်းက တန်ဖိုးထက် ပိုပေးရပြီး၊ အဲဒီအတွက် တော်ရုံ ဂျပန်ပစ္စည်းကို မဝယ်ကြ တော့ဘူး။ ဂျပန်လုပ်ငန်းရှင်တွေရဲ့ ပစ္စည်းတွေ ဈေးကွက်မှာ ပုံသွားတယ်။ မရောင်းရတော့ဘူးလို့ဆိုတယ်။ ပို့ကုန်မြှင့်တင်တဲ့အခါ ကိုယ့်ငွေတန်ဖိုးတက်တာကြောင့် မိမိပို့ကုန်တွေ ဈေးကြီးသွားရတဲ့သဘောပါ။    အထက်က ပြောခဲ့တဲ့အချက် တွေကြောင့် ၂၀၁၀ မှာ စီးပွားရေး ကောင်းမယ်လို့ အခြားနိုင်ငံတွေက မြန်မာနိုင်ငံရဲ့အခြေအနေ ကို ခန့်မှန်း ကြတယ်။ နိုင်ငံတစ်ခုမှာ စီးပွားရေး အခွင့်အလမ်းတွေရှိရင် ရင်းနှီးမြှုပ်နှံ ကြမယ်။ အဲဒီလိုရင်းနှီးမြှုပ်နှံလုပ်ကိုင်ဖို့ နိုင်ငံ ရေးတည်ငြိမ်ရမယ်။ စီးပွားရေးဖွံ့ဖြိုးမှုကို အားပေးတဲ့စနစ်နဲ့အစိုးရရှိရမယ်။ မိမိမြှုပ်နှံတဲ့ ငွေရင်းငွေနှီးတွေပေါ်မှာ အကာအကွယ် ပြုနိုင်တဲ့ အာမခံ ချက်ရှိရမယ်၊ ပြည်တွင်းသယံဇာတ ပေါကြွယ်ဝပြီး လုပ်သားအင်အားပေါ များတဲ့ နိုင်ငံဖြစ်ရမယ်။ မြန်မာနိုင်ငံဟာ စတဲ့အချက်တွေနဲ့ ကိုက်ညီနေတာပါ။ ဒီလိုအနေအထားမျိုးမှာ စီးပွားရေးအခွင့်အလမ်းရှိမယ်လို့ မျှော်လင့်နိုင်ရင် ပြည်ပကလာပြီး ရင်းနှီးမြှုပ်နှံကြတယ်။ အဲဒီအခါ တိုက်ရိုက်ပြည်ပရင်းနှီးမြှုပ်နှံ မှု (FDI) တွေစီးဝင်လာမယ်။ အဲဒီလို စီးဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရဲ့ တန်ဖိုးပမာဏတွေအတွက် ပြည်တွင်း မှာ အခြေခံစီးပွားရေး အဆောက်အအုံ နဲ့ အခြေခံစီးပွားရေးအခွင့်အလမ်းတွေဖြစ်တည် လာကြမယ်။ လုပ်ငန်း သုံးရုံးခန်း၊ အရောင်းပြခန်း၊ ကုမ္ပဏီ ရုံးခန်း၊ စက်ရုံမြေနေရာ၊ စက်ရုံ အဆောက်အဦ၊ ဂိုဒေါင်ဝန်ထမ်းတွေ အတွက် လိုအပ်တဲ့ အခြေခံအဆောက် အအုံစတဲ့လိုအပ်ချက်တွေ ရှိလာမယ်။ အဲဒီလိုအပ်ချက်တွေနဲ့အတူ အိမ်ခြံမြေဈေးကွက် ဟာ သွက်လက်ဖွံ့ဖြိုးလာမှာပါလို့ မဏ္ဍိုင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကသုံးသပ်ပြောကြားပါတယ်။