ဒီနှစ်မှာ ဖြစ်ပေါ်နေတဲ့ အယ်လ်နီညိုက ကမ္ဘာပေါ်မှာ ဆန်အများဆုံးပို့နေတဲ့ ထိုင်းနိုင်ငံကိုရော အများဆုံးသွင်းနေတဲ့ ဖိလစ်ပိုင်နိုင်ငံ ကိုပါ ခြိမ်းခြောက်လာခဲ့ပါတယ်။ ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန၊ အငယ်တန်း အတွင်းဝန်ရဲ့အဆိုအရ ဖိလစ်ပိုင်နိုင်ငံမှာ အဓိကဆန်စပါး စိုက်ပျိုးတဲ့ ပြည်နယ်တွေရဲ့ စိုက်ဧက ၂ဝ မှ ၃ဝ ရာခိုင်နှုန်းဟာ ခြောက်သွေ့မှုကြောင့် ပျက်စီးဖွယ်ရှိတယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံ မှာလည်း ယခင်နှစ်က စပါးတန်ချိန် ၃၁ ဒသမ ၆၅ သန်း ထုတ်လုပ်ခဲ့ရာက ယခုနှစ်မှာ တန်ချိန် ၂၇ သန်းသာရှိနိုင်ပြီး ၁၅ ရာခိုင်နှုန်း လောက် ထုတ်လုပ်မှုလျော့ကျသွားမယ်လို့ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ ထုတ်လုပ်မှုကျဆင်းခြင်းက ဖိလစ်ပိုင်လို ဆန်သွင်းတဲ့နိုင်ငံတွေရဲ့ ထပ်မံလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ့်အခြေအနေလျော့ကျသွားစေခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ အယ်လ်နီညိုက စပါးစိုက်ရာသီ ရေရရှိမှု လျော့နည်းစေရုံသာမက စပါးဖျက်ပိုးမွှားတွေကိုလည်း တိုးပွားစေခဲ့တယ်လို့သိရပါတယ်။
ထူးခြားတာက ဗီယက်နမ်နိုင်ငံမှာ ဆန်စပါးအမြောက်အမြား ထုတ်လုပ်နေပေမယ့်လည်း ရာသီဥတု ပြောင်းလဲမှုနဲ့လယ်ယာမြေ အများအပြားကို စက်မှုလုပ်ငန်းတွေအတွက် အသုံးပြု လာမှုကြောင့် ထုတ်လုပ်မှုအခြေအနေတွေ လျော့နည်းကျဆင်းတော့မယ် လို့လည်း ခန့်မှန်းချက်တွေထွက်ပေါ်ခဲ့ပါတယ်။ ဗီယက်နမ်အနေနဲ့ လာမယ့်နှစ်တွေမှာ ဆန်စပါးတိုးမြှင့်တင်ပို့မှု အားကိုးနေလို့ မရတော့ဘူးလို့ဆိုပါတယ်။ ဗီယက်နမ်လယ်ယာစိုက်ပျိုးရေးနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနခန့်မှန်းချက်ကတော့ ဤပုံအတိုင်းသွားရင် ဗီယက်နမ်ဟာ ၂ဝ၂ဝ ခုနှစ် မှာ ဆန်တင်ပို့မှုရပ်ဆိုင်းရတော့မယ်လို့သိရပါတယ်။
ဖြစ်လာနိုင်တဲ့ ရာသီဥတုသဘာဝဘေးခြိမ်းခြောက်မှုတွေကြောင့် နိုင်ငံအများစုက ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုကို ဇောင်းပေး လုပ်ဆောင်လာကြတာလည်း တွေ့ရပါတယ်။ ဖိလစ်ပိုင်မှာဆိုရင် ဆန်စပါးထုတ်လုပ်မှုမြှင့်တင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံလောက် လျာထားခဲ့သလို မလေးရှားမှာဆိုရင်လည်း စားနပ်ရိက္ခာလုံခြုံမှုအစီအစဉ်အတွက် ရင်းဂစ် ၂ ဒသမ ၄ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၇ဝဝ)သုံးစွဲဖို့ အတည်ပြုခဲ့တယ်။ တရုတ်နိုင်ငံမှာတော့ ဆန်စပါးထုတ်လုပ်မှုမြှင့်တင်ရေးအတွက် ငွေကြေး အထောက်အပံ့မက်လုံးတွေ ပေးနေတာလည်းတွေ့ရပါတယ်။
နိုင်ငံတိုင်းရာသီဥတုပြောင်းလဲမှုနဲ့အတူ စားနပ်ရိက္ခာဖူလုံမှုအတွက် ကြိုတင်တွက်ချက် ပြင်ဆင်လာကြပြီဖြစ်ပါတယ်။
Source: (1) bloomberg.com
(2) thanhniennews.com