Main menu

Background

အိန္ဒိယ-အာဆီယံစီးပွားရေးဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

Thu, 11/28/2019 - 16:10 -- journal_editor

      အိန္ဒိယနိုင်ငံရှိ PHD Chamber of Commerce and Industry (PHDCCI)  အဖွဲ့   စီစဉ်မှုဖြင့်   India-ASEAN Business Summit ဆွေးနွေးပွဲအား နယူးဒေလီမြို့ရှိ PHD House  ၌ နိုဝင်ဘာ ၁၁ ရက်တွင် ကျင်းပရာ မြန်မာသံရုံး   နယူးဒေလီမြို့မှ  သံမှူးကြီး ဦးအောင် အောင်မျိုးသိမ်း၊  စီးပွားရေးသံမှူး ဦးနေအေးလွင်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု  လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးသန့်တို့ ပါဝင် သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ခဲ့သည်။ အဆိုပါဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်း အနားသို့ အိန္ဒိယနိုင်ငံ အရှေ့မြောက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Dr. Jitendra Singh  တက်ရောက် အဖွင့်အမှာစကား ပြော ကြားခဲ့ပြီး   ကဏ္ဍအလိုက်   Panel Discussion များကို အစီအစဉ်သုံးခု ဖြင့်ပြုလုပ်ရာ အိန္ဒိယနိုင်ငံနှင့် အာဆီယံ နိုင်ငံများအကြား သတင်းအချက်အလက် နည်းပညာ၊ အခြေခံအဆောက်အအုံ တည်ထောင်မှု၊ ကျန်းမာရေး/ ပညာ ရေး/ ခရီးသွား ဝန်ဆောင်မှုများနှင့် စိုက်ပျိုးရေး အခြေခံ စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပူးပေါင်း    တိုးမြှင့်လုပ်ကိုင်နိုင်ရေး အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ အိန္ဒိယစီးပွားရေးအဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များက ဆွေး နွေးခဲ့ကြသည်။

      ဆွေးနွေးပွဲအစီအစဉ် တတိယ ပိုင်းဖြစ်သော Session on Healthcare & Pharmaceuticals and Agriculture & Food Processing ၌ UMFCCI ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးသန့်က Panelist  အဖြစ် ပါဝင်လျက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ မြန်မာနိုင်ငံ ၏  ကျန်းမာရေး  ပြုစုစောင့်ရှောက်မှု လုပ်ငန်းနယ်ပယ်၌ အိန္ဒိယကုမ္ပဏီများ ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ဆေးနှင့်ဆေး ပစ္စည်းများ တိုးချဲ့တင်ပို့နိုင်မည့် အလား အလာများ၊ ဆေးကုသမှုဆိုင်ရာနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပူးပေါင်း လုပ်ကိုင်နိုင်မည့် အလားအလာများ၊  လယ်ယာစိုက်ပျိုးရေး  ထွက်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်မှုနှင့် စားသောက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ပူး ပေါင်းပါဝင် ဆောင်ရွက်နိုင်မည့် အခွင့် အလမ်းများကို ဆွေးနွေးခဲ့သည်။ ထို့ အပြင် နှစ်နိုင်ငံကုန်သွယ်မှု လုပ်ငန်း များ၌ အိန္ဒိယနိုင်ငံသုံး ရူပီးငွေကြေးဖြင့် ငွေပေးချေမှုကို ဆောင်ရွက်ခွင့်ပြုခြင်း၊ ဘဏ်လုပ်ငန်းများကို တိုးချဲ့ လုပ်ဆောင် ခြင်းအားဖြင့် ကုန်သွယ်မှုပိုမို လွယ်ကူ ရေး အိန္ဒိယဘက်မှ တိုးမြှင့်လုပ်ကိုင်စေ လိုကြောင်း၊ နှစ်နိုင်ငံအကြား ဆက်သွယ် သွားလာမှု မြှင့်တင်ရန်အတွက် ဗီဇာ ကင်းလွတ်ခွင့်ပြုရေး ညှိနှိုင်းဆောင်ရွက် စေလိုကြောင်း၊ တိုက်ရိုက်လေကြောင်း ပျံသန်းပြေးဆွဲမှုများကိုလည်း တိုးချဲ့ နိုင်ရန် လိုအပ်ကြောင်း၊  ကုန်သေတ္တာ များအား တတိယကြားခံနိုင်ငံ ဆိပ် ကမ်းမှတစ်ဆင့် တင်ပို့ရောင်းချမှုအစား နှစ်နိုင်ငံဆိပ်ကမ်းများအကြား တိုက် ရိုက် တင်ပို့နိုင်ရေး ဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း   ဒေါက်တာ မျိုးသန့်က အကြံပြုဆွေးနွေးခဲ့သည်။

        အဆိုပါ  Business Summit ၌ ဆွေးနွေးတင်ပြမှုများအရ အိန္ဒိယနိုင်ငံ ရှိ စီးပွားရေး အဖွဲ့အစည်းများနှင့် ကုမ္ပဏီ လုပ်ငန်းများအနေဖြင့် အထူးသဖြင့် စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ ကဲ့သို့ စီးပွားရေးအင်အား တောင့်တင်း သည့် အာဆီယံနိုင်ငံများမှ လုပ်ငန်းရှင် များနှင့် အခြေခံ အဆောက်အအုံ တည် ဆောက်မှု၊ သတင်းအချက်အလက်နည်းပညာ၊ E-commerce နှင့် ပညာရေး စသည့် နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှု များ ဖိတ်ခေါ်လျက် ပူးပေါင်းဆောင် ရွက်လိုကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍ တွင် ဆက်သွယ်မှုကွန်ရက် တိုးချဲ့၍ အပြန်အလှန်ခရီးသွားလာမှုကို မြှင့်တင် လိုကြောင်း လေ့လာသိရှိရသည်။

 

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့