Main menu

Background

တီထွင်ထုဆစ် Resin အနုပညာသစ်

Thu, 12/08/2022 - 11:41 -- journal_editor

Resin သည် ကော်ရည်တစ်မျိုးဖြစ်ပြီး   ဓာတုဗေဒ အခေါ်အဝေါ်အရ Polyepoxide  တစ်နည်းအားဖြင့်  ပိုလီမာဓာတ်ပေါင်း တစ်မျိုးဖြစ်သည်။ Plant Resin  ကို ရှေးယခင်ကတည်းက အသုံးပြုခဲ့ကြပြီး ဂရိလူမျိုးများမှာPlant Resin  အား အမွှေးတိုင်လို  ရနံ့အတွက် အသုံးပြုကြကြောင်း လေ့လာသိရှိရသည်။
Resin ကို  ပြင်သစ်စကား Resine ဟုခေါ်ဝေါ်ကြပြီး လက်တင်စကားအရ Resin  အဖြစ်ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။ Resin တွင် အဓိကအားဖြင့် UV resin,  Polyurethane resin, Epoxy resin, Polyester resin ဟု လေးမျိုးရှိကြောင်း သိရှိရသည်။  Resin သည် ကြည်လင်တောက်ပခြင်း၊ အပူဒဏ်ခံနိုင်ခြင်း၊ အလွယ်တကူ မကွဲအက်နိုင်ခြင်း စသည့်ဂုဏ်သတ္တိများရှိခြင်းကြောင့်  ရေရှည်အသုံးပြုနိုင်သည့်ဆေးရည်တစ်မျိုးဖြစ်ကြောင်း သိရှိရသည်။ 
ပဲခူးတိုင်းဒေသကြီးတွင် Resin ကော်ရည်ကို အသုံးပြုကာ သစ်ကို အခြေခံ၍ အနုပညာဆန်ဆန် ဖန်တီးထုတ်လုပ်သောလုပ်ငန်း ရှိသည်။ ရေရှည်တွင်   နိုင်ငံတကာကို  ဝင်ရောက်ထိုးဖောက်နိုင်ရန် အရည်အသွေးမီသည့်လုပ်ငန်းတစ်ခုဖြစ်သည့်အတွက်   အောက်ပါအတိုင်း လေ့လာတင်ပြလိုက်ရပါသည်-

သစ်သားပရိဘောဂ၊ Resin ထုတ်ကုန် 
ထုတ်လုပ်ပုံအဆင့်ဆင့်
ကုက္ကိုသား သစ်သားပြားအား ပိုးသတ်သန့်စင်ပြီး လိုချင်သော ဆိုဒ်ရရှိရန်အတွက် ဖြတ်တောက်ရပါသည်။ ထို့နောက် ရွေဘော်ထိုး၍ မျက်နှာပြင်ညီညာအောင် ပြုလုပ်ကာ ကော်ပတ်အကြမ်းစားခြင်း ဆောင်ရွက်ရပါသည်။ ကော်ပတ်စားပြီးပါက စားပွဲပြုလုပ်၍သစ်သားပြားအား Form Word ပြုလုပ်ပြီး Resin (ပယင်းကိုမှီငြမ်း အခြေခံ ၍ ထုတ်လုပ်ထားသောPolymer  ဓာတုဓာတ်ပေါင်းတစ်မျိုး) ကော်ရည်အား မိမိလိုချင်သောအရောင်ရောစပ်ကာ   ဆေးရည်သွင်းပါသည်။ ဆေးရည်ခဲရန် ၄၈ နာရီကြာပြီး အေးခဲသွားသောအခါ  ကော်ပတ်အဆင့်ဆင့်  ပြန်လည်စားပေးရသည်။  ကော်ပတ်စားပြီးနောက် Resin Top Codeအား အပေါ်မှ ထပ်မံ Coating ပြုလုပ်ပြီး  လိုက်ကာ တစ်ထပ်အုပ်ရပါသည်။  လိုက်ကာခြောက်သွေ့ချိန် ခြောက်နာရီ စောင့်ဆိုင်းပြီးနောက် နောက်ဆုံးအသုံးပြုရန်အတွက် အဆင့်ဆင့်ကုန်ချောကိုရရှိကြောင်း သိရှိရသည်။ 

Wire Art ပြုလုပ်ပုံအဆင့်ဆင့်
ပန်းချီဆွဲရန် သစ်သားပြားအား ကော်ပတ်စားပြီးနောက် ၎င်း အပြားပေါ်တွင် ခဲဖြင့်ပန်းချီကောက်ကြောင်း အရင်ဆုံး  စတင်ရေးဆွဲသည်။ ၎င်းကောက်ကြောင်းအပေါ်တွင် 12 Gade Wire  ဖြင့် ထပ်မံကွပ်ပေးရပါသည်။  Wire ကွပ်ထားပြီးသား ပန်းချီအတွင်းသို့ မိမိ ထည့်သွင်းလိုသည့်အရောင်ရောစပ်ကာ  Resin ဆေးရည်အား (20 mm)ဆေးထိုးအပ်ဖြင့် ဖြည်းဖြည်းချင်း ဆေးသွင်းရပါသည်။  ဆေးရည်ခဲချိန် ၄၅ မိနစ်အတွင်း မိမိဆေးရည်အား အချိန်မီ  ဆေးသွင်းရန် အရေးကြီးပါသည်။ ဆေးရည် မာကျော ခဲသွားချိန် ၄၈ နာရီ စောင့်ဆိုင်းပြီးနောက်   ကော်ပတ်အဆင့်ဆင့်စားပြီး   Polyuthane Sealar  အောက်ခံဆေးသွင်းရပါသည်။  PU Sealar   နှစ်ကုဒ်သွင်းပြီးနောက် လိုက်ကာတစ်ထပ် ထပ်မံသုတ်ပေးရသည်။  လိုက်ကာ ခြောက်သွေ့ချိန် ခြောက်နာရီကြာစောင့်ဆိုင်းပြီးနောက် အသုံးပြုနိုင်သော Wire Art ပန်းချီကား ရရှိကြောင်း သိရှိရသည်။

ကုန်ကြမ်းရရှိမှု
Resin စားပွဲနှင့်သစ်သားပရိဘောဂများပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် သစ်မာမျိုးစုံ (ကုက္ကို ၊ ပိတောက်)ကို  အသုံးပြုရပါသည်။ ဒေသသုံးသစ်များ၊ လမ်းမီးဘေးမလွတ်သည့် သစ်များ၊ သဘာဝဘေးအန္တရာယ်ကြောင့် ပြိုလဲသွားသော သစ်ပင်များ၊ လမ်းဘေးကျီးပေါင်းတက်သစ်ပင်များကို ဝယ်ယူ၍ ကုန်ကြမ်းအဖြစ်  အသုံးပြုကြောင်း သိရှိရသည်။ 

အကျိုးအမြတ်ရရှိမှု
သစ်အခြေခံပရိဘောဂနှင့် Resin ထုတ်ကုန်များ  ထုတ်လုပ်ရာတွင် အသုံးပြုရသည့်ကုန်ကြမ်းဖြစ်သော သစ်မာများနှင့် အလုပ်သမားခများအတွက် ထိုက်သင့်သလောက်   ရင်းနှီးမြှုပ်နှံထားရပြီး သုံးစွဲရသည့်ပစ္စည်း၊ အသုံးပြုရသည့်ကုန်ကြမ်း၊   အတတ်ပညာနှင့်တီထွင်ဖန်တီးနိုင်မှုပေါ် မူတည်၍  ထိုက်သင့်သလောက် အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။ ထုတ်လုပ်သည့်ပစ္စည်း အမျိုးအစားပေါ်မူတည်၍ အနိမ့်ဆုံး ကျပ် ၁၀ဝ၀ မှ ကျပ်သိန်း ၂၀ခန့်ထိ ပစ္စည်း အမျိုးအစားပေါ် မူတည်၍ ရောင်းချကြောင်း သိရှိရသည်။

ဈေးကွက်ဖြန့်ဖြူးမှု
Online မှတစ်ဆင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ဖြန့်ဖြူးရောင်းချခြင်း၊   မန္တလေး၊ လားရှိုးမှတစ်ဆင့် နယ်စပ်ဒေသအထိ ဖြန့်ဖြူးရောင်းချခြင်း၊  ထိုမှတစ်ဆင့် နိုင်ငံခြားတင်ပို့မှုရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့်  ပန်းပုနှင့်  Resin ထုတ်ကုန်အား တရုတ်နိုင်ငံနှင့် အခြားအရှေ့တောင်အာရှနိုင်ငံများအား   တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ 
ပယင်းကို မှီငြမ်းကာ အခြေခံ၍ Polymer ဓာတုဓာတ်ပေါင်း ထုတ်လုပ်ထားသော Resin ထုတ်ကုန်များသည်  နိုင်ငံခြားဈေးကွက် တန်းဝင်လက်မှုပညာများဖြစ်သည့်အပြင် မြန်မာ့အနုပညာကို အခြေခံကာ ခေတ်မီသစ်ဆန်းသော အနုပညာရပ်များကို ပုံဖော်၍ လက်တွေ့ကျကျ ဖန်တီးထားသောထုတ်ကုန်များဖြစ်ပါသည်။တီထွင်ဆန်းသစ်ဖန်တီးနိုင်သော အနုပညာရပ်တစ်ခုအဖြစ် ကမ္ဘာကသိအောင် ဖော်ပြနိုင်သောလုပ်ငန်းတစ်ခုလည်း ဖြစ်ပါသည်။အဆိုပါ လုပ်ငန်းများ   တိုးချဲ့ဆောင်ရွက်နိုင်ရန်  နိုင်ငံတော်က  ငွေကြေးအရသော်လည်းကောင်း ၊ နိုင်ငံခြားဈေးကွက် ဖောက်ထွင်းနိုင်ရန်အတွက် ဈေးကွက်ဖန်တီးပေးခြင်းသော်လည်းကောင်း ပံ့ပိုးပေးနိုင်မည်ဆိုပါက ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရုံမက နိုင်ငံ၏စီးပွားရေးလည်း တိုးတက်မည့်အပြင် နိုင်ငံခြားဝင်ငွေရရှိမှုလည်း တိုးပွားလာမည်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသည်။ 
ယခုအခါ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ (Myantrade) မှလည်း ပြည်တွင်းဈေးကွက်ရရှိရန် လိုအပ်လျက်ရှိသော လုပ်ငန်းရှင်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ လုပ်ငန်းရှင်များက တိုင်းဒေသကြီး/ပြည်နယ် ကုန်သွယ်မှုစင်တာများနှင့် ဆက်သွယ်၍လည်း မိမိတို့လုပ်ငန်း ဈေးကွက်ရရှိရေးအတွက် ချိတ်ဆက်ဆောင်ရွက်နိုင်သလို တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင်ရှိသော စားသုံးသူရေးရာဦးစီးဌာနမှလည်း လိုအပ်သည်များ ချိတ်ဆက်ကူညီပေးနေပြီဖြစ်ပါသည်။
ပြည်ပဈေးကွက်ရရှိရေးအတွက်  လိုအပ်ပါကလည်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှတစ်ဆင့် နိုင်ငံအသီးသီးတွင်ရှိနေသည့်  စီးပွားရေးသံမှူးများမှတစ်ဆင့်  ချိတ်ဆက်ကူညီခြင်း၊ MSMEs စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က လွှင့်တင်ထားသည့်   မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန  Myanmar International Trade Center)   Website (http://mitc.myantrade.gov.mm) တွင် နိုင်ငံခြားသို့ တင်ပို့ရောင်းချ လိုသည့်ပစ္စည်းများကို တင်ပြထားသည့် Myanmar Pavilion  တွင် အခမဲ့ တင်ပြရောင်းချနိုင်ခြင်း၊ ပို့ကုန်တင်ပို့ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များ သိရှိလိုသည့်ကိစ္စရပ်များ၊ တစ်နှစ်အတွင်း  ကျင်းပဆောင်ရွက်မည့် ပြည်တွင်း၊ ပြည်ပ ကုန်စည်ပြပွဲများကို  လေ့လာခြင်းများ ဆောင်ရွက်နိုင်ပါကြောင်း သတင်းစကားပါးလိုက်ရပါသည်။     
Source: Natural Wood & Resin Art Gallery  လုပ်ငန်းပိုင်ရှင် ပြောကြားချက်
             Facebook Page : Natural Wood & Resin Art Gallery  ပဲခူးတိုင်းဒေသကြီးMSMEs Talk Show မှ ကောက်နုတ်ချက် 
ဝါဆို(DOCA)