စစ်ကိုင်းဂစ်တာလုပ်ငန်းကို အိမ်တွင်းလက်မှုလုပ်ငန်းအဖြစ် ၁၉၇၄ ခုနှစ်မှစ၍ မိရိုးဖလာ လက်ဆင့်ကမ်းအမွေအဖြစ် ခံယူပြီး ဦးကျော်သိန်းက မောင်ကျော်သိန်း ဂစ်တာနာမည် အမှတ်တံဆိပ်ဖြင့် တစ်ဦးတည်းစတင်ထုတ်လုပ်ခဲ့ရာ စစ်ကိုင်းအိုးဟု မြန်မာတစ်နိုင်ငံလုံးတွင် ထင်ပေါ်ကျော်ကြားခဲ့သည်။ မိရိုးဖလာအမွေအဖြစ် မျိုးဆက်သစ်များက ဆက်လက်ထိန်းသိမ်းခဲ့ပြီး လေ့လာသင်ကြားစူးစမ်းထုတ်လုပ်ခဲ့ကြသဖြင့် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ ဆန်းသစ်တီထွင်မှုများနှင့် အတူ နိုင်ငံတကာအဆင့်မီ ကြိုးတပ်တူရိယာပစ္စည်းမျိုးစုံ ထုတ်လုပ်နိုင်ခဲ့ကြသည်။
ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ချဲ့ထွင်နိုင်ခဲ့ရာ ဝယ်လိုအားပေါ် မူတည်၍ ထုတ်လုပ်မှုအား မြင့်တက်စေရန် စက်မှုလက်မှုတွဲဖက်ပြီး ထုတ်ကုန်တိုးတက်စေရန် အားထုတ်ပြုလုပ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် အရည်အသွေးမီ တူရိယာပစ္စည်းမျိုးစုံ ထုတ်လုပ်နိုင်ခဲ့သောကြောင့် ခိုင်မာသော ဈေးကွက်ရရှိသည်ဟု သိရှိရသည်။ စစ်ကိုင်းမြို့တွင် ဂစ်တာလုပ်ငန်းလုပ်ကိုင်သူ ၂၀ ခန့်ရှိသည်။ လုပ်ငန်းရှင်တစ်ဦးလျှင် လုပ်သားအင်အားသုံးဦးမှ ၁၂ ဦးထိ အလုပ် အကိုင်အခွင့်အလမ်းများ ပေးနိုင်ပြီး လုပ်သားတစ်ဦးလျှင် တစ်ရက်လုပ်အားခ ကျပ် ၅၀ဝ၀ မှ ၁၀ဝ၀ဝ ကြားရရှိကြောင်း သိရသည်။
ဂစ်တာထုတ်လုပ်ရန်အတွက် အသုံးပြုသည့် ကုန်ကြမ်းများမှာ အထပ်သား၊ သစ်သား (ကျွန်း၊ အခြားအသား)၊ ကီး၊ ကြိုး၊ ဘားနှင့် ဆက်စပ်အသုံးပြုသည့် ကုန်ကြမ်းများမှာ သံထည်၊ အသားထည်များကို လိုအပ်သော ဂစ်တာပုံစံ(မို)၊ ကော်မျိုးစုံဖြစ်သည့် စူပါကော်၊ အမြှုပ်ကော်၊ အသားကပ်ကော် တို့ဖြစ်သည်။ ကုန်ကြမ်းပစ္စည်းများကို မန္တလေး အထပ်သားစက်ရုံမှ ဝယ်ယူပြီး၊ ကီး၊ ကြိုး၊ ဘားနှင့် ရှေ့၊ နောက်တုံးများအား တရုတ်နိုင်ငံမှထွက်ရှိသည့် ပစ္စည်းများကို ဝယ်ယူအသုံးပြုကြောင်း သိရှိရသည်။
ဂစ်တာထုတ်လုပ်ပုံအဆင့်ဆင့်
ဂစ်တာထုတ်လုပ်ရာတွင် အသုံးပြုပစ္စည်းများဖြစ်သော သံထည်၊ အသားထည်များဖြင့် လိုအပ်သော ဂစ်တာပုံစံ(မိုပုံစံ)များကို ဦးစွာထုတ်လုပ်သည်။ သုံးထပ်သားကို တစ်ထပ်ခွာ၍ မိုထဲတွင် ထည့်ပြီး ဂစ်တာပုံစံပြုလုပ်သည်။ ခွဲထားသော သုံးထပ်သားကို ဂစ်တာပုံစံ (မို) ထဲတွင် ထည့်၍ ကော်ဖြင့်ပြန်ကပ်ပြီး သုံးထပ်သား ဂစ်တာပုံဖြစ်အောင် ပြုလုပ်ရသည်။ ဂစ်တာရှေ့ဖုံး၊ နောက်ဖုံး ဖုံးနိုင်ရန်အတွက် တန်းများထည့်၍ (မို)မှ ထုတ်ယူရသည်။ မိုဖြင့် ပြုလုပ်သော အထပ်သား ဂစ်တာပုံများကို လက်တံတပ်ဆင်ခြင်း၊ လက်ဖတ်(ခေါ်)ဖလက်ပြား(Finger board)ကပ်ခြင်း၊ အဝိုင်းဖောက်ခြင်း၊ ကီးဖောက်ခြင်း၊ ကော်ဖတ်စားခြင်း၊ ဖလက်ပြားလက်ကွက်များချခြင်း၊ စိတ်ခြင်း၊ ဆေးသုတ်ခြင်း၊ ဆေးမှုတ်ခြင်း၊ လိုင်းဆွဲခြင်း၊ အရောင်တင်ခြင်း၊ ဘရိတ်ခုံတပ်ဆင်ခြင်း၊ ကီးကြိုးတပ်ဆင်ခြင်း၊ နောက်ဆုံးထုပ်ပိုးခြင်းအထိ အဆင့်ဆင့် ပြုလုပ်ရသည်။
ထုတ်လုပ်မှုပမာဏ
ဂစ်တာထုတ်လုပ်ခြင်းကို လုပ်ငန်းရှင်များသည် ကုန်ကြမ်းများ ဝယ်ယူစုဆောင်းထားပြီး တစ်နှစ်ပတ်လုံး ထုတ်လုပ်ကြသည်။ တစ်လထုတ်လုပ်နိုင်မှုမှာ လုပ်ငန်းရှင်တစ်ဦးလျှင် ပျမ်းမျှ ဂစ်တာ အလုံး ၈၀ဝ ခန့်ထုတ်လုပ်နိုင်ပြီး အော်ဒါ မှာယူမှုရှိပါက ဂစ်တာသာမက တယော၊ မယ်ဒလင်၊ ဘင်ဂျို၊ လျှပ်စစ်ဂစ်တာ အမျိုးမျိုးတို့ကို ထွင်းအိုး၊ ကော်ကပ်၊ All solid အထူးပြုလုပ်ထားသော ဂစ်တာ၊ အဆင့်မြင့် ထင်းရှူးဂစ်တာများ ပြုလုပ်ပေးနိုင်ကြောင်း သိရသည်။
ဈေးကွက်နှင့် ဈေးနှုန်း
ဒေသတွင်း ဈေးကွက်နှင့် မန္တလေး၊ ရန်ကုန်၊ ကချင်၊ ကရင်၊ ရှမ်း မြန်မာပြည်အနှံ့အပြားသို့ တင်ပို့ရောင်းချကြသည်။ ပြည်ပဈေးကွက်အနေဖြင့် အိန္ဒိယ၊ တရုတ်၊ ထိုင်းနိုင်ငံများသို့ တင်ပို့ ရောင်းချရကြောင်း သိရသည်။ လက်လီ/ လက်ကား ဈေးနှုန်းများမှာ ဂစ်တာတစ်လုံးလျှင် အနိမ့်ဆုံး ကျပ် ၃၅၀ဝ၀ မှ ကျပ်နှစ်သိန်းထိရှိပြီး ထွင်းအိုးမှာ ကျပ် သုံးသိန်းထိ ပေါက်ဈေးရှိကြောင်း သိရှိရသည်။
ဂစ်တာသင်တန်း
ဂစ်တာလုပ်ငန်းရှင်အချို့သည် ဂစ်တာထုတ်လုပ်သည့် လုပ်ငန်းအပြင် ဂစ်တာတီးခတ်သည့် သင်တန်းများဖွင့်လှစ်၍ ဝါသနာရှင် လူငယ်လေးများကို အတတ်သင် သုံးလပြတ် သင်တန်းကြေး ကျပ်ကိုးသောင်းဖြင့် သင်ကြားပေးလျက်ရှိသည်။
အကြံပြုတင်ပြချက်
ဂစ်တာရောင်းဝယ်မှုဈေးကွက်သည် ပြည်တွင်းဈေးကွက်သာမက ပြည်ပနိုင်ငံများသို့လည်း ကျယ်ကျယ်ပြန့်ပြန့် တင်ပို့ရောင်းချနိုင်ရေးအတွက် နည်းပညာအကူအညီများရရှိပြီး နိုင်ငံတကာဈေးကွက်ဝေစုရရှိရန် လိုအပ်သည်။ လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းများကို ဝယ်ယူစုဆောင်းရ၍ အရင်းအနှီးငွေကြေးများ လိုအပ်သဖြင့် နိုင်ငံတော်မှ အတိုးနှုန်းသက်သာသော ချေးငွေများပံ့ပိုးပေးခြင်းဖြင့် လုပ်ငန်းများဖွံ့ဖြိုတိုးတက်ပြီး အလုပ်အကိုင် အခွင့်အလမ်း များ ပိုမိုတိုးတက်လာမည် ဖြစ်ပါကြောင်း လုပ်ငန်းရှင်များ ကိုယ်စား တင်ပြလိုက်ရပါသည်။
သန်းသန်းတင်(မုံရွာ)