Main menu

Background

ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေး

Wed, 03/01/2023 - 14:53 -- journal_editor

ခရီးသွားများ အပန်းဖြေအနားယူနိုင်သည့် စိမ်းစိုသော ပတ်ဝန်းကျင်များ ဖော်ထုတ်ရေး၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသော ဝန်ဆောင်မှုကောင်းများ ပေးစွမ်းနိုင်ရေး၊ လုံခြုံရေးနှင့် ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ်တို့ အသုံးပြု၍ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လှုပ်ရှားမှုများတွင် ဝိုင်းဝန်းပူးပေါင်ဆောင်ရွက်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။ ဟိုတယ်အဆင့်အတန်းကို ဟိုတယ်အခန်းဖွဲ့စည်းမှု၊ အသုံးအဆောင်ပစ္စည်းများ အရည်အသွေး၊ ဟိုတယ်ဝန်ထမ်းများ၏ အရည်အသွေး ဝန်ဆောင်မှု စံချိန်စံညွှန်းများ၊ အဆောက်အအုံ၏ အင်ဂျင်နီယာပိုင်းဆိုင်ရာ အရည်အသွေးများအပေါ် မူတည်သတ်မှတ်ခြင်းဖြစ်သည်။ ဟိုတယ်တစ်ခုအတွက် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ပြည့်စုံလုံလောက်သော မြေနေရာကျယ်ဝန်းမှု၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွဲဆောင်မှုများနှင့်နီးစပ်ပြီး သဘာဝရှုခင်း ကောင်းသောပတ်ဝန်းကျင်တို့နှင့် ပြည့်စုံမှုရှိရန် လိုအပ်သည်။ 
စစ်ကိုင်းတိုင်းဒေသကြီးသည် ခရီးသွားများအတွက် စိတ်ဝင်စားဖွယ် နေရာများစွာရှိသော တိုင်းဒေသကြီးတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးကို တိုင်းဒေသကြီး  အစိုးရ အဖွဲ့ရုံး မုံရွာမြို့၌ လစဉ်ကျင်းပပြုလုပ်ပြီး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များ ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ် ၁၂ မြို့နယ်တွင် ဟိုတယ်၊ တည်းခိုရိပ်သာ ၆၁ ခု ခွင့်ပြုလိုင်စင်ချထားသည့်အနက် ခရီးသွားဇုန် သတ်မှတ်ထားသော မုံရွာဇုန်တွင် ၁၄ ခု၊ စစ်ကိုင်း ဇုန်တွင် ၁၀ ခု ရွှေဘိုဇုန်တွင် လေးခု၊ ကလေးဇုန်တွင် ၁၁ ခု၊ ကသာဇုန်တွင် ငါးခု၊ ခန္တီးဇုန်တွင် သုံးခု စုစုပေါင်း ၄၇ ခု ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၁ ခုနှစ်အတွင်း ပြည်တွင်းဧည့်ဝင် ၄၉၈၀၅ ဦး၊  ပြည်ပဧည့်ဝင် ၄၉၇ ဦး စုစုပေါင်း ၅၀၃၀၂ ဦး ဝင်ရောက်ခဲ့ပြီး ၂၀၂၂  ခုနှစ်အတွင်း ပြည်တွင်း ၁၁၁၅၆၄ ဦး၊ ပြည်ပ ၁၄၅၁ ဦး စုစုပေါင်း ၁၁၃၀၁၅ ဦး ဧည့်ဝင်ရောက်ခဲ့သဖြင့် ယခင်နှစ်ထက် တိုးတက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။ 
ပြည်ပခရီးသွားအနက် အများစုလာရောက်သည့် နိုင်ငံများမှာ ထိုင်း၊ ရုရှား၊ အစ္စရေး၊ အီတလီ နိုင်ငံသားတို့ဖြစ်သည်။ စစ်ကိုင်း မင်းကွန်းဒေသတွင် ဧည့်လမ်းညွှန်သင်တန်း၊  စစ်ကိုင်းမြို့တွင် မုန့်ဖုတ်သင်တန်း၊  မုံရွာမြို့တွင် မသန်စွမ်းသူများ ဝန်ဆောင်မှုပေးနိုင်ရေး အသိပညာပေးသင်တန်းနှင့် အွန်လိုင်းစနစ်ဖြင့် ဧည့်သည်စာရင်းပေးပို့နိုင်ရေးအတွက် Guest List Management System သင်တန်းများကို ဖွင့်လှစ်ပို့ချပေးခဲ့သည်။ ဟိုတယ် တည်းခိုရိပ်သာများတွင် သစ်ပင်ပန်းမန်များ တိုးချဲ့ စိုက်ပျိုးခြင်းနှင့်  အမှိုက်ခွဲခြား   စွန့်ပစ်စနစ်ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
ခရီးစဉ်ဒေသသစ်နှင့်   ခရီးစဉ်ဒေသဆွဲ ဆောင်မှုများ ဖော်ထုတ်ရေးအတွက် အထင်ကရ ခရီးစဉ်ဒေသများအကြောင်း အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် QR Code အပါအဝင်၊ ခရီးသွား လမ်းညွှန်မြေပုံ လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးကြောင်း သိရသည်။  ဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လေဆိပ်၊ ဘုရား၊ အပန်းဖြေနေရာတို့တွင် ကွင်းဆင်း၍ ခရီးသွားဧည့်သည်များ၏ Feedback များကို ရယူရန် Survey ကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မုံရွာ ခရီးသွားဇုန်နှင့် စစ်ကိုင်းခရီးသွားဇုန်ရှိ ခရီးစဉ်ဒေသများ၏ Documentary Video ရိုက်ကူးဆောင်ရွက်လျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက်  ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ရီလင်းထွဋ် (မုံရွာ)