Main menu

Background

Monday, 6 Jun 2011

မန်ကျည်း ၁၂၄ တန်တင်ပို့ခဲ့              ဒီသီတင်းပတ်ဖြစ်တဲ့ မေလ ၂၂ ရက်မှ ၂၈ ရက်တာကာလအတွင်း မန်ကျည်း ၁၂၄ တန်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ကုန်သွယ်ဖက်နိုင်ငံက စင်ကာပူကို ၂၄ တန်၊ ဗီယက်နမ်ကို ၂၅ တန်နဲ့ မလေးရှားနိုင်ငံကို ၇၅ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၁၂ တန်သာတင်ပို့ခဲ့တဲ့ မန်ကျည်းသီးက ဒီတစ်ပတ်မှာ တန်ချိန်တစ်ရာကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီ ဈေးပျမ်းမျှကန်ဒေါ်လာ ၅၂ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တဲ့ အတွက် စုစုပေါင်းပို့ကုန် ဝင်ငွေကန်ဒေါ်လာ ခြောက်သောင်းငါးထောင် နီးပါး ရရှိခဲ့ပါတယ်။MIRT (DOT)

Monday, 6 Jun 2011

အောင်ပန်းချင်းဈေးငြိမ် အရောင်းအဝယ်အေး             အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ်ရှမ်းချင်းဈေးကငြိမ်နေပါတယ်။ မိုးကောင်း နေတာကြောင့် အရောင်း အဝယ်ကလည်း အေးနေပါတယ်။ မနှစ်ကလောက်ဖြုန်း အားမရှိတာကြောင့် တောင်သူ၊ ကုန်သည်တွေထံမှာ လက်ကျန်အတော်ရှိနေပါတယ်။ နောက်တစ်ပတ်၊ နှစ်ပတ်လောက်မှာ ချင်း (ဥမ) တွေ ဈေးကွက်ကိုဝင် လာရင် ဒီထက်ပိုများအုံးမှာပါ။ ဒီနှစ်နွေရာသီမှာ ချင်း(စို) တွေ ဈေးကောင်းရတာကြောင့် တောင်သူတွေကလည်း ချင်းခြောက်အဖြစ်ပြုလုပ်ခြင်း သိပ်မရှိပါဘူး။ ဒါပေမဲ့ အောင်ပန်းဈေးကွက်မှာ ချင်းခြောက်ပိဿာချိန် ၃ သိန်းခန့် ကျန်ရှိနေသေးတယ်လို့ ဒေသခံပွဲရုံတွေက သိရှိရပါတယ်။ ချင်း (စို) တွေကလည်း ပြည်ပဝယ်လက် မရှိဘဲ ပြည်တွင်းဈေးပတ်သမားတွေသာ အဝယ်ရှိတဲ့အတွက် မနှစ်ကလောက် မဖြုန်းနိုင်ဘူးလို့ သိရပါတယ်။                 ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်း(စို) တစ်ပိဿာဈေးက (ညံ့စ) ၅ဝဝ ကျပ်၊ (လတ်စ) ၆ဝဝ ကျပ်-၇ဝဝ ကျပ်၊ (ထိပ်စ) ၈ဝဝ ကျပ်-၁ဝဝဝ ကျပ်နဲ့ ချင်းခြောက်ကတော့ တစ်ပိဿာ၂၄ဝဝ ကျပ်-၂၄၅ဝကျပ်ဈေးရှိပါတယ်။ တောင်ကြီး ဈေးကွက်မှာတော့ ချင်းခြောက်တစ်ပိဿာ ၂၂ဝဝ ကျပ်ဈေးရှိပါတယ်။    ဧဧခိုင်

Monday, 6 Jun 2011

အဝင်အေးပြီးဈေးငြိမ်နေတဲ့ ပြည်ချင်း           ပြည်ဈေးကွက်အတွင်းသို့ အောင်ပန်းချင်းများ ယခုတစ်ပတ်အတွင်း အဝင် အေးနေသကဲ့သို့ အရောင်းအဝယ်များလည်း ခပ်ပါးပါးသာအရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ ပိဿာ ၃ဝ ဝင်အိတ် ၂ဝဝခန့်သာ ဝင်ရောက်မှုရှိပြီး ချင်း (ရှယ်) တစ်ပိဿာကို ၁၆ဝဝ ကျပ်၊ (ဂျွန်) ၁၅ဝဝ ကျပ်တို့နဲ့ ယခင်တစ်ပတ်က ဈေးအတိုင်း ပုံမှန်ရောင်းဝယ်လျက် ဧရာဝတီနဲ့ ရခိုင်ဘက်သို့ ပိဿာချိန် ၁ဝဝဝ ကျော်ခန့်သာ ဈေးကွက်မှတစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရပါတယ်။                 ဝင်းလဲ့ဝါ

Monday, 6 Jun 2011

ချင်း ၅၁ တန်တင်ပို့              ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မေလ ၂၂ ရက်မှ ၂၈ ရက်တာ ကာလအတွင်း ချင်း ၅၁ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက် နိုင်ငံတွေက မလေးရှားနိုင်ငံကို ၂၅ တန်နဲ့ စင်ကာပူနိုင်ငံကို ၂၆ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ် ၃၆ တန်သာတင်ပို့နိုင်ခဲ့တဲ့ ချင်းက ဒီသီတင်းပတ်မှာ ၅၁ တန် တင်ပို့နိုင်ခဲ့တဲ့အတွက် ဒီတစ်ပတ်အပို့သာခဲ့တယ်လို့ ဆိုရပါမယ်။ အက်ဖ်အိုဘီဈေး တစ်တန်ကို ပျမ်းမျှ ကန်ဒေါ်လာ ၁၄၄၅ ဝန်းကျင်ရရှိခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန် ဝင်ငွေ ခုနှစ်သောင်းလေးထောင်နီးပါးရရှိခဲ့ပါတယ်။    MIRT (DOT)

Monday, 6 Jun 2011

ရာသီဥတုအခြေအနေကြောင့် ပြောင်းဈေးတက်                  ကမ္ဘာ့ပြောင်းထုတ်လုပ်မှုက ယခုနှစ်မှာ ယခင်နှစ်ကထက် တန်ချိန် ၅ဝ သန်း ပိုမိုကာ တန်ချိန် ၈၆၈ သန်းကိုစံချိန်တင်ထွက်ရှိနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု လယ်ယာစိုက်ပိုျးရေးဌာန (USDA) အရခန့်မှန်းခဲ့တယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ပြောင်းထွက်နှုန်းကလည်း စံချိန်တင်မယ်လို့ ခန့်မှန်းခဲ့တယ်။ ဒါပေမဲ့ ယခုအခါ အမေရိကန်ပြည်ထောင်စုမှာ အစိုဓာတ်များတဲ့ရာသီဥတု ကြောင့် ပြောင်းစိုက်ပျိုးမှုမပြနိုင်သေးတာကြောင့် ပြောင်းဈေးတက်သွားကြောင်း သတင်း ရရှိပါတယ်။ မေလ ၂၃ ရက်နေ့ထုတ် USDA  ရဲ့အစီ ရင်ခံစာအရ အမေရိကန်ပြည်ထောင်စုရဲ့ ပြောင်းစိုက်ပျိုးထုတ်လုပ်မှုက ၇၉ ရာခိုင်နှုန်းသာ ပြီးစီး သေးကြောင်းနဲ့ ယခင် ၅ နှစ်ပျမ်းမျှ ၈၇ ရာခိုင်နှုန်းထက်လျော့နည်းသွားကြောင်း သိရှိရပါတယ်။                 အမေရိကန်တောင်ပိုင်းပြည်နယ် ပြောင်းစိုက်ခင်းတွေမှာ ရေလွှမ်းမိုးမှုနဲ့ အချို့ ပြည်နယ်တွေမှာ အစိုဓာတ်များကြောင့် ပြောင်းစိုက်ပျိုးမှုနှောင့်နှေးရာ အမေရိကန် ပြည်ထောင်စုရဲ့ ပြောင်းထွက်ရှိမှုအပေါ်မှာ စိုးရိမ်ရမယ့်အခြေအနေတွေ ဖြစ်ပေါ် နေ ပါတယ်။                     မေလ ၃၁ ရက်နေ့က ချီကာဂိုကုန်သွယ်ရေးမှာ ဇူလိုင်လသင်္ဘောတင်မဲ့ ပြောင်းဈေးနှုန်းက တစ်တန်ကို ကန်ဒေါ်လာ ၂၉၄ ဒသမ ဝ၉ နဲ့ချုပ်ဆိုခဲ့ပါတယ်။ ပြောင်းဈေးနှုန်းတွေက ပြောင်းစိုက်ပျိုးမှုလျော့သွားကြောင်းနဲ့ ကုန်သိုလှောင်ထားမှု ခန့်မှန်းထားတာထက် လျော့နည်းသွားကြောင်း USDA  အရသိရှိရပြီး ၂ဝ၁ဝ ဇွန် ၃ဝ ရက်နောက်ပိုင်းမှာ ဈေးမြင့်တက်ခဲ့တယ်။ ဝယ်လိုအားနှစ်ဆမြင့်တက်မှုနဲ့ ကုန်ထုတ်လုပ်မှုက မျှော်မှန်းထားတာထက် လျော့ကျသွားမှုက ၂ဝ၁ဝ မှာပြောင်း ဈေးနှုန်းကို အားကောင်းစေခဲ့ပါတယ်။                  ဒါပေမဲ့ ၂ဝ၁၁ ခုနှစ်မှာ တရုတ်၊ ဥရောပ၊ မက္ကဆီကိုနဲ့ ယူကရိန်းတို့မှာ ပြောင်းထုတ်လုပ်မှုကောင်းမွန်တာကြောင့် ပြောင်းတင်သွင်းမှုလျော့ကျစေနိုင်ရာ ပြောင်းဈေးနှုန်းမြင့်တက်နေမှုမှ သက်သာပြေလျော့သွားစေမယ်လို့ ခန့်မှန်းထား ပါတယ်။ အေးမွန်လှိုင်၊Source:farmandranchguide.com

Monday, 6 Jun 2011

ဒီတစ်ပတ်ပင်လယ်ရေကြောင်းအတင်မရှိ                  မေလ ၂၇ ရက်မှ ဇွန် ၂ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှု မရှိကြောင်း သိရပါတယ်။ ပင်လယ်ရေကြောင်းတင်ပို့မှုမရှိပေမယ့် နယ်စပ်ကုန်သွယ်ရေးကတော့တစ်ပတ်ကို တန်တစ်သောင်းကျော် မှန်မှန်လေး တင်ပို့နေတာတွေ့ရပါတယ်။ ပြည်တွင်းပြောင်းလက်ကျန်နည်းနေတဲ့အတွက် တင်ပို့မှု လျော့ကျရခြင်းဖြစ်ကြောင်း သိရပါတယ်။ FOB ရန်ကုန်ဈေးကတော့ ပြောင်းလဲမှု မရှိဘဲ ဒေါ်လာ ၂၉ဝ နဲ့ ၃၁ဝ ကြား ဈေးရလျက်ရှိပါတယ်။            KZW

Monday, 6 Jun 2011

သကြားဖြူဝယ်လိုအားတက်ခြင်းက သကြားကြမ်းဈေးကို မြှင့်တင်                    အစ္စလာမ်နိုင်ငံများမှာ သကြားဖြူ (သန့်စင်ပြီးသကြား)ကို ဝယ်လိုအား မြင့်တက်ခြင်းကြောင့် သကြားသန့်စင် သူများမှ သကြားကြမ်းကို အဝယ်ပိုမိုစေ ပြီး သကြားကြမ်းဈေးကို မြှင့်တင်ရာ ရောက်တယ်လို့ Castlestone Management  ကုမ္ပဏီမှ ပြောကြားပါတယ်။ အစ္စလာမ်နိုင်ငံများဟာ သြဂုတ် လဝန်းကျင်မှာ စတင်တဲ့ မူဆလင် ဥပုသ်လနီးကပ်ပြီဆိုရင် ပုံမှန်အားဖြင့် သကြားဝယ်ယူစုဆောင်းမှုမြင့်တက် လာပါတယ်။                       ဘရာဇီးနိုင်ငံက ဇွန်လ ၁ ရက်မှ ဇူလိုင်လ ၁၅ ရက်အတွင်း အစ္စလာမ် နိုင်ငံတွေကို သကြားကြမ်းတန်ချိန် ၇၃၅၅၇ဝ ထိ တင်ပို့ဖို့စီစဉ်ထားကြောင်း ပြည်ပတင်ပို့တဲ့ အေဂျင်စီ Willian Servicos Maritimos Ltda  ရဲ့စာရင်း များအရ သိရပါ တယ်။ သကြားဖြူပိုမို ဝယ်လိုအားကောင်းလာခြင်းနဲ့အတူ သကြားကြမ်းများကိုလည်း ပိုမိုဖြည့် ဆည်းရဖွယ်ရှိတယ်လို့ Castlestone Management မှ လေ့လာဆန်းစစ်သူ Connor Noonan က ဆိုပါတယ်။ ကမ္ဘာ့အကြီးဆုံးသကြားသန့်စင်စက် ဟာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ တည်ရှိတယ်လို့ ဆိုပါတယ်။                       နယူးယောက်မှာ ဇူလိုင်လပို့ရမယ့် သကြားကြမ်းဈေးက ၃ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၂၃ ဒသမ ၃၅ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၅၁၅) ရှိတယ်လို့ သိရပါတယ်။ လန်ဒန်မှာ သြဂုတ်လပို့ရ မယ့် သကြားဖြူ ဈေးများဟာ ၃ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ကန်ဒေါ်လာ ၆၈၇ ဒသမ ၁ဝ ဈေး ရှိတယ်လို့ သိရပါတယ်။                       ဘရာဇီးနိုင်ငံဟာ အီရန်ကို သကြားကြမ်းတန်ချိန် ၂၃၉၈၃ဝ တန် ခန့်၊ အယ်ဂျီးရီးယားနိုင်ငံကို တန်ချိန် ၁၃၇၂၅ဝ တင်ပို့ဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။ အီဂျစ်၊ ဆီးရီးယား၊ မော်ရိုကို၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ယူအေအီးနိုင်ငံများက လည်း ဘရာဇီးနိုင်ငံက သကြားကြမ်း ဝယ်ယူသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ ယမင်းခင်   ၊Source: bloomberg.net

Monday, 6 Jun 2011

ရော်ဘာရောင်းလိုအား ပြတ်လပ်သော်လည်း ဈေးမတက်နိုင်                    အိန္ဒိယနိုင်ငံရဲ့ အဓိကရော်ဘာ စိုက်ပျိုးတဲ့ဒေသများမှာ မမျှော်လင့်တဲ့ မိုးရွာသွန်းမှုကြောင့် ရော်ဘာ ဈေးကွက်တွေ ပြန်လည်ခိုင်မာနိုင်မယ်လို့ မျှော်လင့်ရကြောင်း သိရပါတယ်။ မလေးရှား ဈေးကွက်မှာလည်း ရောင်းလိုအား ပြတ်လပ်ဖွယ် ရှိကြောင်း ခန့်မှန်းရပါတယ်။ ဈေးနှုန်းတွေတက်ပေမယ့် တရုတ်ရဲ့ ဝယ်လိုအားကတော့ မြင့်တက်ဖွယ်မရှိကြောင်း သိရပါတယ်။ ရောင်းလိုအား ပြတ်လပ်ပေမယ့် ဝယ်လိုအားလည်း ကျဆင်းဖွယ်ရှိကြောင်း ကုန်သည်များက ပြောကြားပါတယ်။ တာယာ ထုတ်လုပ်ရေး တွေကဲ့သို့ သုံးစွဲသူတွေကတော့ ရေရှည်မှာ ပြတ်လပ်မှုပြဿနာနဲ့ ရင်ဆိုင်ရဖွယ်ရှိကြောင်း သိရပါတယ်။ အိန္ဒိယရဲ့ ထိပ်တန်းတာယာထုတ်လုပ် ရေးဖြစ်တဲ့ အပိုလိုတာယာကတော့ ရော်ဘာဈေးနှုန်းကို ရင်ဆိုင်ရန် ရော်ဘာစိုက်ခင်းတွေ ဝယ်ယူဖို့ အကြံထုတ်နေတယ်လို့ သတင်းရရှိပါတယ်။ Source: commodity online KZW 

Monday, 6 Jun 2011

တွက်ခြေကိုက်မှုနည်း၍ ရော်ဘာတင်ပို့မှုနည်း                တစ်ဘက်နိုင်ငံ ယွမ်ဈေးအတက်အကျ ပေါ်မူတည်တွက်ခြေကိုက်မှုနည်း၍ ယခုအပတ်တရုတ်နယ်စပ်မှ ရော်ဘာ အပို့ လျော့ကျလျက်ရှိပါတယ်။ မူဆယ်နယ်စပ်မှ မှ ယခင်အပတ်ကထက် ရော်ဘာတင်ပို့မှု ၁၇၁ တန် ကျော် အပို့လျော့ခဲ့ပြီး ချင်းရွှေဟော် နယ်စပ်မှ တန် ၇ဝ ကျော် အပို့လျော့ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ရော်ဘာအဆင့်လိုက် တင်ပို့မှုတွေကတော့ RSS-3  ၄၁၃ တန်၊RSS-5 ၃၇ တန်ကျော်၊ MSR-20 တန် ၂၁ဝ နဲ့ ချင်းရွှေဟော်နယ်စပ်မှRSS-3 ၅၈ တန်ကျော် အသီးသီးတင်ပို့ခဲ့ပါတယ်။ စုစုပေါင်း ယခုအပတ် နယ်စပ်မှ ရော်ဘာဆင့်စုံ ၇၁၈ တန် တင်ပို့မှုရှိခဲ့ပါတယ်။                 ယခင်အပတ်ကထက် ၂၄၁ တန်တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ RSS-3 တစ်တန်ကို ယွမ် ၂၈ဝဝဝ၊ RSS-5  တစ်တန် ကို ယွမ် ၂၇၅ဝဝ ရှိနေရာမှ ယခုအပတ် မှာRSS-3 တစ်တန်ယွမ် ၂၉ဝဝဝ၊RSS-5  တစ်တန် ယွမ် ၂၈၅ဝဝ ထိ ဈေးမြင့်တက်ပြီး တရုတ်ဘက် အဝယ်ရှိနေပေမဲ့ ယွမ်ဈေးအတက်အကျကြောင့် တင်ပို့မှု လျော့ခဲ့ရတယ်လို့ သိရပါတယ်။ မိမိ ဘက်နဲ့ တစ်ဘက်နိုင်ငံ ရော်ဘာမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်-                                           မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)               ယခု               ယခင်       ပြောင်းလဲမှု     %     ယခု       ယခင်    ပြောင်းလဲမှု    %RSS-3     ၃၁၉၉ဝဝဝ     ၃ဝ၇၄ဝဝဝ     ၁၂၅ဝဝဝ     ၄     ၄၄၇၄     ၄၄၆၆           ၈         ဝ .၂RSS-5     ၃ဝ၈၇ဝဝဝ    ၂၉၆၂ဝဝဝ      ၁၂၅ဝဝဝ     ၄     ၄၃၉၆     ၄၃၈၉           ၇         ဝ .၂MIRT (DOBT)

Monday, 6 Jun 2011

ပင်လယ်ရေကြောင်း အပို့ကျ                  မေလ ၂၇ ရက်မှ ဇွန်လ ၂ ရက်နေ့အထိကာလအတွင်းပင်လယ်ရေကြောင်းမှ ရော်ဘာ တန် ၂၆ဝ၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၂၂၅ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ တရုတ်ကို တန် ၂ဝဝ နဲ့ စင်ကာပူကို တန် ၆ဝ RSS-3  တစ်မျိုးတည်းသာ တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၄ဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုထက်ဝက်ကျော် ကျဆင်းခဲ့ပါတယ်။ ပင်လယ်ရေကြောင်းမှ တင်ပို့မှု ကျဆင်းပေမယ့် နယ်စပ်ကုန်သွယ်ရေးကနေတော့ တန် ၇ဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ကမ္ဘာ့ သုံးစွဲမှု အများဆုံးတရုတ်ရဲ့ ဝယ်လိုအားရှိနေပေမယ့်လည်း ယွမ်ဈေးမငြိမ်မှုကြောင့် တင်ပို့မှုကျဆင်းရခြင်းဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးနှုန်းတွေကတော့ RSS-3  တစ်တန်ကို ဒေါ်လာ ၄၆ဝဝ၊RSS-5  တစ်တန်ကို ဒေါ်လာ ၄၅ဝဝ နဲ့ MSR-20 တစ်တန်ကို ဒေါ်လာ ၄၆ဝဝ အသီးသီးရှိကြောင်း သိရပါတယ်။KZW 

Pages