Main menu

Background

Thursday, 26 May 2011

အဝင်နည်းပြီး အရောင်းအဝယ်အေးနေတဲ့ ပြည်ကြက်သွန်နီ              ပြည်ကြက်သွန်နီဈေးကွက်အတွင်းသို့ အောင်လံဘက်နဲ့ တိုင်းတွင်းဒေသ ဖြစ်သော (ရွှေတောင်၊ ကျီးသဲ၊ ပြည်၊ မှော်ဇာ)စတဲ့ ဒေသတို့မှ ယခင်အပတ်များတွင် တစ်ရက်ကို ၃၅ ပိဿာဝင် အိတ် ၃ဝဝ ခန့် အဝင်ရှိခဲ့ပြီး ယခုတစ်ပတ်အတွင်း တစ်ရက်ကို အောင်လံဘက်မှ အိတ် ၅ဝ နှင့် တိုင်းတွင်းဒေသများမှ အိတ် ၁၅ဝ ခန့်ရှိ၍ အဝင်နည်းသွားပါတယ်။ အဝင်နည်းတဲ့အတွက် ဈေးနှုန်းမှာလည်း ယခင် အပတ်ကထက် အနည်းငယ်မြင့်သွားပြီး အရောင်းအဝယ်များလည်း အေးနေတယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်ပွဲရုံများရှိ ကြက်သွန်နီဈေးမှာ တစ်ပိဿာကို (ကြီး) ၅ဝဝ ကျပ်၊ (လတ်) ၄ဝဝ ကျပ်၊ (သေး) ၃ဝဝ ကျပ်တို့နဲ့ အသီးသီး ရောင်းဝယ်လျက်ရှိနေတယ်လို့ သိရပါတယ်။ ဝင်းလဲ့ဝါ 

Thursday, 26 May 2011

အောင်ပန်းချင်းသစ်ဈေးကွက်ဝင်                 မေပထမပတ် အောင်ပန်းဈေးကွက်ကို အောင်ပန်းမြို့နယ်မြောက်ဘက်က အသစ်ဖော်တဲ့ချင်းတွေ ဝင်နေပါတယ်။ အောင်ပန်းမြောက်ဘက်နယ်တွေ ဖြစ်တဲ့ လွယ်မော၊ သာမိုင်းခမ်းစတဲ့နယ်တွေက ချင်းကို အခုမှ ဖော်ကြတာကြောင့် ဈေးကွက်ကို အသစ်လိုဝင်နေကြတယ်လို့ သိရပါတယ်။ ချင်းစိုသက်တမ်းက ၅ လရှိပြီး၊ ချင်းအခြောက်ဆိုရင် တစ်နှစ်ထားလို့ရပါတယ်။ ဈေးကွက်အခြေအနေအရ မတူးပဲ မြေထဲမှာ ၃ လမှ ၄ လအထိ ထားနိုင်တာကြောင့် တောင်သူတွေကလည်း စိတ်ကြိုက်ဈေးရတဲ့အချိန်မှ ဖော်ကြပါတယ်။ အခုလည်း ချင်းအသစ်ပြန်စိုက်တော့ မှာ ဖြစ်တာကြောင့်ရယ်၊ ကြိုက်ဈေးလည်းရတာကြောင့်ရယ် တောင်သူတွေက ဖော်ပြီးရောင်းလာကြပါတယ်။ ချင်းကို ဧပြီလကုန်၊ မေလမှာစပြီး စိုက်ပျိုးကြပါတယ်။               ဟိုပုံးဈေးကွက်မှာတော့ ချင်းစိုက အဝင်လည်းမရှိ၊ လက်ကျန်လည်း မရှိသလောက်ဖြစ်သွားပြီလို့ ဒေသခံကုန်သည်တွေထံက သိရပါတယ်။ ဒီနှစ်ရာသီဥတု အခြေအနေက ဒီအတိုင်းသာ မိုးကောင်းနေမယ်ဆိုရင် သီးနံှတွေ မနှစ်ကထက် အထွက်နှုန်းကောင်းနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်းစိုဈေးက အရည်အသွေးပေါ်မူတည်ပြီး တစ်ပိဿာကို ၃ဝဝ ကျပ်မှ ၁၃ဝဝ ကျပ်ဈေးထိရှိပါတယ်။ လတ်လတ်ဆတ်ဆတ်ချင်း (ဖော်ပြီးစ) တွေကတော့ တစ်ပိဿာ ၁၄ဝဝ ကျပ်ဈေးရှိပြီး ချင်းခြောက်က တစ်ပိဿာ ၂ဝဝဝ ကျပ်မှ ၂၃ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက်တစ်ပိဿာ ၂၄ဝဝ ကျပ်ဈေးရှိပါတယ်။          ဧဧခိုင် 

Thursday, 26 May 2011

ချင်းတန်ချိန် ငါးဆယ်ကျော်တင်ပို့              ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ ဧပြီလနောက်ဆုံးပတ်အတွင်း ချင်းတန်ချိန် ၅၁ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ စင်ကာပူနိုင်ငံကို ၂၆ တန်နဲ့ အင်ဒိုနီးရှားနိုင်ငံကို ၂၅ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ်အပို့ပျောက်ခဲ့တဲ့ချင်းက ဒီတစ်ပတ်မှာ ပြန်လည်တင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလအတွင်း ချင်း ၅၉ တန်တင်ပို့ နိုင်ခဲ့ပြီး မတ်လမှာ ၃၅ တန်ကျော်တင်ပို့နိုင်ခဲ့တဲ့အတွက် ဧပြီလမှာ ချင်းပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၁၅၄ဝ ကျော်နဲ့တင်ပို့ နိုင်ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ခုနှစ်သောင်းရှစ်ထောင်ကျော် ရရှိခဲ့ပါတယ်။    MIRT (DOT) 

Thursday, 26 May 2011

မေလအတွက်သကြားတန် ၁၉ ဒသမ ၆၃ သိန်းသာခွင့်ပြုမည်ဟုကြေငြာ                အိန္ဒိယအစိုးရက မေလအတွက် သကြားတန်ချိန် ၁၉ ဒသမ ၆၃ သိန်းသာ ရောင်းချခွင့်ပြုဖို့ ဆုံးဖြတ် လိုက်တယ်လို့သိရပါတယ်။ ၎င်းတို့အနက် တန်ချိန် ၂ ဒသမ ၁၃ သိန်းကို အခွန်စည်းကြပ်မှာဖြစ်ပြီး ကျန်တာကိုတော့ အခွန် မစည်းကြပ်ဘဲဈေးကွက်မှာလွတ်လပ်စွာရောင်းချခွင့်ပြုမှာဖြစ်ကြောင်း သိရပါတယ်။ ဒီလိုအခွန်မစည်းကြပ်တဲ့သကြားတန် ၁၇ ဒသမ ၅ သိန်းရှိပြီး ၎င်းတို့အနက်က တန်ချိန် ၁၅ ဒသမ ၄၅ သိန်းက သာမန်ခွဲတမ်းဖြစ်ကြောင်း သိရပါတယ်။ တန်ချိန် ဝ ဒသမ ဝဝ၅ သန်းရှိတဲ့ သန့်စင်ပြီး အခွန်မဆောင်ရတဲ့ သကြားဖြူတွေကတော့ ၂ဝ၁ဝ ဒီဇင်ဘာမှာ သကြားကုန်ကြမ်းတင်သွင်းပြီး ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ အခွန်လွတ်သကြားတန် ဝ ဒသမ ၂ သန်းကတော့ ဇန်နဝါရီလရဲ့ လက်ကျန်ဖြစ်ကြောင်းသိရပါတယ်။ သကြားတန် ၁၉ ဒသမ ၆၃ သိန်းက မေလ အတွက် ပြည်တွင်းဝယ်လိုအား လုံလောက်မှုရှိတယ်လို့ ထုတ်ပြန်ချက် မှာ ပါရှိပါတယ်။ အိန္ဒိယမှာသကြားဈေးကွက်ကို အစိုးရက တင်းကြပ်စွာ ချုပ်ကိုင်တယ်လို့ သိရပါတယ်။    Source: commodity online,KZW

Thursday, 26 May 2011

ဇလွန် အစေ့ထုတ် ပြောင်းဈေးကွက်             ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်တွင် အစေ့ထုတ် ပြောင်း ၆၂၃၄ ဧကရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧကကို၈၆ တင်းထွက်ရှိပါတယ်။ ဇလွန်မြို့ပေါ်တွင် ပွဲရုံကြီး ၃ ရုံမှ နေ့စဉ် အစေ့ထုတ်ပြောင်း အိတ် ၃ဝဝဝ နှင့် အထက် ဝယ်ယူလျက်ရှိပါတယ်။ ရန်ကုနု်ဈေးကွက်သို့ နေ့စဉ်အိတ် ၂ဝဝဝ ခန့် တင်ပို့နိုင်ကြောင်း သိရပါတယ်။ ဈေးနှုန်းမှာ ပိဿာ ၂ဝ ဝင်တစ်တင်း ၆ဝဝဝ ကျပ်နှုန်းဖြင့် ဝယ်ယူနေကြောင်း သိရပါတယ်။                        ဌေးဝင်း

Thursday, 26 May 2011

ပခုက္ကူကြက်စာ ပြောင်းဖူးစေ့              ဇန်နဝါရီလက ထွက်ပေါ်ခဲ့တဲ့ စီပီပြောင်းဖူးစေ့တွေ ပခုက္ကူဈေးကွက်မှာ ရောင်းဝယ်လျက်ရှိပါတယ်။ ယမန်နှစ်ကတော့ တစ်တင်းကို ၇ဝဝဝ ကျပ်ဈေး ထိရောက်ခဲ့ပြီး လက်ရှိ ၄၅၅ဝ ကျပ်ရှိပါတယ်။ ပြည်တွင်းမွေးမြူရေး တိရစ္ဆာန် အစားအစာအပြင် တရုတ်ဘက်ကလည်း အဆွဲများတယ်လို့ သိရပါတယ်။ ယခုနှစ် ပုံမှန်ထက် အထွက်နှုန်း ပိုတယ်လို့လည်း သိရပါတယ်။     မောင်မောင်အေး

Thursday, 26 May 2011

တန် ၉ဝဝဝ ကျော် တရုတ်နယ်စပ်ကပို့                  ဧပြီလ ၂၇ ရက်မှ မေ ၃ ရက်ထိကာလအတွင်း မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်စခန်းများက ပြောင်းဖူးစေ့ ၉၆၁၉ တန်၊ တန်ဖိုး ၂ ဒသမ ၄၉၁ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၇ဝဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ ချင်းရွှေဟော်စခန်းက တင်ပို့မှုမရှိပဲ ယခု အပတ်မှာ တင်ပို့မှုရှိတာကြောင့်လည်း တင်ပို့မှုပိုမိုရခြင်းဖြစ်ပါတယ်။ ယခု အပတ်မှာလည်း နံှစားပြောင်း တင်ပို့ခြင်းမရှိပါဘူး။ မိမိဘက်ရော တဘက်နိုင်ငံ ပြောင်းဈေးနှုန်းကျဆင်းလျက်ရှိတာ တွေ့ရပါတယ်။                                               မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                            ယခု            ယခင်      ပြောင်းလဲမှု     %       ယခု      ယခင်     ပြောင်းလဲမှု      %ပြောင်းဖူးစေ့      ၂၄၂၅၃၆     ၂၅၃၂ဝ၈      ၁ဝ၆၇၂     ၄ .၄      ၂ဝ၈      ၂၁ဝ            ၂             ဝ .၇MIRT (DOBT)

Thursday, 26 May 2011

ပင်လယ်ရေကြောင်းက တန် ၃ဝဝဝ ကျော်တင်ပို့နိုင်                  ဧပြီလ ၂၉ ရက်မှ မေလ ၅ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ဝ ဒသမ ၉၆၅ သန်းတန်ဖိုးရှိ ပြောင်း တန်ချိန် ၃၆၃၂ တန် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂ဝဝဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှု တိုးတက်တယ်လို့ဆိုရပါမယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ အိန္ဒိယကိုတန် ၄၆ဝ၊ အင်ဒိုနီးရှားကို ၁၇၅၁ တန်၊ စင်္ကာပူကို ၈၈၁ တန်နဲ့ ဗီယက်နမ်ကို တန် ၅၄ဝ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ FOB ရန်ကုန်ဈေးတွေကတော့ တစ်တန်ကို ၂၉ဝ ဒေါ်လာနဲ့ ၃၁ဝ ဒေါ်လာကြားဈေးရလျက် ရှိပါတယ်။      KZW

Thursday, 26 May 2011

၂ဝ၁၁ တွင်ကမ္ဘာ့ ရော်ဘာထုတ်လုပ်မှု ၁ဝ ဒသမ ဝ၂၅ သန်းရှိနိုင်             ရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်း (ANRPC) အသင်းဝင်နိုင်ငံတွေရဲ့ ထုတ်လုပ်မှု ကျဆင်းတာကြောင့် ယခုနှစ် ၂ဝ၁၁ မှာ သဘာဝ ရော်ဘာထုတ်လုပ်မှု တန်ချိန် ၁ဝ ဒသမ ဝ၂၅ သန်းအထိ ကျဆင်းနိုင်ပြီး ယခင်နှစ်ကတော့ တန်ချိန် ၁ဝ ဒသမ ဝ၆ သန်းသုံးစွဲခဲ့ကြောင်းသိရပါတယ်။ ထိုင်းနဲ့ တရုတ်က ပျှမ်းမျှခြင်း တွက်ချက်မှုအရ ထုတ်လုပ်မှုကျဆင်းနိုင်ပြီး အင်ဒိုနီးရှားနဲ့ အိန္ဒိယကတော့ ယခင်နှစ်ကထက်ပိုပြီး အထွက်ကောင်းနိုင်ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံက ၂ဝ၁၁ မှ လျာထားချက် တန်ချိန် ၃ ဒသမ ၄၃ သန်းကနေ ၃ ဒသမ ၃၇၅ သန်းကို အထွက်ကျနိုင်ပြီး ၂ဝ၁ဝ မှာတော့ တန်ချိန် ၃ ဒသမ ၂၅၂ သန်းထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။ အင်ဒိုနီးရှားကတော့ ၂ဝ၁ဝ ကထုတ်လုပ်မှု တန်ချိန် ၂ ဒသမ ၇၃၆ သန်းထက်ပိုပြီး တန်ချိန် ၂ ဒသမ ၉၅၅ သန်းအထိ ထုတ်လုပ်နိုင်မယ်လို့ မျှော်မှန်းထားကြောင်းသိရပါတယ်။ ANRPC  ရဲ့ စုစုပေါင်းရောင်းလိုအားကတော့ ၅ ဒသမ ၈ ရာခိုင်နှုန်းသာတိုးတက်နိုင်ပြီး၊ ယခင်နှစ်ကတော့ ၆ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း သိရပါတယ်။ ၂ဝဝ၉ နိုဝင်ဘာလမှာ ANRPC  ရဲ့ အဖွဲ့ဝင် ၁ဝ နိုင်ငံရှိပြီး ကမ္ဘောဒီးယား ၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ နယူးဂီနိ၊ စင်ကာပူ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ဖြစ်ပါတယ်။ ၎င်း (၁ဝ) နိုင်ငံက ၂ဝဝ၈ ခုနှစ်အတွင်းမှာ ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုရဲ့ ၉၄ ရာခိုင်နှုန်းကို ထုတ်လုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။                                           Source: commodity online, KZW 

Thursday, 26 May 2011

 နယ်စပ်အပို့တက်               ဧပြီလ ၂၇ ရက်မှ မေလ ၃ ရက်ထိကာလအတွင်း မူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်စခန်းများကနေ ကန်ဒေါ်လာ ၇ ဒသမ ၃၆၂သန်းတန်ဖိုးရှိ ရော်ဘာ ၁၄၅၈ တန်တင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က တန် ၇ဝဝ ကျော်တင်ပို့ခဲ့တာ ကြောင့် တင်ပို့မှု ၂ ဆကျော် ပိုမိုခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ အမိုျးအစားတွေကတော့ မူဆယ်မှ RSS-3  ၄၈၁ တန်၊RSS-5 ၁၈ တန်၊ MSR (50) ၁၅၈ တန် နဲ့ MSR (20)  တန် ၂၄၅ တန်၊ ချင်းရွှေဟော်မှ RSS-1 တန် ၅ဝ၊RSS-3  ၄ဝ၆ တန်တို့ ဖြစ်ပြီး မြိတ်စခန်းမှ RSS-3 တန် ၅ဝ နဲ့MSR (50) တန် ၅ဝ၊ အသီးသီးတင်ပို့ခဲ့တာတွေ့ရပါတယ်။ မိမိဘက် ရော်ဘာ ဈေးနှုန်းများပြောင်းလဲမှု မရှိပေမယ့် တဘက်နိုင်ငံဈေးနှုန်းများတက်တာကိုတွေ့ရှိရပါတယ်                               မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု             ယခင်    ပြောင်းလဲမှု      %      ယခု          ယခင်   ပြောင်းလဲမှု      %RSS-3      ၄၁၃၅၄၂ဝ     ၄၁၃၅၄၂ဝ     -                        ၅ဝ၇ဝ        ၅ဝ၆၄     ၆              ဝ .၁RSS-5      ၄၁ဝဝ၂၁ဝ     ၄၁ဝဝ၂၁ဝ     -                        ၄၉၉၃       ၄၉၈၈      ၅              ဝ .၁MIRT (DOBT)

Pages