Main menu

Background

အလားအလာရှိသော ရေထွက်ပို့ကုန်

Tue, 12/24/2019 - 13:06 -- journal_editor

      မြန်မာနိုင်ငံသည် မြစ်ချောင်းအင်းအိုင် ပေါများရုံမက ရှည်လျားသည့် ကမ်းရိုးတန်းကိုလည်း ပိုင်ဆိုင်ထားပြီး ရေ အရင်းအမြစ်နှင့် ရေသယံဇာတပြွေါကယ်ဝသော နိုင်ငံတစ် နိုင်ငံဖြစ်သည့်အားလျော်စွာ ရေထွက်ပစ္စည်းများကို နှစ်စဉ် ပြည်ပသို့တင်ပို့ရောင်းချလျက်ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် ပင်လယ်ရေကြောင်းမှ အမေရိကန် ဒေါ်လာ ၂၉၆ ဒသမ ဝ၇၀ သန်းနှင့် နယ်စပ်ဒေသမှ အမေရိကန်ဒေါ်လာ ၄၃၅ ဒသမ ၈၈၁ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၃၁ ဒသမ ၉၅၁ သန်း တင်ပို့ဆောင်ရွက်နိုင်ခဲ့သည်။ ရေထွက်ပစ္စည်းများ ကို ပင်လယ်ရေကြောင်းထက် နယ်စပ်ဒေသကတစ်ဆင့် ပိုမို တင်ပို့လာနိုင်ပြီး မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှအဆိုပါ နှစ်မှာ အမေရိကန်ဒေါ်လာ ၁၂၇ ဒသမ ၉၃၇သန်း တင်ပို့နိုင်ခဲ့ သောကြောင့် နယ်စပ်ရေထွက်ကုန်ပစ္စည်းတင်ပို့မှုစုစုပေါင်း ပမာဏ၏၂၉ ဒသမ ၃၅ ရာခိုင်နှုန်းဆောင်ရွက်နိုင်ခဲ့ကြောင်း လည်း သိရသည်။
      မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် အဓိက တင်ပို့သည့် ရေထွက်ပို့ကုန်ပစ္စည်းများအနေဖြင့် ငါးရှဉ့်၊ ကဏန်း၊ အေးခဲငါး၊ ငါးခြောက်၊ ငါးမျိုးစုံ၊ ကင်းမွန်နဲ့ ပုစွန်ဖွဲ များအပြင် တစ်ဖက်နိုင်ငံက ဈေးကွက်ဝယ်လိုအားရှိသည့် ငါးရှဉ့်(အရှင်)၊ ကဏန်း(အရှင်)တို့ကိုလည်း တင်ပို့မှုများ လည်းရှိကြောင်း သိရသည်။ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်မှာ ကဏန်း (အရှင်) တင်ပို့မှုအနေဖြင့် အမေရိ ကန်ဒေါ်လာ ၂၉ ဒသမ ၄၅၄ သန်း၊ ငါးရှဉ့်(အရှင်)အနေဖြင့် အမေရိကန် ဒေါ်လာ ၁၆ ဒသမ ဝ၇၈ သန်း တင်ပို့နိုင်ခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် တင်ပို့မှု များပြားလာကြောင်း တွေ့ရှိရသည်။ ကဏန်း (အရှင်)ကို ရခိုင်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့နှင့် ငါးရှဉ့် (အရှင်)ကို ပဲခူး၊ ဧရာဝတီ၊ မန္တလေး၊ ရခိုင်ပြည်နယ်တို့မှရရှိပြီး အဝယ်ဒိုင်များမှ၂၄ နာရီ အတွင်း မူဆယ်(၁၀၅)မိုင်ကုန်သွယ် ရေးဇုန်သို့အရောက် မောင်းနှင်ပေးပို့ရပြီး   တစ်ဖက်နိုင်ငံ ဈေးကွက်အမီတင်ပို့ရပြီး လမ်းကြောင်း တွင် တစ်စုံတစ်ရာ နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်ပါက    နစ်နာဆုံးရှုံးမှုများ ရှိတတ်ပြီး တရုတ်နှစ်သစ်ကူးပွဲတော်ချိန်များတွင် ဈေးကောင်း ပေး ပိုမိုဝယ်ယူကြောင်း သိရသည်။
     အေးခဲငါးများကိုလည်း ဈေးကွက်ဝယ်လိုအားအရ နယ်စပ်ဒေသမှတစ်ဆင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုတင်ပို့လျက် ရှိရာ ပြည်ပဝယ်လက်များအနေဖြင့် ပြည်တွင်းထွက်ရှိရာ နေရာများဖြစ်သော မြိတ်၊ရန်ကုန်နေရာများအထိ  ဝယ် ယူစုဆောင်း သောသူများနှင့်ချိတ်ဆက်ကာ ကွန်တိန်နာ သြထ ယာဉ်များဖြင့်မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ရှိ အမျိုးသား ကြီးပွားတိုးတက်ရေးကုန်စည်ဒိုင်   သိုလှောင်ရုံသို့ သယ်ယူ သိုလှောင် စုဆောင်း၍ နေ့စဉ်ပျမ်းမျှယာဉ် ၁၀ စီး၊တန်ချိန်  ၂၀ဝ ခန့် တင်ပို့လျက်ရှိပြီး ယခုလို  ပွင့်လင်းရာသီချိန်တွင် တင်ပို့မှုအများဆုံးဖြစ်ကြောင်း သိရသည်။ ငါးခြောက်တင်ပို့မှုအနေဖြင့် ငါးမျိုးစုံ၊  ငါးလေးခြောက်၊ ငါးမှုန့်၊ ပုစွန်ဖွဲများကို တိရစ္ဆာန် အစာကုန်ကြမ်းအဖြစ် တင်ပို့မှု များရှိပြီး စက်တင်ဘာလမှ မတ်လအထိ ကာလများတွင် အများဆုံး တင်ပို့ကြောင်း သိရှိရသည်။ ယခုအခါ နယ်စပ်မှ တစ်ဆင့် တင်ပို့လျက်ရှိသည့် ရေထွက်ကုန်ပစ္စည်း များအပေါ် တရုတ်ဖက်မှလည်း အစားအသောက် ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်၍ စစ်ဆေးဆောင်ရွက်နေမှုများအရ   တရားဝင် တင်ပို့ခွင့်ရရန် ယခင်ပေးပို့ထားသော ငါးမျိုးစိတ် ၂၁မျိုးအပြင် အလားအလာရှိသည့် ငါးမျိုးပေါင်း ၁၆၀ကျော်အား တရားဝင် တင်ပို့ခွင့်ရရှိရေး မြန်မာနိုင်ငံငါး လုပ်ငန်းဦးစီးဌာနမှ တရုတ် နိုင်ငံ ွဗဃဃ သို့ ပေးပို့ထားကြောင်းလည်း သိရှိရသည်။ ရေထွက်ကုန်ပစ္စည်းများမှာ နိုင်ငံတကာ၏ ဈေးကွက် ဝယ်လိုအားရှိသော ကုန်ဖြစ်သောကြောင့် ရေရှည်စီးပွားဖြစ် ထုတ်လုပ်တင်ပို့နိုင်ရေးအ တွက် ဂေဟစနစ်ထိန်းသိမ်းခြင်းလုပ်ငန်း များနှင့်အတူ ခေတ်မီနည်းပညာများနှင့်ပေါင်းစပ်ကာ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ တန်ဖိုး မြှင့်ကုန်အဖြစ် ထုတ်လုပ်တင်ပို့ခြင်းဖြင့် နိုင်ငံပို့ကုန်ဝင်ငွေတိုးမြှင့်ရေးအား ထားရမည့် ပို့ကုန်ပစ္စည်းတစ်ခုဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရသည်။

 

သဲရတနာသိန်း(မူဆယ်)