Main menu

Background

နိုင်ငံတကာခရီးသွားဧည့်သည်များ လက်ဆောင်ပစ္စည်းအဖြစ် နှစ်သက်စွာဝယ်ယူနေကြသဖြင့် ဈေးကွက်တွင်ကျယ်လာသည့် မြန်မာ့ရိုးရာ ရိုးရာလက်မှုအလှထည်ပစ္စည်းချင်းပုတီး

Fri, 06/19/2015 - 21:04 -- journal_editor

  မြင်းခြံခရိုင်၊   နွားထိုးကြီးမြို့နယ်၊  အင်ကြင်းကျောက် လုပ်ငန်းများမှ ထုတ်လုပ်ရောင်းချနေသည့်မြန်မာ့ရိုးရာလက်မှုအလှထည်ပစ္စည်း ချင်းပုတီးများကို နိုင်ငံတကာ ခရီးသွားဧည့် သည်များက နှစ်သက်စွာ ဝယ်ယူနေကြ သဖြင့် ဈေးကွက်ပိုမိုတွင်ကျယ်လာကြောင်းနွားထိုးကြီးမြို့နယ် ၊ သဇင်ရွာ၊ TreeJade  အင်ကြင်းကျောက်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးမင်းဆွေ၏ပြောပြချက်များအရ သိရသည်။ အဆိုပါချင်းပုတီးကိုအင်ကြင်း ကျောက်၏ဘေးထွက်ပစ္စည်းဖြစ်သည့် အင်ကြင်းကျောက်အကာ သားများနှင့်  ပြုလုပ်ခြင်းဖြစ်သည်။ အဆိုပါ ပုတီးများကို ယခင် ခေတ်ကာလက တိုင်းရင်းသားချင်းလူမျိုးများက ပယင်းကျောက် များနှင့်  ပြုလုပ်ဝတ်ဆင်ခဲ့ကြသည်။   အင်ကြင်းကျောက်များ ခေတ်စားလာကာ အင်ကြင်းကျောက်  အကာသားများကို ပုတီး အဖြစ်ပြုလုပ်ရောင်းချရာ အဆိုပါ တိုင်းရင်းသားချင်း လူမျိုးများ ၏ ပုတီးများနှင့် အသွင်အပြင်ရောပုံသဏ္ဌာန်ပါတူညီနေသဖြင့် ချင်းပြည်နယ်မှ တိုင်းရင်းသားချင်းလူမျိုးများက လာရောက်ဝယ် ယူနေကြသဖြင့် ချင်းပုတီးဟုအမည်တွင်ခဲ့ခြင်းဖြစ်သကဲ့သို့ မြန်မာ့ရိုးရာလက်မှုအလှထည် ပစ္စည်းတစ်ခုဖြစ်ကြောင်းသိရသည်။အင်ကြင်းကျောက်  အကာသားများကို ကျောက်ဖြတ်၊ ကျောက်သွေးစက်များနှင့် ဂေါ်လီလုံး၊ အပြား၊အဝိုင်းစသည်ဖြင့် ဒီဇိုင်းပုံသဏ္ဌာန်အမျိုးမျိုးပြုလုပ်ကြသည်။ထိုသို့ဒီဇိုင်းပုံဖော်ပြီး လျှင်ဆေးရောင်ခြယ်ကြရသည်။ ဆေးရောင်ခြယ်မှုမှာ အံ့သြဖွယ် ဖြစ်သည်။ ဒီဇိုင်းပုံဖော်ပြီးသောအင်ကြင်းကျောက်များပေါ်တွင် မည်သည့်ဆေးနှင့်မှ ရေးခြယ်မရ၊ သားသည်မိခင်များ၏ နို့ရည် များနှင့်သာ ရေးခြယ်ကြရသည်။ မိခင်၏နို့ရည်မှလွဲ၍ မည်သည့် ဆေးရည်မှ ဒီဇိုင်းပုံဖော်ပြီး  အင်ကြင်းကျောက်သားပေါ်တွင် ဆေးစွဲထင်မှုမရှိဟုဆိုသည်။ ထို့ ကြောင့် ဆေးရောင်ခြယ်ရန်အတွက် ဒေသခံများ၏အကူအညီနှင့် သားသည်မိခင်များ၏ နို့ရည်များကိုရှာဖွေစုဆောင်းရသည်ဟု အဆိုပါကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦး ဖြစ်သူ ဦးဝင်းနိုင်က ရှင်းပြသည်။
ချင်းပုတီးပေါ်မှာ မိခင်နို့ရည်ကလွဲပြီး ဘာဆေးနဲ့မှ ဆေး ခြယ်လို့ မရဘူး၊ ဒါကြောင့်ဒေသခံတွေကို စည်းရုံးပြီး  မိခင်နို့ရည် တွေကို ရနိုင်သမျှရှာဖွေစုဆောင်းပြီးသိုလှောင်သိမ်းဆည်းထားရတယ်။မိခင်နို့ရည်က တစ်နှစ်ကြာသိမ်းထားလည်း ချင်းပုတီးမှာ ရေးဆွဲလို့ရတယ်။ မိခင်နို့ရှာ ရတာကတော့ သိပ်ပြီးအခက်အခဲ မရှိပါဘူး။ နွားထိုးကြီးမြို့နယ်ထဲမှာ ကျေးရွာတစ်ရာကျော်ရှိတယ်။ဒေသခံတွေအ ချင်းချင်းချိတ်ဆက်ရှာဖွေကြတာပါဟုဦးဝင်းနိုင် ကရှင်းပြသည်။ အဆိုပါချင်းပုတီးများမှာ ကျောက်စိမ်းပုတီးများ နှင့် အနှစ်သာရတူနေသည့်အပြင် အသွင်သဏ္ဌာန်ဆန်းပြားနေ သဖြင့် နိုင်ငံတကာခရီးသွားဧည့်သည်များက စိတ်ဝင်စားကာ လက်ဆောင်ပစ္စည်းအဖြစ်   ဝယ်ယူနေကြခြင်းဖြစ်သည်။ ယခင် က ပြည်တွင်းတွင် ချင်းပြည်နယ် ဈေးကွက်ကိုသာ အားထား ရောင်းနေခဲ့ရသဖြင့် ပြည်တွင်းဈေးကွက်  တွင်ကျယ်မှုမရှိခဲ့။ ယခုအခါ ပြည်တွင်းဈေးကွက်မှလည်း ဝယ်ယူမှုတွေရှိလာကာ အလှအပ ပုတီးများအပြင် ကိုးနဝင်းပုတီး၊ ဂုဏ်တော်ပုတီး၊ တစ် ဆယ့်တစ်မီးငြိမ်းစေမည့် ဆယ့်တစ်လုံးပုတီး (၁၁လုံးပုတီး)၊    စိတ်ပုတီး စသည့်    ဘာသာရေးပုတီးများအထိ   ပြုလုပ်ရောင်းချ ပေးနေရသည်။  နိုင်ငံတကာ  ခရီးသွားဧည့်သည်များကလည်း အဆိုပါပုတီးများကိုပင် အမှတ်တရအဖြစ် အမြတ်တနိုး ဝယ်ယူ မှုတွေရှိနေသည်။ ပုတီးလုံးကိုးလုံးပါရှိသည့် ကိုးနဝင်းပုတီးတစ် ကုံးကို အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာတန်ဖိုးရရှိသည်ဟု ဆို သည်။ ထို့ကြောင့် နွားထိုးကြီးမြို့နယ်ဒေသထွက်ချင်းပုတီးများမှာ ပြည်တွင်းပြည်ပဈေးကွက်တွင်ကျယ်လာသဖြင့် နိုင်ငံတကာခရီး သွားများ   သွားရောက်လည်ပတ်လေ့ရှိသည့်  ပုဂံ၊ ညောင်ဦး၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ အင်းလေး၊ ရန်ကုန် စသည့်ဈေး ကွက်များသို့ အဓိကတင်ပို့ရောင်းချနေရသည်။ ထို့သို့  ချင်းပုတီး ဈေး ကွက်သွက်လက်လှုပ်ရှားနေသဖြင့် ဒေသအတွင်းအလုပ် အကိုင်  အခွင့်အလမ်းသစ်များ   ဖြစ်ပေါ်တိုးတက်လာသဖြင့်ဒေသခံများမှာလည်းအလုပ်အကိုင်များရရှိကာ လုပ်အားခဝင်ငွေ ရရှိနေကြသည်။အဆိုပါ  ချင်းပုတီးလုပ်ငန်းတွင် အလုပ်သမားတစ်ယောက် ၏ တစ်နေ့တာလုပ်အားခဝင်ငွေမှာ ငွေကျပ်သုံးထောင်ကျပ်နှင့် အထက်ရရှိနေကြောင်းသိရသည်။            

ပင်လယ်သားစံထွား