Main menu

Background

ငါး၊ ပုစွန်များ တိုးချဲ့မွေးမြူထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်သင့်

Wed, 10/23/2019 - 14:07 -- journal_editor

      မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုအနေဖြင့် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက် အထိ ဘဏ္ဍာနှစ်ကာလအတွင်း မက်ထရစ်တန် ၅၈၃၆၇၆ ဒသမ ၃၅၄တန် တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၇၂၈ ဒသမ ၂၅၇ သန်း ရရှိခဲ့သည်။  ပို့ကုန်တန်ဖိုး အားဖြင့် အမြင့်ဆုံးတင်ပို့နိုင်သည့် စံချိန်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ဗီယက်နမ်နိုင်ငံ အနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၈၈၀၂ သန်း  တင်ပို့ရောင်းချနိုင်ခဲ့ ကြောင်း လေ့လာတွေ့ရှိရသည်။

     ဗီယက်နမ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ခန့် သို့ ရေထွက်ပစ္စည်းများ တင်ပို့ရောင်းချမှု ပြုနိုင်ကြောင်းသိရှိ ရပြီး မြန်မာနိုင်ငံအနေဖြင့် နိုင်ငံပေါင်း  ၄၀ ကျော်သို့သာ တင် ပို့ရောင်းချမှုပြုနိုင်ကြောင်း   တွေ့ရှိရသည်။   အထူးသဖြင့် ဗီယက်နမ်နိုင်ငံ ရေထွက်ပို့ကုန်တန်ဖိုး၏ ၆၀ ရာခိုင်နှုန်းခန့်ကို ငါး၊ ပုစွန် မွေးမြူရေး ထွက်ကုန်များမှ ရရှိခဲ့ခြင်းဖြစ်သည်။ အမေရိကန်ဈေးကွက်သို့ အမေရိကန်ဒေါ်လာ ၁၆၂၃ သန်း၊ ဥရောပဈေးကွက်သို့ ၁၄၇၁ သန်း၊ ဂျပန်ဈေးကွက်သို့ ၁၃၇၈ သန်းနှင့် တရုတ်နိုင်ငံဈေးကွက်သို့  ၁၂၁၀ သန်း တင်ပို့ရောင်း ချနိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ မြန်မာနိုင်ငံအနေဖြင့်  ဗီယက်နမ်နိုင်ငံကဲ့သို့ တရုတ် ဈေးကွက်သို့ မွေးမြူရေး ငါး၊ ပုစွန်များ မွေးမြူထုတ်လုပ် တင်ပို့ နိုင်ပါက  အလွန်အလားအလာကောင်းသည့် အခွင့်အလမ်း တစ်ရပ်ဖြစ်သောကြောင့် တရုတ်နိုင်ငံဈေးကွက်မှ လိုအပ်ချက် မြင့်မားသည့် ငါး၊ ပုစွန်များ တိုးချဲ့မွေးမြူထုတ်လုပ်နိုင်ရန် စီမံ ဆောင်ရွက်သင့်ကြောင်း၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ပြည်ထောင်စုအစိုးရအဖွဲ့ထံ စုစည်းအကြံပြုတင်ပြခဲ့ကြောင်း သိရသည်။             

 

ခိုင်သဉ္ဇာဦး၊ (မြှင့်တင်၊ပြည်တွင်း-ရန်ကုန်)