Main menu

Background

ဖရဲ ၊ သခွားမွှေး တိုးမြှင့်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲအကြောင်း တစေ့တစောင်း

Tue, 12/24/2019 - 13:55 -- journal_editor

     တစ်ဖက်နိုင်ငံ ယူနန်ပြည်နယ်နှင့် ကုန် သွယ်မှုပြုလုပ်နေသော ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ်ရှိ မိုင်းယုကျေးရွာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် သစ်သီးဝလံကုန်စည်ဒိုင်တွင် ဒီဇင်ဘာ ၁၃ရက်တွင် ဖရဲသီး၊ သခွားမွှေး တိုးမြှင့် တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ကြီးမှူးကျင်းပခဲ့ပြီး တက်ရောက်လာသူများကတော့ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ အလုပ်ရုံဆွေးနွေးပွဲတွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် OSS ကုန်သွယ်ရေးဦးစီးဌာန၊ မူဆယ်ခရိုင် စိုက်ပျိုးရေး ဦးစီး ဌာန၊ မူဆယ်ခရိုင်ပြည်တွင်းအခွန်များ ဦးစီးဌာန တို့မှ စာတမ်းဖတ်ကြားမည့် တာဝန်ခံအရာရှိများ၊ ဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ်၊ တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ၊ သစ်သီးဝလံကုန်စည်ဒိုင်ဒုဥက္ကဋ္ဌ၊ အရှေ့မြောက်တံခါး အများနှင့် သက် ဆိုင်သော ကုမ္ပဏီ၊ သစ်သီးဝလံအရောင်းကွင်းအဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ သစ်သီးဝလံ စိုက်ပျိုး ထုတ်လုပ်သည့် တောင်သူဦးကြီးများ၊ သစ်သီးပွဲရုံ ကုမ္ပဏီများ၊ သစ်သီးဝလံရောင်းချသည့် လုပ်ငန်း ရှင် စုစုပေါင်း ၁၀ဝ ခန့် တက်ရောက်ခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲ၌ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြသည့် သက်ဆိုင်ရာဌာနအလိုက် စာတမ်းဖတ်ကြားဆွေးနွေးမှုတွင် မူဆယ်နယ်စပ် ကုန်သွယ်ရေးရုံး အဆင့်ဆင့်ပြောင်းလဲလာရာမှ ၁၁-၄-၂၀ဝ၆ ရက်တွင် မူဆယ်(၁၀၅)မိုင် ကုန် သွယ်ရေးဇုန်ကြီးအဖြစ် အကောင်အထည်ဖော် ပေါ်ပေါက် ဖွင့်လှစ်နိုင်ခဲ့မှုနှင့်အတူ မူဆယ် သစ်သီး ဝလံ ကုန်စည်ဒိုင်သည်လည်း အတူပေါက်ဖွား ရှင် သန်လာခဲ့ကြောင်း သိရှိရသည်။ ယခုအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်နေ သည့် သစ်သီးဝလံကုန်စည်ဒိုင် အဆောက်အဦရုံး သစ်ကြီးသည်လည်း ယခင်သစ်သီးဝလံ ကုန်စည်ဒိုင်ရုံးဟောင်း၏ လက်ရှိနေရာတွင် အစားထိုးရုံး သစ်ကြီး ဆောက်လုပ်လာနိုင်ခြင်းသည်  သစ်သီး ဝလံလုပ်ငန်းရှင်များ၏ တစ်ဦးချင်းထည့်ဝင် ပူးပေါင်းဆောင်ရွက်မှုကြောင့် ယခုလို ခံ့ညားထည်ဝါသည့် ရုံးသစ်ကြီးအဖြစ် တည်ထောင်လာ နိုင်ခြင်းဖြစ်သည်။
       အများဆုံး သစ်သီးဝလံပို့ကုန်များမှာ ဖရဲ၊ သခွား၊ သရက်သီးဖြစ်ပြီး နာနတ်သီးတင်ပို့မှုကို တော့ တစ်ဖက်နိုင်ငံနှင့် ယခုနှစ် (၁၈)ကြိမ်မြောက်  မြန်မာ-တရုတ် ကုန်စည်ပြပွဲ၊ (၁၄)ကြိမ်မြောက် JBTCCC  အစည်းအဝေး၌ ဆွေးနွေးညှိနှိုင်းခဲ့ရာ တွင် နာနတ်/ ထောပတ်/ငှက်ပျော/ရှောက် အမျိုးအနွယ် သစ်သီးများအား တရားဝင်တင်ပို့ခွင့် ပြုခဲ့ကြောင်း သိရှိရပြီး ကျန်သီးနှံအမယ်အမျိုး(၇၀)ကျော်ကိုလည်း တရားဝင်တင်ပို့ခွင့်ရရှိရေးအတွက် စိုက်ပျိုးရေးဝန်ကြီး ဌာန၊ GACC တို့နှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ မိမိဘက်မှတင်ပို့သော သစ်သီးဝလံပို့ကုန်များအား တစ်ဖက်နိုင်ငံ ဝမ်တိန်မြို့ရှိ ဧက ၇၀ အကျယ်ရှိသော ချိန်ဟော့ကုမ္ပဏီ သစ်သီးဖလှယ် အရောင်းကွင်းကြီးတွင် ပြန်လည် ရွေးချယ်ထုပ်ပိုး ပြင်ဆင်ပြီး ယူနန်ပြည်နယ်တစ်ပြည်လုံးရှိ မြို့များ သို့ ၂၂ ဘီးယာဉ်ကြီးများဖြင့် ပြန်လည် ရောင်းချ လျက်ရှိကြောင်း သိရှိရသည်။ ယခု၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အစ ဖရဲ တင်ပို့နိုင်မှုသည် အောက်တို ဘာလမှ နိုဝင်ဘာလ အထိ ဖရဲတန်ချိန် ၁၁၃၃၉၃ တန် တန်ဖိုး ၉ ဒသမ ၄၈၄ဒေါ်လာသန်း ဖြစ်၍ ယခင်နှစ် ကာလတူထက် ဖရဲတန်ချိန် ၃၃၄၈၈တန် တန်ဖိုး ၂ ဒသမ ၇၇၇ ဒေါ်လာသန်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရသည်။ သခွားတင်ပို့နိုင်မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၅၇၈၆၉၊ တန်ဖိုး ၃၂ ဒသမ ၂၁ ဒေါ်လာသန်းနှင့်၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ် အောက်တိုဘာလမှနိုဝင်ဘာလအထိ တန်ချိန် ၆၁၅၁၊ တန်ဖိုး ၁ ဒသမ ၂၆ ဒေါ်လာသန်း တင်ပို့နိုင်ခဲ့၍ သခွားတင်ပို့မှုအနေဖြင့် တင်ပို့မှုဈေး ကွက်လိုအပ်ချက်အရ နှစ်စဉ် တင်ပို့မှုတွင် တန်ချိန် အနည်းငယ်သာ တိုးမြင့်လာကြောင်း တွေ့ရှိရ သည်။ သို့သော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလမှ နိုဝင်ဘာလအထိ သခွားတင်ပို့ မှုအနေဖြင့် တန်ချိန် ၆၁၅၁ ဒသမ ၅၀ တန် တန်ဖိုး ၁ ဒသမ ၂၅၅ ဒေါ်လာသန်းဖြစ်၍ ယခင်နှစ် ကာလတူထက် တန်ချိန် ၃၁၂၈ တန် တန်ဖိုး သုည ဒသမ ၆၃၇ ဒေါ်လာသန်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရသည်။
          ဖရဲတင်ပို့မှုများ နှစ်စဉ်တိုးမြှင့်တင်ပို့နိုင်ခဲ့ သလို ရောင်းချရသည့် တစ်နှစ်ပျမ်းမျှ အမြင့်ဆုံး ဈေးနှုန်းရရှိမှုအနေဖြင့် အနီးစပ်ဆုံးဘဏ္ဍာနှစ် သုံးနှစ်၏ ဈေးနှုန်းများနှိုင်းယှဉ်ကြည့် လျှင် ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အစ အောက်တို ဘာလမှ နိုဝင်ဘာလအထိ ရောင်းချရမှု ဖရဲ တစ်ကီလိုလျှင် ပျမ်းမျှဈေးနှုန်း ၄ ဒသမ  ၃ ယွမ်သည် ဘဏ္ဍာနှစ် သုံးနှစ်အတွင်း အမြင့်ဆုံးဈေးနှုန်းသို့ တိုးမြှင့် ရရှိ လာကြောင်း တွေ့ရှိရသည်။ သခွားတင်ပို့မှုတွင် ရောင်းဈေး တစ်ကီလို ဈေးနှုန်းရရှိမှုအနေဖြင့် အနီးစပ်ဆုံးဘဏ္ဍာနှစ် သုံးနှစ်၏ ပျမ်းမျှ တစ်နှစ် အမြင့်ဈေးနှုန်းနှင့် နှိုင်း ယှဉ်ကြည့်လျှင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်  ၄ ဒသမ ၄ ယွမ်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၆ ယွမ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အစ အောက်တိုဘာလမှ နိုဝင်ဘာလအထိ ၄ ဒသမ ၃ ယွမ်သို့ ပြန်လည်ဈေးကောင်းတိုးမြှင့် ရရှိလာကြောင်း တွေ့ရှိရသည်။ ဖရဲ၊ သခွားစိုက်ပျိုးမှုအား မြန်မာနိုင်ငံ တစ်ဝန်း လုံးတွင် စိုက်ဧကပေါင်း ၆၄၀၈၆ ဧကရှိပြီး အများ ဆုံးစိုက်ပျိုးသော တိုင်းဒေသကြီးများမှာ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးတို့ဖြစ်ပြီး ယခုနောက်ပိုင်းနယ်စပ်ဈေးကွက်သို့ အနီးဆုံးနှင့် ရာသီဥတုကောင်းမွန်သော ရှမ်းပြည်နယ် (မြောက် ပိုင်း)၊ နမ္မတီး၊ သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ နမ့်လန်၊ သိန္နီဒေသများတွင်လည်း အများအပြား စိုက်ပျိုး လာကြသည်။ နှစ်စဉ်စိုက်ပျိုးထုတ်လုပ်တင်ပို့မှု အရေ အတွက်များလာသလို သီးနှံအရည်အသွေးပိုင်း ဆိုင်ရာ ထိန်းချုပ်နိုင်မှုအတွက်ကိုလည်း စိုက်ပျိုး ထုတ်လုပ် သူတောင်သူ၊ သစ်သီးဝလံပွဲရုံနှင့် စိုက် ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အမြဲကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ GAP လက်မှတ်ရ တောင်သူများဖြစ်ပေါ်ရေးအတွက် ကိုလည်း နီးစပ်ရာစိုက်ပျိုးရေးဦးစီးဌာန၏ အသိ ပညာပေးခြင်း၊ သင်တန်းများပို့ချပေးခြင်းတို့ကို မပျက်မကွက်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း တို့ကို စာတမ်းဖတ်ကြားသူများက ဆွေးနွေးခဲ့ကြ သည်။
       သက်ဆိုင်ရာဌာနအလိုက် စာတမ်းဖတ်ကြား ဆွေးနွေးချက်များ၊  ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဋ္ဌ၊ မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင်ဒုဥက္ကဋ္ဌတို့၏ ဆွေးနွေးချက်များ၊ ဖရဲ၊ သခွားစိုက်ပျိုး ထုတ်လုပ် သူ တောင်သူများ၏မေးမြန်းချက်များအပေါ် အလုပ်ရုံဆွေးနွေးပွဲတစ်ခု လုံး၏ နိဂုံးချုပ်အဖြစ် Panel Discussion ဆွေးနွေး သူ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြား ရေးမှူး ဦးမျိုးသူက ဆွေးနွေးပြောကြားခဲ့သည်မှာ ဖရဲ၊ သခွားအပါအဝင် သစ်သီးဝလံတင်ပို့မှုအား လာမည့် ၂၀၂၀မှ၂၀၂၅ထိ အမျိုးသားပို့ကုန် မဟာ ဗျူဟာ (National Export Strategy) တွင် ထည့်သွင်း ရေးဆွဲသွားမည်ဖြစ်ကြောင်း၊ ကမ္ဘာတွင် ဖရဲသီး တင်ပို့မှုအများဆုံးနိုင်ငံမှာ စပိန်နိုင်ငံဖြစ်ကြောင်း၊ ကမ္ဘာ့နံပါတ်အဆင့်(၅) နေရာမှ တင်ပို့မှုအများဆုံး နိုင်ငံမှာ ဗီယက်နမ်နိုင်ငံဖြစ်ပြီး ၎င်းတင်ပို့မှု အရေအတွက်တန်ချိန်သည် မိမိနိုင်ငံ ဖရဲတင်ပို့မှုတန်ချိန်နှင့် တူညီမှုရှိနေသော်လည်း မိမိနိုင်ငံတင်ပို့မှုသည် ကမ္ဘာ့အသိ အမှတ်ပြု စာရင်းမဝင်သေးကြောင်း၊ တရားဝင်စာရင်းဝင်ရေးအတွက်သည် ကမ္ဘာ့စံချိန် အရည်အသွေးမီသည်အထိ အရည်အသွေးတိုးမြှင့် ဆောင်ရွက်သွားနိုင်ရေး ဝိုင်းဝန်းကြိုးစား ဆောင် ရွက်သွားရန်လိုကြောင်း၊ တင်ပို့နေသည့် သစ်သီး ဝလံများအား တစ်ဖက်နိုင်ငံ ယူနန်ပြည်နယ် အတွက်သာမက လူဦးရေသန်း ၁၃၀ဝ ကျော်ရှိ သည့် တရုတ်နိုင်ငံ၏ ကျန်ပြည်နယ်များ သို့ပါ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဈေးကွက်တိုးချဲ့ မျှော်မှန်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်းနှင့် သစ်သီးဝလံကဏ္ဍ၏ အရေးကြီးသော အားသာ ချက်/ အားနည်းချက် အလားအလာများ၊ အခွင့် အလမ်းများနှင့် စိန်ခေါ်ချက်များကို ရှင်းလင်း ဆွေးနွေးပြောကြားပြီး ဖရဲ၊ သခွား တိုးမြှင့်တင်ပို့ နိုင်ရေး   အလုပ်ရုံဆွေးနွေးပွဲကို   အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

 

မိုင်းယုသား