Main menu

Background

နေ့စဉ် ဆန်တန်ချိန် တစ်သောင်းခန့် ပြည်ပတင်ပို့ရောင်းချနေရ

Mon, 01/13/2020 - 11:55 -- journal_editor

      ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း နေ့စဉ် ဆန်တန်ချိန် တစ်သောင်းခန့် ပြည်ပသို့ တင်ပို့ ရောင်းချ နေရကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။ ဘဏ္ဍာနှစ်အစကနေ အခုထိဆို ရက် ၉၀ လောက် ရှိပါပြီ။ ဒီရက်တွေအတွင်းမှာ တစ်ရက်ကို ပြည်ပကို ဆန်တန်ချိန် တစ်သောင်းလောက် တင်ပို့ရောင်းချခဲ့တဲ့အတွက် အခုထိဆိုရင် ဆန်တန်ချိန် ကိုးသိန်း လောက် တင်ပို့ရောင်းချပြီးပါပြီဟု ယင်း အသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးက ဇန်နဝါရီ ၁ ရက်တွင် ပြောသည်။ မြန်မာနိုင်ငံက ဆန်ကို အာဖရိကနိုင်ငံများသို့ အများဆုံး တင်ပို့နေပြီး အာဆီယံနိုင်ငံများသို့ ဒုတိယ အများဆုံး တင်ပို့လျက်ရှိကာ ယခုနှစ်တွင် နွေစပါးမှ ရရှိသည့်ဆန်ကို ပြည်ပသို့ တင်ပို့ရောင်းချရမှု လျော့ နည်းနိုင်ကြောင်း ဦးမျိုးသူရအေးက သုံးသပ်သည်။

     နွေစပါးအတွက် ဆည်ရေပေးနိုင်မှု အခက် အခဲရှိတယ်ဆိုတာ အစိုးရကလည်း ကြေညာပြီးသွား ပါပြီ။ နွေစပါးလျှော့ စိုက်ကြဖို့လည်း ပြောထားပါတယ်။ နွေစပါးစိုက်ပျိုးမှု သိသိသာသာလျှော့နည်းမှာဖြစ်လို့ အထွက်နှုန်းလျော့ရင် ပြည်ပဆန်တင်ပို့မှု လျော့ကျလာ မှာပါဟု ၎င်းက ဆိုသည်။ ပြည်ပသို့ လက်ရှိဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် နှစ်သန်းခွဲတင်ပို့နိုင်ရန် ဆန်စပါး အသင်းချုပ်က မျှော် မှန်းထားပြီး ဘဏ္ဍာနှစ်စမှ ဒီဇင်ဘာ ၁၃ ရက်အထိ ပြည်ပဆန်နှင့် ဆန်ကွဲတင်ပို့မှုမှာ မက်ထရစ်တန် ၇၇၀,ဝ၀ဝ ကျော်ရှိခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၂၀ ကျော် ရှိခဲ့သည်။ လက်ရှိတွင် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ဆန် တင်ပို့ရောင်းချမှု လျော့နည်းလာနေပြီး ပြည်ပဆန်တင်ပို့ ရောင်းချမှု စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းကသာ နယ်စပ်မှ တစ်ဆင့်ရောင်းချခြင်းဖြစ်ကြောင်း ဦးမျိုးသူရ အေးက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်ပဆန်ပို့ကုန်၏ ၅၅ ရာခိုင်နှုန်းမှာ နယ်စပ်မှတစ်ဆင့် တင်ပို့ရောင်းချခဲ့ခြင်းဖြစ်ပြီး ပင်လယ်ရေကြောင်းမှ တစ်ဆင့် ၄၅ ရာခိုင်နှုန်း တင်ပို့ခဲ့ကြောင်း သိရသည်။ ထို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်ပ ဆန်တင်ပို့မှု စုစုပေါင်း၏ ၃၉ ရာခိုင်နှုန်းကျော်ကို အာဖရိကဈေးကွက် နိုင်ငံများ၊ ၃၁ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၊ ၁၁ ရာခိုင်နှုန်းကို အီးယူဈေးကွက်နှင့် အခြားနိုင်ငံများကို ၁၈ ရာခိုင်နှုန်း ကျော် တင်ပို့ရောင်းချခဲ့သည်။

 

ပန်းဆု