Main menu

Background

ပြည်ပပို့ကုန်ဈေးကွက်ကို ဘယ်လိုရှာဖွေမလဲ

Fri, 02/14/2020 - 11:36 -- journal_editor

     ပြည်ပသို့ကုန်ပစ္စည်းတင်ပို့ရန် ကြိုးပမ်းခြင်းသည် မည်သည့်ပို့ကုန်လုပ်ငန်းအတွက်မဆို အဓိကကျသော လုပ်ငန်းတစ်ခုဖြစ်သည်။ တစ်ဦးချင်းလုပ်ငန်းဖြစ်စေ၊ အစုအဖွဲ့လုပ်ငန်းဖြစ်စေ ပြည်ပမှ Export order ရရှိရေးအတွက် နည်းဗျူဟာရှိသင့်သည်။ Export order မရရှိဘဲ မည်သည့်ကုမ္ပဏီမှ ရပ်တည်ရန်မဖြစ်နိုင်ချေ။ ပြည်ပပို့ကုန်လုပ်ငန်းကြီးတစ်ခု၏ ဦးစားပေးအလုပ်တစ်ခုအနေဖြင့် ၎င်း၏ထုတ်ကုန် ပစ္စည်းများကို ရောင်းချရန် Export order ရရှိရေး မဟာဗျူဟာအပေါ် အာရုံစိုက်သင့်သည်။

Export order ဘယ်လိုရမလဲ

      ဒစ်ဂျစ်တယ်နည်းပညာစနစ်သည်  လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်စုစာမှစတင်ပြီး လူသားတစ်ဦးချင်းစီကို ပြောင်းလဲပစ်ခဲ့ပြီဖြစ်သည်။ သတင်းအချက်အလက်နည်းပညာသည် ကဏ္ဍအားလုံးအတွက်  အရေးပါသောအပိုင်းတွင်  ပါဝင်လာပြီး  အထူးသဖြင့် နိုင်ငံတကာနှင့်ချီသော  စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုအရေး ပါသည်။ ၁၉၉၀ ဝန်းကျင်မတိုင်မီကာလများတွင် ပြည်ပဝယ်လက် ရရှိရေးသည် အလွန်ခက်ခဲသော၊ အားစိုက်ခွန်စိုက်လုပ်ဆောင်ရသော  အလုပ်တစ်ခုဖြစ်သည်။ သို့သော်  ယနေ့ခေတ်ကမ္ဘာကြီး သည် အရာရာကို  ပြောင်းလဲပစ်လိုက်လေပြီ။ ပြည်ပဈေးကွက်ရရှိ ရေးအတွက် အင်တာနက်ဝန်ဆောင်မှုကို အကျိုးရှိစွာအသုံးချခြင်း သည် ပထမဦးစွာဆောင်ရွက်ရမည့်အလုပ်ဖြစ်သည်။

အင်တာနက်ဝန်ဆောင်မှုကို   ဘယ်လိုအသုံးချမလဲ

      အဆင့်မီကောင်းမွန်သော ဝက်ဘ်ဆိုဒ်တစ်ခု တည်ထောင်လွှင့်တင်ခြင်း (သို့) ပြည်ပပို့ကုန်လုပ်ငန်းနှင့် ဆက်စပ်သော ဝက်ဘ်ဆိုဒ်တစ်ခုနှင့် ချိတ်ဆက်ခြင်းသည် သင့်ထုတ်ကုန်အတွက် ပြည်ပ ဈေးကွက်ရှာဖွေရန်  အကျိုးများစေသည်။ သင့်ထုတ် ကုန်နှင့်ပတ်သက်သော  လိုအပ်သည့်အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ Update လုပ်နေရန်လည်းလိုအပ်ပါသည်။ သို့မှသာ သင့် ထုတ်ကုန်၊ သင့်လုပ်ငန်းအပေါ်  အများ၏အာရုံစိုက်ခြင်း၊ ယုံကြည် လက်ခံခြင်း၊ အလေးဂရုပြုခြင်းကို ရရှိမည်ဖြစ်သည်။ သင့်ထုတ်ကုန်၊ ထုတ်လုပ်မှုပုံစံ၊ ထုတ်လုပ်မှုနည်းစဉ်တို့ကို ဓာတ်ပုံမှတ်တမ်းများ၊ Video clip များဖြင့် လွှင့်တင်ခြင်းဖြင့် နိုင်ငံတကာဈေးကွက်က သင့်ထုတ်ကုန်အပေါ် အာရုံစိုက်လာစေသည်။ သင့်ထုတ်ကုန်နှင့်အလားတူ ထုတ်ကုန်လုပ်ငန်း ထုတ်လုပ်သူများကို ရှာဖွေရန် အတွက်သော်လည်းကောင်း၊ သင့်ထုတ်ကုန်လုပ်ငန်းအသေးစိတ် ကိုဖော်ပြရန်အတွက်သော်လည်းကောင်း Search Engine အသုံး ပြုရှာဖွေခြင်းသည်မရှိမဖြစ်အရေးပါသည်။ facebook , Twitter များတွင် လွှင့်တင်ခြင်း၊  Youtube, e-magazine များ တွင်ဖော်ပြ ခြင်းသည် ပြည်ပဈေးကွက်တိုးချဲ့ရန် မဖြစ်မနေလုပ်ဆောင်ရမည့် ကိစ္စများဖြစ်သည်။ အင်တာနက်ဝန်ဆောင်မှုကို အသုံးချ၍ ရေး သားဖော်ပြခြင်း၊  ဈေးကွက်ရှာဖွေခြင်းသည် ကုန်သွယ်မှုနှင့်ပတ် သက်၍  သင်မည်မျှဆောင်ရွက်နိုင်သည်၊ သင့်လုပ်ငန်းပမာဏ မည်မျှရှိသည်၊ သင့်လုပ်ငန်းအပေါ် မည်သို့ယုံကြည်နိုင်သည်ဟူ သော အချက်များကို သိရှိစေနိုင်သည်။

ထိရောက်သော ချိတ်ဆက်ဆောင်ရွက်မှု

     သင့်ထုတ်ကုန်အတွက် အမှန်တကယ်ဈေးကွက်ရရှိစေမည့် ပြည်ပဈေးကွက်ရရှိအောင် ဆက်သွယ်ဆောင်ရွက်ပေးနိုင်မည့်အဖွဲ့အစည်းများနှင့် ထိရောက်စွာ  ချိတ်ဆက်ဆောင်ရွက်ခြင်းသည် ဈေးကွက်ရှာဖွေခြင်းအတွက် အရေးပါသော လုပ် ဆောင်ချက်ဖြစ် သည်။ သင့်ထုတ်ကုန်၏ ဈေးနှုန်းနှင့် အရည်အသွေးကို Buyer မှ လက်ခံယုံကြည်လာစေရန် ထိရောက်သော ချိတ်ဆက်ဆောင်ရွက် မှုလိုအပ်သည်။ ထိုမှတစ်ဆင့် Buyer များက သင့်ထုတ်ကုန်ကို နမူနာပေးပို့ရန် တောင်းဆိုခြင်း၊ ကုန်ပစ္စည်း order  မှာယူခြင်းများ ဆက်လက်လုပ်ဆောင်လာမည်ဖြစ်သည်။

ကုန်ပစ္စည်းနမူနာပေးပို့ခြင်း

     ကုန်ပစ္စည်းနမူနာပေးပို့ခြင်းသည် Buyer တစ်ဦးချင်းစီ၏ လိုအပ်ချက်ဖြစ်နိုင်သည်။ ထုတ်ကုန်ပစ္စည်းနမူနာ ပေးပို့ရာတွင် ပေးပို့ရမည့် နမူနာပစ္စည်းကို အနည်းဆုံးနှစ်စုံစာ ပြုလုပ်ထားသင့် သည်။ တစ်စုံသည် Buyer ထံသို့ပေးပို့ရန်ဖြစ်သည်။ ကျန်တစ်စုံမှာ  သင့်လက်ဝယ်ထားရှိရန်ဖြစ်သည်။ Buyer က နမူနာပေးပို့သော ပစ္စည်းအတိုင်း  မှာယူလာသောကြောင့် အများအပြား ထုတ်လုပ် ရလျှင်သော်လည်းကောင်း၊ Buyer တောင်းဆိုမှုဖြင့် အနည်းငယ် ပြန်လည်ပြင်ဆင်ရန်  လိုအပ်လာလျှင်သော်လည်းကောင်း သင့် လက်ဝယ်ထားရှိသော နမူနာထုတ်ကုန်ပစ္စည်းကို အသုံးပြုရမည် ဖြစ်သည်။

ကုန်စည်ပြပွဲများတွင် ပါဝင်ပြသခြင်း

      ' ကုန်စည်ပြပွဲ' နှင့် 'ဈေးရောင်းပွဲတော်' မတူပါ။ ဈေးရောင်း ပွဲတော်ဆိုသည်မှာ ကုန်ပစ္စည်းအမြောက်အမြားကို တစ်နေရာတည်းမှာ စုစည်းရောင်းချခြင်းဖြစ်ပြီး ရောင်းသူနှင့် ဝယ်သူ တွေ့ ဆုံကာ ရောင်းကြဝယ်ကြရုံသာဖြစ်သည်။ လက်လီကိုဦးစားပေးသော သဘောဖြစ်သည်။ ကုန်စည်ပြပွဲဆိုသည်မှာ ရည်ရွယ်ချက် များစွာ ပိုမိုလေးနက်ပါသည်။ ထုတ်လုပ်သူနှင့်ဝယ်သူ တိုက်ရိုက်ချိတ်ဆက်ပေးသော နေရာလည်းဖြစ်သည်။ ထုတ်လုပ်သူက ဝယ်သူကိုရှာပြီး ဝယ်သူကလည်း ထုတ်လုပ်သူရှာဖွေသော နေရာဖြစ် သည်။ ကုန်စည်ပြပွဲများမှာ  တစ်စုတစ်စည်းတည်း တွေ့ဆုံနိုင်ပြီး ရေရှည်အကျိုးစီးပွားအတွက်  ရေရှည်ပူးပေါင်းဆောင်ရွက်မှုများအတွက်ဆွေးနွေးကြရသည်။ မိမိထုတ်ကုန်သည် အခြားထုတ်ကုန် တစ်မျိုးအတွက်  ကုန်ကြမ်းဖြစ်နေနိုင်သည်။ ကုမ္ပဏီနှစ်ခုမှ ထုတ် ကုန်နှစ်ခုပေါင်းစပ်ပြီး ထုတ်ကုန်အသစ်တစ်ခု ပေါ်ထွက်လာနိုင်သည်။ တင်ပို့မှု၊ တင်သွင်းမှုများ ပိုမိုများပြားလာမည်။ ရောင်းချသူ အနေဖြင့်မဟုတ်ဘဲ ထုတ်လုပ်သူအနေဖြင့် Buyer  ရှာသောနေရာ ဟု ပြောနိုင်ပါသည်။ သင့်ထုတ်ကုန်ကို ကုန်စည်ပြပွဲများတွင် ပါဝင်ပြသဖို့လိုပါ သည်။ ပြည်တွင်း၊ ပြည်ပ နှစ်မျိုးစလုံးတွင် ကျင်းပပြုလုပ်လျက်ရှိ သော အပြည်ပြည်ဆိုင်ရာ  ကုန်စည်ပြပွဲများစွာရှိပါသည်။ ၎င်း ကုန်စည်ပြပွဲများတွင် ပါဝင်ပြသခြင်းဖြင့် သင့်ထုတ်ကုန်ကို ပြည်ပ ဝယ်လက်များနှင့် ချိတ်ဆက်နိုင်သည်။

ပြည်ပပို့ကုန်မြှင့်တင်ရေး အေဂျင်စီများ

      ပြည်ပပို့ကုန်မြှင့်တင်ရေး အေဂျင်စီများ၊ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည်လည်း လွန်စွာအရေးပါသည်။ ၎င်းတို့တွင်  နိုင်ငံတကာအဆင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အဆက်အသွယ် အချိတ်အဆက်များစွာတို့၏ ရင်းမြစ်များရှိသည်။ ကုန်သွယ်မှုဆိုင် ရာဈေးကွက်ကို သင့်အား လမ်းညွှန်ပေးနိုင်မည်ဖြစ်သည်။ သင့် ထုတ်ကုန်အတွက် Buyer ရှာဖွေပေးခြင်းဖြင့် ၎င်းတို့၏ ဝန်ဆောင် မှုကို ရရှိနိုင်မည်။

ကုန်သည်လုပ်ငန်းရှင်များအသင်းချုပ်

     ၎င်းသည်လည်း ပြည်ပဈေးကွက်ရှာဖွေရေးအတွက် အဖွဲ့ ဝင်များကို ဈေးကွက်ရရှိရေး  အကူအညီပေးသည့် အခန်းကဏ္ဍအတွက်မရှိမဖြစ်လိုအပ်ပါသည်။

နိုင်ငံတကာသံရုံးများ

      နိုင်ငံတကာသံရုံးများသည်လည်း သင့်ထုတ်ကုန်အတွက် ၎င်းတို့နိုင်ငံအသီးသီးတွင်   ဈေးကွက်ရရှိရေးနှင့် exporter  များ အတွက် ဝန်ဆောင်မှုပေးခြင်းတို့ ဆောင်ရွက်ပေးနိုင်သော ဌာန များဖြစ်သည်။

Buyer နှင့်တွေ့ဆုံခြင်း

    သင့်ထံတွင် Personal Contacts များရှိမည်ဆိုပါက Buyer  နှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးခြင်းသည် စီးပွားရေးလုပ်ငန်းဆိုင် ရာ ကောင်းမွန်သောဆက်ဆံရေးကို ဖြစ်စေသည်။

အေးဂျင့်တစ်ဦး သတ်မှတ်တာဝန်ပေးခြင်း

       အချို့သော Exporter များအနေဖြင့် ၎င်းတို့ကုန်ပစ္စည်း တင်ပို့ရန်သတ်မှတ်ထားသည့် နိုင်ငံတွင် အေးဂျင့်တစ်ဦးကို သီးသန့် တာဝန်ပေးခန့်အပ်ထားလေ့ရှိသည်။ ၎င်းအေးဂျင့်များမှတစ်ဆင့် ကုန်ပစ္စည်းတင်ပို့ရန် order များရလေ့ရှိသည်။ ဝန်ဆောင်မှုအားလုံး ကို ၎င်းအေးဂျင့်များထံမှရရှိနိုင်ပြီး လိုအပ်လျှင် နည်းပညာပြဿနာ များကိုလည်း ၎င်းတို့က ဖြေရှင်းပေးနိုင်သည်။ ကောင်းမွန်သော စီးပွားရေးလုပ်ငန်းတစ်ခုကို ဖော်ဆောင် နိုင်ပြီး Export order ရရှိစေရန် အထက်ဖော်ပြပါ အချက်များက အထောက်အကူဖြစ်ပါလိမ့်မည်။  ထုတ်ကုန်လုပ်ငန်းရှင်တိုင်း Export order များရရှိပြီး တိုးတက်အောင်မြင်ကြပါစေ။

 

ဧရာကုန်သွယ်မှုဗဟိုဌာန