Main menu

Background

(၁၁-၉-၂၀၂၀) မှ (၁၇-၉-၂၀၂၀ ) ထိ စက်သုံးဆီ ( ဓာတ်ဆီ၊ ဒီဇယ်ဆီ ) ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Fri, 09/18/2020 - 15:55 -- journal_editor

ကမ္ဘာ့လောင်စာဆီ စျေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်း သည် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၁၅) နိုင်ငံအနက် စျေးနှုန်း မြင့်တက်ခဲ့ သည့် နိုင်ငံပေါင်း (၁၃) နိုင်ငံရှိပြီး၊ ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်သည့် လီဆိုသိုနိုင်ငံတွင် ယခင်အပတ် စျေးနှုန်းထက် (၃.၁၀ %) ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း တွေ့ရှိရပါသည်။

              ယခုတစ်ပတ်အတွင်း ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ တရုတ်၊ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ ရုရှား၊ ထိုင်ဝမ်၊ ဘရာဇီး၊ ဒိန်းမတ်၊ အိုင်ဗရီကို့စ်၊ ဂျော်ဒန်၊ ကင်ညာ၊ မော်ရိုကို၊ အိုမန်၊ ပီရူး၊ တောင်အာဖရိကနှင့် ဇင်ဘာဘွေ စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၆၃) နိုင်ငံတွင် ယခင်အပတ် စျေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

              ဓာတ်ဆီစျေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် မြန်မာ၊ စင်ကာပူ၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ဖင်လန်၊ အီတလီ၊ ပြင်သစ်၊ ဂရိ၊ နယ်သာလန်၊ ဟန်ဂေရီ၊ စပိန်၊ တူရကီ၊ အမေရိကန်၊ နော်ဝေ၊ ဘယ်လ်ဂျီယံနှင့် ကနေဒါ စသည့် နိုင်ငံပေါင်း (၃၉) နိုင်ငံရှိ၍ ယခင်တစ်ပတ် စျေးနှုန်းထက် (၀.၁၀ %) မှ (၆.၉၀ %) ထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

              အာဆီယံနိုင်ငံများ၏ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီစျေးနှုန်းများ အနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် စင်ကာပူနိုင်ငံတွင် (၀.၇၀ %)၊ ဗီယက်နမ်နိုင်ငံတွင် (၀.၉၀ %)၊ ထိုင်းနိုင်ငံတွင် (၁.၇၀ %)နှင့် မလေးရှားနိုင်ငံတွင် (၂.၉၀ %) ဖြင့် စျေးနှုန်း ကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံ များတွင် စျေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရပါသည်။

              ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း (၁၁၅) နိုင်ငံအနက် ဆွစ်ဇာလန်၊ ဂျာမနီ၊ မိုနာကို၊ စင်ကာပူ၊ ဂျပန်၊ နယူးဇီလန်၊ ဆန်မာရီနိုနှင့် ဘူဂေးရီယား စသည့်နိုင်ငံပေါင်း (၈) နိုင်ငံတို့တွင် စျေးနှုန်း မြင့်တက်ခဲ့ပြီး၊ ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်သည့် ဆွစ်ဇာလန် နိုင်ငံတွင် ယခင်အပတ် စျေးနှုန်းထက် (၂.၂၀ %) ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း တွေ့ရှိရပါသည်။

              ယခုတစ်ပတ်အတွင်း ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ တရုတ်၊ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ ရုရှား၊ ထိုင်ဝမ်၊ ဘာဘေဒို၊ ဘရာဇီး၊ ကိုလံဘီယာ၊ အိုင်ဗရီကို့စ်၊ ဂျော်ဒန်၊ ကင်ညာ၊ မောရိုကို၊ အိုမန်၊ ပိုလန်၊ ကာတာနှင့် တောင်အာဖရိက စသည့်နိုင်ငံများ အပါ အဝင် (၆၂) နိုင်ငံတို့တွင် ယခင်အပတ်များအတိုင်း ဈေးနှုန်း အပြောင်းအလဲမရှိဘဲ ဒီဇယ်စျေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

              ဒီဇယ်စျေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် မြန်မာ၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ဩစတြေးလျ၊ ဖင်လန်၊ အီတလီ၊ ဆွီဒင်၊ ပြင်သစ်၊ ဂရိ၊ စပိန်၊ ကနေဒါ၊ နယ်သာလန်၊ နော်ဝေနှင့် တူရကီ စသည့် နိုင်ငံပေါင်း (၄၅) နိုင်ငံရှိပြီး ယခင်တစ်ပတ် စျေးနှုန်းထက် (၀.၁၀ %) မှ (၉.၇၀ %) ထိ ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

              အာဆီယံနိုင်ငံများ၏ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဒီဇယ်စျေးနှုန်းအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် စင်ကာပူနိုင်ငံတွင် (၀.၆၀ %) ဖြင့် စျေးနှုန်းမြင့်တက်ခဲ့ပြီး၊ မလေးရှားနိုင်ငံတွင် (၃.၄၀ %)၊ ဗီယက်နမ် နိုင်ငံတွင် (၃.၇၀ %)နှင့် ထိုင်းနိုင်ငံတွင် (၄.၁၀ %) ဖြင့် စျေးနှုန်းကျဆင်းခဲ့ပြီး ကျန်အာဆီယံ နိုင်ငံများတွင် စျေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။ အာဆီယံ နိုင်ငံများ၏ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့တွင် ဖြစ်ပေါ်နေသော ဓာတ်ဆီ၊ ဒီဇယ် (၁) လီတာ စျေးနှုန်းများအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

 

              ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့တွင် Global Petrol Prices Website ၌ ဖော်ပြထားရှိသည့် ကမ္ဘာ့စက်သုံးဆီ စျေးနှုန်းမှာ ဓာတ်ဆီ (၁) လီတာတွင် အမေရိကန်ဒေါ်လာ (၁.၀၁)နှင့် ဒီဇယ်ဆီ (၁) လီတာတွင် အမေရိကန်ဒေါ်လာ (၀.၉၀) ရှိပြီး စက်သုံးဆီစျေးနှုန်း နိုင်ငံ အလိုက် နည်း/များတွင် မြန်မာနိုင်ငံသည် ဓာတ်ဆီစျေးနှုန်း (၁) လီတာ (၀.၅၁) ဒေါ်လာနှုန်းဖြင့် (၁၉) နိုင်ငံမြောက်နှင့် ဒီဇယ်ဆီဈေးနှုန်း (၁) လီတာ (၀.၄၅) ဒေါ်လာနှုန်းဖြင့် (၁၈) နိုင်ငံမြောက်တွင် ရှိနေကြောင်း တွေ့ရှိရပါသည်။ ယခုတစ်ပတ်တွင် ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်း အနည်းဆုံး/ အများဆုံး နိုင်ငံများစာရင်းကို (၁) လီတာ​ ဈေးနှုန်းများဖြင့် အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

 

 

 

              မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုအများဆုံး ဆောင်ရွက်နေသော တရုတ်၊ ဂျပန်နှင့် အိန္ဒိယ နိုင်ငံတို့၏ စက်သုံးဆီ (၁) လီတာ စျေးနှုန်းများအား တစ်ဖက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

                      

              Oil-Price.Net Website ၌ဖော်ပြထားရှိသည့် ကမ္ဘာ့ရေနံစိမ်း (Crude Oil) နေ့စဉ် စျေးနှုန်းများအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

                 

              ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၄) ရက် နေ့ထိ အပတ်စဉ် ဓါတ်ဆီ၊ ဒီဇယ်နှင့် ရေနံစိမ်း ဈေးနှုန်း ပြောင်းလဲမှုများကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

                 

              ပြည်တွင်းစက်သုံးဆီစျေးကွက်အနေဖြင့် Yangon Denko စက်သုံးဆီဆိုင်၏ ရောင်းဈေး များအရ စက်တင်ဘာ ၁၆ ရက်နေ့တွင် အောက်တိန်း-92 တစ်လီတာလျှင် ၅၀၅ ကျပ်၊ အောက်တိန်း-95 တစ်လီတာလျှင် ၆၁၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၅၅၅ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၅၆၅ ကျပ်ဖြင့်ရောင်းချကြောင်း သိရှိရပါသည်။ ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းကျဆင်းလာရခြင်းမှာ ကမ္ဘာ့ရေနံစိမ်းဈေးကျဆင်းခြင်း၊ COVID- 19 ကပ်ရောဂါ ဖြစ်ပွားမှု ပြန်လည်များပြားလာ၍ မြို့နယ်အချို့ကို Stay at Home သတ်မှတ်ခြင်း၊ ဒေသတစ်ခုနှင့် တစ်ခု ခရီးသွားလာရာတွင် Quarantine ဝင်စေခြင်းတို့ကြောင့် ခရီးသွားလာမှု နည်းသွားခြင်းတို့နှင့် ဆက်စပ်နေသည်ဟု စက်သုံးဆီဈေးကွက်ကျွမ်းကျင်သူအချို့က သုံးသပ်ထားကြောင်း သိရှိရပါ သည်။ ထို့အပြင် ယာဉ်အသွားအလာ လျော့နည်းသွား၍ ဝယ်လိုအားနည်းနေခြင်းများကြောင့် ဈေးချရောင်းခြင်းမျိုး ရှိနေကြောင်း သိရှိရပါသည်။ COVID-19 ရောဂါကြောင့် ပြည်တွင်း စက်သုံးဆီဈေးနှုန်းမှာ ဧပြီနှင့် မေလတို့တွင် စံချိန်တင်ကျဆင်းခဲ့ပြီးနောက် ဇူလိုင်လ အစောပိုင်း ကာလမှစ၍ ဈေးနှုန်းတဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး စက်တင်ဘာလ ၁၂ ရက်နေ့မှ စတင်ပြီး စက်သုံးဆီစျေးနှုန်းအနည်းငယ် ပြန်လည်ကျဆင်းလာကြောင်း သိရှိရပါသည်။

              မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများအား လေ့လာရာတွင် ကျိုင်းတုံမြို့တွင် ဓာတ်ဆီတစ်ဂါလံလျှင် ၃၁၉၅ ကျပ်၊ ဒီဇယ်တစ်ဂါလံလျှင် ၃၁၉၅ ကျပ်၊ မော်လမြိုင်မြို့တွင် ဓာတ်ဆီ တစ်ဂါလံလျှင် ၂၉၄၇ ကျပ်၊ ဒီဇယ် တစ်ဂါလံလျှင် ၂၆၇၇ ကျပ်၊ ကလေးမြို့တွင် ဓာတ်ဆီ တစ်ဂါလံလျှင် ၂၉၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလံ လျှင် ၃၀၀၀ ကျပ်ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး၊ ထားဝယ်မြို့တွင် ဓာတ်ဆီ တစ်ဂါလံလျှင် ၂၄၇၅ ကျပ်၊ ဒီဇယ် တစ်ဂါလံလျှင် ၂၄၀၇ ကျပ်၊ ပုသိမ်မြို့တွင် ဓာတ်ဆီ တစ်ဂါလံလျှင် ၂၃၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလံလျှင် ၂၅၀၀ ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ စက်သုံးဆီဈေးနှုန်းများမှာ ယခင်အပတ် နှင့်နှိုင်းယှဉ်လျှင် စျေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။