Main menu

Background

လာမည့် ကြံရာသီကာလအတွက် ကြံတစ်တန်လျှင် ငွေကျပ် ၈၀ဝ၀ဝအထိ ဈေးဖွင့်ထား

Tue, 08/30/2022 - 19:35 -- journal_editor

လက်ရှိ ၂၀၂၂ - ၂၀၂၃ ကြံစိုက်ရာသီအတွက် သကြားစက်ရုံများက ကြံတစ်တန်လျှင် ငွေကျပ် ၈၀ဝ၀ဝ အထိ ဈေးဖွင့်ထားကြောင်း  မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်း ရှင်များအသင်းမှ သိရသည်။ အဆိုပါဈေးနှုန်းမှာ တောင်သူများနှင့်သကြားစက်ရုံများအတွက် အဆင်ပြေသည့်ဈေးနှုန်း အနေအထားဖြစ်ကြောင်း အဆိုပါအသင်း ဒုတိယဥက္ကဋ္ဌဦးဝင်းဌေးက သြဂုတ် ၂၄ရက်တွင် ပြောသည်။

“တောင်သူအတွက်ကတော့ ဒီရှစ်သောင်း‌ဈေးကတော့   မဆိုးပါဘူး။ ရှစ်သောင်းရမယ် ဆိုတဲ့အတွက်  အရင်နှစ်ကတည်းက စိုက်ထားတာ‌တွေအတွက်  ပြောတာပါ။ အခု စိုက်သစ်ကသာ ဒီဇယ်ဈေးတို့ ဘာတို့ မြင့်တက်တဲ့အခါကျတော့ လာမယ့်နှစ်ကျတော့ ဈေးနည်းနည်းမြှင့်မှ ရမှာ ပေါ့။ အဲတော့ ဒီ ရှစ်သောင်းကတော့ စက်ရုံအတွက်လည်း သိပ်ပြဿနာမရှိဘူး။ တောင်သူတွေ အနေနဲ့လည်း ဒါလေးကတော့ သိပ်မဆိုးဘူးလို့ထင်တယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်  ကြံစိုက်ရာသီက ကြံတစ်တန်လျှင် ကျပ်ခြောက်သောင်းခန့်သာ သတ်မှတ်ပေးခဲ့သော်လည်း ယခုနှစ်တွင် သကြားဈေးနှုန်း မြင့်တက်နေခြင်း၊   တောင်သူများ ရင်ဆိုင်နေရသည့် သွင်းအားစုစရိတ် မြင့်တက်လာခြင်းကို ဖြေရှင်းနိုင်ရန်နှင့်လာမည့်  ကြံရာသီ အတွက် စိုက်ဧကတိုးတက်လာစေရန် ရည်ရွယ်၍ဈေးနှုန်းတိုးမြှင့်ဝယ်ယူခြင်းဖြစ်သည်ဟုဆိုသည်။ ထို့ပြင်  အသင်းအနေဖြင့် လာမည့် ကြံရာသီ ၂၀၂၃ -၂၀၂၄ အတွက်  ကြံစိုက်ဧကအသစ်များကို တစ်ဧကလျှင် ကျပ် နှစ်သိန်း ထောက်ပံ့ပေးအပ်သွားရန် စီစဉ်ထားကြောင်းသိရသည်။ 

“နောက်လာမယ့် ကြံရာသီ ၂၀၂၃ -၂၀၂၄ အတွက်   ဘာထူးခြားတာတစ်ခုရှိလဲဆိုတော့ ကြံစိုက်ပျိုးမယ့် တောင်သူတွေကို တစ်ဧက ကျပ်နှစ်သိန်း စိုက်ပျိုးစရိတ်အဖြစ် ထောက်ပံ့ပေးမယ်။ အဲဒီကြံက ၂၀၂၃-၂၀၂၄ မှ စားရမှာပါ။ သူက ၂၀၂၃ -၂၀၂၄ ကြံရာသီအတွက် ကြံစိုက်တဲ့သူတွေ ကို အခုဘဏ္ဍာနှစ်မှာ ကြိုပေးတာပါ။ ကြံအသစ် စိုက်မည့်သူကို စိုက်စရိတ်ငွေ နှစ်သိန်း ကြိုထုတ် ပေးမှာပါ”ဟု ဦးဝင်းဌေးက ပြောသည်။

ယခု ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌သကြားတန်ချိန် ၄၅၀ဝ၀ဝ ခန့်ထွက်ရှိပြီး ပြည်တွင်း စားသုံးမှုဖူလုံစေရန်အတွက် ပြည်ပသို့သကြားတင်ပို့မှုလျှော့ချထားကြောင်း သိရသည်။ပြည်တွင်း သကြားစားသုံးမှုပမာဏမှာ လူတစ်ဦးလျှင် ၈ ကီလိုဂရမ်ခန့်ရှိပြီး  လက်ရှိတွင်တော့ သကြားသုံးစွဲ နိုင်မှုပမာဏ လုံလောက်စွာရှိနေသည့်အပြင် သကြားဈေးမှာလည်း ကောင်းမွန်နေကြောင်း သိရ သည်။

မြန်မာနိုင်ငံအတွင်း လက်ရှိ၌ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်  စုစုပေါင်း ကြံစိုက် ဧက ၄၃၀ဝ၀ဝ ကျော် စိုက်ပျိုးထားပြီး ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဇန်နဝါရီလဆန်းမှ ဧပြီလ ကုန်အထိ ပြည်ပသို့ သကြားတန်ချိန် နှစ်သိန်းဝန်းကျင်ခန့် တင်ပို့ထားကြောင်း သိရသည်။