Main menu

Background

ဘင်္ဂလားဒေ့ရှ်ဘက်မှ ထန်းလျက်နှင့် မန်ကျည်း ဝယ်လိုအား မြင့်တက်

Wed, 10/12/2022 - 13:54 -- journal_editor

လက်ရှိ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာ့ထွက်ကုန် ထန်းလျက် ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ နယ်စပ်မှတစ်ဆင့် ဝယ်လိုအား ဆက်တိုက်ရှိ လာခဲ့သည်။လက်ရှိ ဘဏ္ဍာနှစ် ပထမခြောက်လ (ဧပြီလမှ စက်တင်ဘာလအထိ) အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ မောင်တောကုန်သွယ်ရေးစခန်းနှင့် စစ်တွေ ကုန်သွယ်ရေးစခန်းတို့မှတစ်ဆင့် မြန်မာ့ထန်းလျက် စုစုပေါင်းတန်ချိန် ၆၉ တန်ကျော် ဝယ်ယူတင်သွင်းခဲ့ကြောင်း၊ ယခင်ဘဏ္ဍာနှစ် အလားတူကာလ အတွင်း ထန်းလျက် တင်ပို့မှုမရှိခဲ့ကြောင်းနှင့် ယခုဘဏ္ဍာနှစ် ပထမခြောက်လ အတွင်း ရခိုင်ပြည်နယ် နယ်စပ်မှတစ်ဆင့် တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ ထန်းလျက်တင်ပို့မှုမှ ဝင်ငွေအားဖြင့် အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၃၆ သန်းဖိုး ရရှိခဲ့ကြောင်း သိရှိရသည်။
ထန်းလျက်အပြင် ဘင်္ဂလားဒေ့ရှ်မှ မန်ကျည်းစေ့ဝယ်ယူတင်သွင်းမှု ဆက်တိုက်ရှိနေပြီး လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမခြောက်လ (ဧပြီလမှ စက်တင်ဘာလအထိ) အတွင်း မန်ကျည်းစေ့ ဝယ်ယူတင်သွင်းမှု တန်ချိန်သည် ယခင် ဘဏ္ဍာ နှစ် အလားတူကာလက တင်သွင်းမှုထက် တန်ချိန် စုစုပေါင်း ၅၀ဝ၀ကျော် ပိုမိုခဲ့ပြီး စုစုပေါင်း တန်ချိန် ၁၀၅၆၅ တန်ခန့် တင် သွင်းခဲ့ကြောင်း သိရသည်။
တန်ဖိုးအားဖြင့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅ ဒေါ်လာကျော် ရရှိခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်တွင် မန်ကျည်းစေ့ကို ချည်ခင်များ ဆေးဆိုးခြင်း၊ ခြင်းဆေးခွေထုတ်လုပ်ခြင်းလုပ်ငန်းများတွင်  အသုံးများ ကြောင်း၊ သို့ဖြစ်၍ ပြည်တွင်းထုတ်ကုန်သည် ဝယ်လိုအားကို ဖြည့်ဆည်းနိုင် ခြင်း မရှိသည့်အတွက် ပြည်ပမှ ဝယ်ယူတင်သွင်းရကြောင်း၊ အဓိကအားဖြင့် နယ်စပ်ချင်းထိစပ်နေသော အိန္ဒိယမှ ဝယ်ယူတင်သွင်းမှုမြင့်မားကြောင်း၊ အိန္ဒိယ၏ လက်ရှိ မန်ကျည်း စေ့ ပို့ကုန်ဈေးနှုန်းမှာ အနိမ့် ဆုံး တစ်ကီလိုလျှင် ၆ ရူပီးမှ ၃၀ ရူပီး(တစ်တန်လျှင် ၇၅ ဒေါ်လာမှ ၃၇၅ ဒေါ်လာ) အထိ အရည် အသွေးကိုလိုက်၍ ဈေးခေါ်ရောင်းချနေကြောင်း၊ သို့ဖြစ်၍ မိမိနိုင်ငံမှ ထုတ် လုပ်နိုင်စွမ်းမြင့်မားပြီး စိတ်ချရ သော ဝယ်လိုအားရှိသည့်ဈေးကွက်ကြီးသည် တစ်ဖက်အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရှိသည့်အပြင် Sanitary and Phytosanitary Requirements  (တိရစ္ဆာန်၊ အပင်ပိုးမွှားရောဂါ အန္တရာယ် ကင်းရှင်းကြောင်း ထောက်ခံချက်များ) တောင်းခံခြင်းမရှိသည့် ဈေးကွက်ကြီး ဖြစ်သောကြောင့် ဘင်္ဂလားဒေ့ရှ်၏ မန်ကျည်းစေ့ ဈေးကွက်ဝေစုကို ယခု ထက် ပိုမိုရရှိနိုင်သည့် အခွင့်အလမ်းရှိကြောင်း၊ သို့ဖြစ်၍ မန်ကျည်းစေ့ထုတ် လုပ်မှု၊ သိုလှောင်မှုနှင့် တင်ပို့မှုအပိုင်းများတွင် မန်ကျည်းစေ့ အရည်အသွေး ကျဆင်းမှုမရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ယခုထက်ပင် ပိုမိုဈေး ကောင်းရနိုင်သည့် အခွင့်အလမ်းရှိကြောင်း သိရသည်။

စစ်တွေကုန်သွယ်ရေးစခန်း