Main menu

Background

မြဝတီနယ်စပ်မှ ထိုင်းနိုင်ငံသို့ ပို့ကုန်အမယ်သစ် ရှမ်းနှမ်းစေ့တင်ပို့

Fri, 01/20/2023 - 12:56 -- journal_editor

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာအမှတ်(၁၀/၂၀၂၂)အရ ဘဏ်စနစ်အသုံးပြု၍ ကုန်သွယ်မှုဆောင်ရွက်ရန်ကိစ္စနှင့် ပတ်သက်၍ ၁-၁၁-၂၀၂၂ ရက်မှစတင်ပြီး ပို့ကုန်ရငွေဖြင့် သွင်းကုန်လိုင်စင်လျှောက်ထားရခြင်းသည် ပို့ကုန်လုပ်ငန်းရှင်များသာမက သွင်းကုန်လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေရယူလိုသည့်အတွက် ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့နိုင်ရေးအမယ်များ ရှာဖွေခြင်း၊ပြည်တွင်းထုတ်လုပ်သူများ ထိုင်းဝယ်လက်များနှင့် ချိတ်ဆက်ခြင်းများ ဆောင်ရွက်လာကြသည်။ ထိုသို့ ပို့ကုန်ကဏ္ဍအပေါ် စိတ်ဝင်တစားဆောင်ရွက်ကြရာတွင် ပို့ကုန်အမယ်သစ်များကိုပါ တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လာကြသည်။

မြဝတီကုန်သွယ်ရေးဇုန်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် ပို့ကုန်အမယ်သစ်တစ်မျိုးဖြစ်သည့် ရှမ်းနှမ်းစေ့ (PERILLA  SEED) တင်ပို့နိုင်ခဲ့သည်။ PERILLA SEED အပင်သည် ပင်စိမ်းပင်ကဲ့သို့ ချုံပုတ်အပင်ပုတစ်မျိုးဖြစ်ပြီး ကိုရီးယားနိုင်ငံ စားသောက်ဆိုင်များတွင် အသားများ ဖက်လိပ်ထုပ်၍ စားသောက်သည့် အရွက်တစ်မျိုး၏ အပင်လည်းဖြစ်သည်။ ရှမ်းနှမ်းပင်၏ အဖူးအပွင့်တို့မှ ထွက်ရှိသည့် အစေ့များကို PERILLA SEED (မြန်မာအခေါ် ရှမ်းနှမ်းစေ့) ဟု ခေါ်ဝေါ်ကြခြင်းဖြစ်သည်။

အဆိုပါ ရှမ်းနှမ်းပင်ကို ရှမ်းပြည်နယ် အောင်ပန်း၊ ကလောဒေသတို့တွင် စက်တင်ဘာလ၌ စိုက်ပျိုး၍ နှစ်လခန့်အကြာ နိုဝင်ဘာလတွင် အစေ့ထုတ်ယူနိုင်ပြီဖြစ်သည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းဈေးကွက်ဝယ်လိုအားရရှိသဖြင့် မြဝတီနယ်စပ်မှ ထိုင်းနိုင်ငံသို့ အမယ်သစ်အနေဖြင့် တင်ပို့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် အဆိုပါ ရှမ်းနှမ်းစေ့ကို ခေါပုတ်ပြုလုပ်ရာတွင်လည်းကောင်း၊ ခေါက်မုန့်၊ ဘိန်းမုန့်၊ အီကွေးမုန့် စသည့် ထိုင်းမုန့်များတွင် အပေါ်ယံဖြူး၍ နှမ်းအစားထိုး အသုံးပြုရာတွင်လည်းကောင်း၊ ဟင်းရည်ချက်ပြုတ်ရာတွင် အဆိုပါ အစေ့ကိုခတ်၍လည်းကောင်း အသုံးပြုကြသည်ဟု သိရှိရသည်။ ကိုရီးယားနိုင်ငံတွင်လည်း ထိုင်းနိုင်ငံကဲ့သို့ မုန့်လုပ်ရာတွင် အသုံးပြုကြသည့်အပြင် ရှမ်းနှမ်းပင်အရွက်ကို အသားများဖက်လိပ်ထုပ်၍ စားသောက်သည့်အရွက် တစ်မျိုးအဖြစ် ပိုမိုတွင်ကျယ်စွာ အသုံးပြုကြသည်ဟု သိရှိရသည်။

ရှမ်းပြည်နယ် အောင်ပန်း၊ ကလောတွင် ရှမ်းနှမ်းစေ့ဝယ်ရင်းဈေး တစ်ပိဿာလျှင် ၂၅၀ဝ ကျပ်ဖြစ်ပြီး ရှမ်းပြည်နယ်မှ မြဝတီမြို့ထိ ကားခ ၁၆ တန်တင်ဆောင်သည့် ၁၂ ဘီးယာဉ်တစ်စီးလျှင် ကျပ် ၂၅ သိန်း ကုန်ကျသဖြင့် တစ်ပိဿာ လျှင် ကားခ ၂၅၅ ကျပ် ကျသင့်သည်။ ၂ ရာခိုင်နှုန်း အခွန်ပေးဆောင်မှုအနေဖြင့် တစ်ပိဿာလျှင် ၂၀ ကျပ် ကျသင့်ပြီး အထွေထွေကုန်ကျစရိတ်သည် တစ်ပိဿာလျှင် ၁၀ ကျပ် ကျသင့်သည်ဟု သိရှိရသည်။ သို့ပါ၍ တစ်ပိဿာ စုစုပေါင်း ကုန်ကျစရိတ်သည်  ၂၇၈၅ ကျပ် ဖြစ်ပြီး  ၁၆ တန် ၁၂ ဘီးယာဉ်တစ်စီးအတွက် ကုန်ကျစရိတ် ၂၇၂၉၅၆၆၄  ကျပ်ဖြစ်သည်။

တစ်ဖက်နိုင်ငံ ဝယ်ဈေးသည် တစ်ပိဿာလျှင်  ၃၇ ဘတ် ၂၉၆၀ ကျပ်ရရှိပြီး ရှမ်းနှမ်စေ့ တစ်ပိဿာလျှင် ၁၇၇ ကျပ် အမြတ်ရရှိသဖြင့် ၁၆ တန် ၁၂ ဘီး ယာဉ်တစ်စီးအတွက် အမြတ် ၁၇၃၆၀၁၆ ကျပ်ရရှိကြောင်း သိရှိရသည်။ မြဝတီ နယ်စပ်မှ ထိုင်းနိုင်ငံသို့ ရှမ်းနှမ်းစေ့တင်ပို့မှုအခြေအနေမှာ ၁-၁၂-၂၀၂၂ ရက်မှ ၁၀-၁-၂၀၂၃ ရက်အထိ ကုမ္ပဏီနှစ်ခုမှ ၇၆ တန်ချိန်၊ တန်ဖိုး ၁၇ ဒသမ ၄၈၁ ဘတ်သန်း၊ သုည ဒသမ ဝ၅၃ ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မြဝတီကုန်သွယ်ရေးဇုန်