Main menu

Background

ကော့သောင်းကုန်သွယ်ရေးစခန်းမှ  ဖေဖော်ဝါရီလအတွင်း ကုန်သွယ်မှုအခြေအနေ

Thu, 03/16/2023 - 15:20 -- journal_editor

ကော့သောင်း ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလတွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၅၃၇ သန်း၊  သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၃၉ သန်းနှင့်  ကုန်သွယ်မှုပမာဏ တန်ဖိုးအမေရိကန် ဒေါ်လာ ၁၉ ဒသမ ၉၇၆ သန်း  ဆောင်ရွက်နိုင်ခဲ့သည်။ ကာလတူလုပ်ငန်း ဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ဝ၂ သန်း လျော့နည်းခဲ့ပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ဝ၁၇ သန်း ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ဝ၀၃ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။ ပို့ကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ လယ်ယာထွက်ကုန်ပစ္စည်းအုပ်စုတွင် သီဟိုဠ်စေ့ တင်ပို့မှု လျော့နည်းခဲ့ခြင်းနှင့် ရေထွက်ကုန်ပစ္စည်း အုပ်စုတွင် ငါးမျိုးစုံ၊ ပုစွန်၊ ကင်းမွန်၊ ကဏန်း၊ ငါးရှဉ့်နှင့် အခြားရေထွက်ပစ္စည်းတို့ တင်ပို့မှု  ကျဆင်းခဲ့ခြင်းကြောင့်ဖြစ်သည်။  သွင်းကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းအုပ်စုတွင် ရေနံထွက်ပစ္စည်းများ၊ ဓာတုဗေဒပစ္စည်းများ၊ သုတ်ဆေးပေါလစ်များ၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများနှင့် အခြားပစ္စည်းများ ပိုမိုတင်သွင်းနိုင်ခဲ့ခြင်းနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတွင် ဘတ်ထရီအခြောက်များ၊ ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး၊ ဆေးဝါး ပစ္စည်းများနှင့်  အခြားပစ္စည်းများ ပိုမို တင်သွင်းခဲ့ခြင်းကြောင့်ဖြစ်သည်။
အနီးစပ်ဆုံး  ကာလဖြစ်သော ဇန်နဝါရီလ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၉၃ သန်း လျော့ နည်းခဲ့ပြီး သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၆၆ သန်း ပိုမိုခဲ့သည်။ ပို့ကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ ငါးမျိုးစုံ၊ ပုစွန်၊ ကင်းမွန်၊ ငါးရှဉ့်၊ ကဏန်းနှင့် အခြားပစ္စည်းတင်ပို့မှု လျော့နည်းခဲ့ခြင်းကြောင့် ဖြစ်သည်။သွင်းကုန်ပိုင်းတွင်ပိုမိုရခြင်းမှာ လုပ်ငန်းသုံးပစ္စည်းအုပ်စုနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတို့ တင်သွင်းမှု  ပိုမိုခြင်းကြောင့် ဖြစ်သည်။ 
အိမ့် (DOT)