Main menu

Background

အိန္ဒိယက မလေးရှားသို့ ကြက်ဥ သန်း ၅၀ တင်ပို့မည်  

Mon, 01/30/2023 - 15:50 -- journal_editor

အိန္ဒိယနိုင်ငံသည် မိမိနိုင်ငံထွက် ကြက်ဥအလုံးပေါင်း သန်း ၅၀ ကို မလေးရှားနိုင်ငံသို့ တင်ပို့သွားမည်ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ရေးသားဖော်ပြထားသည်။ အိန္ဒိယနိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ကြက်ဥကို အဓိက တင်ပို့နေခြင်းဖြစ်သည်။ သို့သော် ၂၀၂၂ ခုနှစ်တွင် မလေးရှားနိုင်ငံမှ ကြက်ဥအမှာစာများကို အိန္ဒိယနိုင်ငံက စတင်လက်ခံရရှိခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလတွင် စတင် တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
ပုံမှန်အားဖြင့်ဆိုလျှင် မလေးရှားနိုင်ငံသည် အာရှနိုင်ငံများသို့ ကြက်ဥတင်ပို့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ သို့သော် ယခုနှစ်တွင် မလေးရှားနိုင်ငံသည် အာရှနိုင်ငံများသို့ ကြက်ဥကို လုံလောက်စွာ တင်ပို့နိုင်ရေးအတွက် အိန္ဒိယနိုင်ငံမှလည်း အလုံးရေ သန်း ၅၀ အထိပင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့စီးပွားရေး ကျဆင်းနေချိန်တွင် မလေးရှားနိုင်ငံ၌လည်း ကြက်ဥအထွက်နှုန်း ကျဆင်းခဲ့ရသည်။ ထို့ကြောင့် မလေးရှားနိုင်ငံသည် အိန္ဒိယနိုင်ငံမှ ကြက်ဥတင်သွင်းရန် ၂၀၂၂ ခုနှစ် အစောပိုင်းကပင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံ အနေဖြင့်လည်း မလေးရှားနိုင်ငံသို့ ကြက်ဥ အလုံးရေ သန်း ၅၀ တင်ပို့မှုမှာ စံချိန် တင် တင်ပို့မှုတစ်ရပ်ဖြစ်လာမည်လည်း ဖြစ်သည်။
အရှေ့အလယ်ပိုင်းနိုင်ငံများဖြစ်သည့် အိုမန်နိုင်ငံနှင့်ကာတာနိုင်ငံတို့သည် နှစ်စဉ်နှစ်တိုင်း အိန္ဒိယနိုင်ငံမှ ကြက်ဥများကို အများအပြား ဝယ်ယူတင်းသွင်းလျက် ရှိနေသည်။ သို့သော် ယခုနှစ်တွင်မူ အိန္ဒိယနိုင်ငံထွက် ကြက်ဥများကို မလေးရှား နိုင်ငံက အများဆုံး ဝယ်ယူတင်သွင်းရန် အမှာစာပေးပို့ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံသည် မလေးရှားနိုင်ငံသို့ ကြက်ဥတင်ပို့မှုကို အသုတ်ခွဲ၍ တင်ပို့သွားမည်ဖြစ်ပြီး ကြက်ဥ သန်း ၅၀ တင်ပို့မှုမှာ ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်တွင် အလုံးစုံ ပြီးဆုံးနိုင်မည်ဖြစ်ကြောင်း သိရသည်။                            

Source; Reuters