Main menu

Background

ယခုနှစ်တွင် နိုင်ငံတကာ ခရီးသွားဧည့်သည် ၂၅ သန်းအထိ ဝင်ရောက်ရန် ထိုင်းရည်မှန်းထား

Thu, 03/16/2023 - 14:22 -- journal_editor

ထိုင်းနိုင်ငံသို့ ယခုနှစ်တွင် နိုင်ငံတကာ ခရီး သွားဧည့်သည် ၂၅ သန်းအထိ ဝင်ရောက်ရန် ရည်မှန်းထားကြောင်း thailand-business-news  သတင်းတွင် ဖော်ပြထားသည်။

လက်ရှိအချိန်၌ ထိုင်းနိုင်ငံတွင် ကိုဗစ်ကန့်သတ်ချက်များကို ရုပ်သိမ်းလိုက်သလို အာရှနိုင်ငံအများသည်လည်း ကိုဗစ်(၁၉) ကန့်သတ်ချက်များကို ဖြေလျှော့ရုပ်သိမ်းမှုများ ရှိလာပြီဖြစ်သည်။ သို့အတွက်ကြောင့် ယခု ပွင့်လင်းရာသီတွင် ထိုင်းနိုင်ငံသို့ တရုတ်၊ မလေးရှားနှင့် လာအို စသည့်နိုင်ငံများမှ ခရီးသွားဧည့်သည် အများအပြား ဝင်ရောက်လျက်ရှိနေကြောင်း သိရသည်။

ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ထိုင်းနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည် ၂ ဒသမ ၁၄ သန်းအထိ ဝင်ရောက်ခဲ့သည်ဟုဆိုသည်။ ၂၀၂၂ ခုနှစ် အစပိုင်းတွင် ပြန်လည်ကောင်းမွန်လာခဲ့သည့် ထိုင်းနိုင်ငံ၏ ခရီးသွားကဏ္ဍမှာ ယင်းနှစ်ကုန်ပိုင်းဖြစ်သည့် ဒီဇင်ဘာလတွင် ခရီးသွား ၂ ဒသမ ၂၄ သန်းအထိ  ပြန်လည်စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် ခရီးသွားကဏ္ဍမှ နှစ်စဉ် တိုင်းပြည် ဂျီဒီပီအတွက် ၁၂ ရာခိုင်နှုန်း ရှာဖွေပေးနေသည်။ ယခု ၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ နိုင်ငံတကာ ခရီးသွားဧည့်သည် အနည်းဆုံး ၂၅ သန်းလာရောက်ရန် မျှော်မှန်းထားသည်။ ထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၈ ရက်ကစပြီး ပြည်ပခရီးသွားကန့်သတ်ချက်များ ရုပ်သိမ်းပြီးနောက် တရုတ်နိုင်ငံ အပါအဝင် ပြည်တွင်းနှင့် ပြည်ပခရီးသွားများထံမှ စုစုပေါင်းဝင်ငွေ ဘတ် ၂ ဒသမ ၄ ထရီလီယံရရှိမည်ဟု မျှော်မှန်းထားသည်။ 

၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွား ၁၁ သန်းအထိ ဝင်ရောက်ခဲ့သော်လည်း ယခု ၂၀၂၃ ခုနှစ်တွင် တရုတ်ခရီးသွား ရှစ်သန်းခန့် ဝင်ရောက်ရန် မျှော်မှန်းထားသည်ဟု ဆိုသည်။ ၂၀၃၁ ခုနှစ်တွင် ထိုင်းနိုင်ငံသို့  ပြည်ပဧည့်ဝင် ရောက်မှု သန်း ၂၀ဝ ခန့် ရှိလာမည်ဟု ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးအသင်း (IATA) က ခန့်မှန်းထားသည်။ ၂၀၃၁ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် သန်း ၂၀ဝ ခန့် ဝင်ရောက်နိုင်စေ ရန်အတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်လေးခု တိုးချဲ့ရေးတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း ထိုင်းနိုင်ငံမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။
ထိုင်းနိုင်ငံ၏ အဓိကရည်မှန်းချက်များထဲမှ တစ်ခုဖြစ်သည့် နိုင်ငံတကာခရီးသွားများအတွက် ရွေးချယ်စရာနေရာတစ်ခု ဖြစ်လာစေရန် အရည်အသွေး ကောင်းမွန်သော ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ခရီးသွားလုပ်ငန်း အများအပြားဖြင့် ခရီးသွားလုပ်ငန်း အခြေခံအဆောက်အအုံများ အရှိန်အဟုန်ဖြင့်  ဖွံ့ဖြိုးတိုးတက်လာစေရန် လုပ်ဆောင်လျက်ရှိနေသည်။

ထိုင်းနိုင်ငံတွင် စီမံကိန်းလေးခု ချမှတ်ပြီး အဓိကလေဆိပ်များ အဆင့်မြှင့်တင်မှုကို ဆောင်ရွက်လျက်ရှိသည်။ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ် SAT-1 terminal အသစ်သည် တစ်နှစ်လျှင် ခရီးသည် ၄၅သန်းမှ သန်း ၆၀အထိ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ် တတိယပြေးလမ်းမှာမူ တည်ဆောက်ဆဲဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်သည် တစ်နာရီလျှင် ၆၈ ကြိမ် လေယာဉ်အတက်အဆင်းပြုလုပ်နိုင်မည်ဖြစ်ပြီး  အဆိုပါ တတိယပြေးလမ်းပြီးစီးပါက ခရီးစဉ် ၉၄ ခုကို လက်ခံဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် အဓိကလေဆိပ်များ တိုးမြှင့်မှုကို အဆင့်လေးဆင့်ဖြင့် လုပ်ဆောင်လျက်ရှိရာ ယင်းစီမံကိန်းများ အားလုံးသည်၂၀၅၅ ခုနှစ်တွင် အလုံးစုံပြီးစီးမည်ဖြစ်သည်။ ထိုစီမံကိန်းများ ပြီးစီးပါက ထိုင်းနိုင်ငံသို့ တစ်နှစ်လျှင် ခရီးသည် သန်း ၆၀ အထိ ဝင်ရောက်ရန် မျှော်မှန်းထားသည်။

အဆိုပါ စီမံကိန်းလေးခု၏ ပထမအဆင့်ကို ၂၀၂၄ ခုနှစ်တွင် အပြီးသတ်မည်ဖြစ်ပြီး  စီမံကိန်း ပထမအဆင့် ပြီးဆုံးပါက လေဆိပ်သည် တစ်နှစ်လျှင် ခရီးသည် ၁၅ ဒသမ ၉သန်းကို လက်ခံဆောင်ရွက်ပေးနိုင်မည်ဟု သိရသည်။ ထို့ပြင် ထိုင်းနိုင်ငံသည် ခရီးသွားလုပ်ငန်း ယခုထက် ပိုမိုဖွံ့ဖြိုးလာစေရန် ရေရှည်စီမံကိန်းများ ချမှတ်လုပ်ဆောင်နေသည်။ ထိုင်းနိုင်ငံသို့ ယခု ၂၀၂၃ ခုနှစ်တွင် နိုင်ငံတက ခရီးသွားဧည့်သည် ၂၅ သန်းအထိ ဝင်ရောက်ရန် ရည်မှန်းထားပြီး တရုတ်နိုင်ငံမှ  ဧည့်သည်အနည်းဆုံး ရှစ်သန်းခန့် ဝင်ရောက်မည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။ 
Source; thailand-business-news

စိုင်းဗညား