Main menu

Background

ဇွန်လအတွင်း ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံ တန်ချိန် တစ်သိန်းကျော်တင်ပို့

Mon, 07/17/2023 - 11:58 -- journal_editor

ဇွန်လအတွင်း  ပင်လယ်ရေကြောင်း ကုန် သွယ်မှုနှင့် နယ်စပ်ကုန်သွယ်ရေး   စခန်းများမှ ပဲတီစိမ်း တန်ချိန် ၄၃၇၀ဝကျော်၊ မတ်ပဲတန်ချိန် ၄၆၅၆၀ ကျော်၊   ပဲစင်းငုံတန်ချိန် ၁၅၀၅၀ ကျော် တင်ပို့ခဲ့သဖြင့် ပဲတန်ချိန်  စုစုပေါင်း တန် ၁၀၅၃၁၀ ကျော် တင်ပို့ခဲ့သည်။
ပဲတီစိမ်း
ဇွန် ၁ ရက်မှ ၃၀ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း  ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၂၀ ဒသမ ၃၂၂ သန်း တန်ဖိုးရှိ ပဲတီစိမ်း တန်ချိန် ၂၉၉၀ဝ ကျော်တင်ပို့ခဲ့ရာ နိုင်ငံအလိုက် တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ တန်ချိန် ၁၀၂၂၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ ၄၆၇၅ တန်၊  စင်ကာပူသို့ တန်ချိန် ၈၀၈၀ခန့်၊ ထိုင်းနိုင်ငံသို့တန်ချိန် ၂၄၅၀၊ မလေးရှားနိုင်ငံသို့တန်ချိန် ၁၄၂၀၊ ဖိလစ်ပိုင်နိုင်ငံ သို့ တန်ချိန် ၇၀ဝ၊ ဂျပန်နိုင်ငံနှင့် အီးယူနိုင်ငံများသို့လည်း  တင်ပို့ခဲ့သည်။  ထို့ပြင်  မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှလည်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၅၉ သန်း တန်ဖိုးရှိ   ပဲတီစိမ်းတန်ချိန် ၁၃၈၀ဝ ကျော် တင်ပို့ခဲ့ရာ ဇွန်လအတွင်း ပဲတီစိမ်း တင်ပို့မှု တန်ချိန် ၄၃၇၀ဝ ကျော်  ကုန်သွယ်မှုရှိခဲ့သည်။ 
မတ်ပဲ
ဇွန်လအတွင်း ပင်လယ်ရေကြောင်းကုန် သွယ်မှုမှ   မတ်ပဲတင်ပို့မှုမှာ တန်ဖိုးအမေရိကန် ဒေါ်လာ ၄၀ ဒသမ ၈၂၂သန်းနှင့် တန်ချိန် ၄၆၃၅၀ ကျော်ပို့ခဲ့သည်။ မတ်ပဲကို အိန္ဒိယနိုင်ငံသို့အများဆုံး တင်ပို့ပြီး တန်ချိန် ၃၅၇၇၀ ကျော် တင်ပို့ခဲ့သည်။ အခြားနိုင်ငံများသို့ တင်ပို့မှုမှာ စင်ကာပူနိုင်ငံသို့ တန်ချိန် ၂၉၄၀ ကျော်၊  မလေးရှားနိုင်ငံသို့ တန် ချိန် ၁၁၈၀ ကျော်၊ ပါကစ္စတန်သို့ ၁၆၂၅ တန်၊ ဗီယက်နမ်သို့ တန်ချိန် ၇၅၀၊ ယူအေအီး သို့တန်ချိန် ၁၄၇၀ ကျော်နှင့် ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နှင့် အီးယူနိုင်ငံများသို့ တင်ပို့ခဲ့သည်။ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုမှ ၂၀၇ တန် တင်ပို့ခဲ့သဖြင့် ဇွန်လအတွင်း မတ်ပဲတန် ချိန် ၄၆၅၆၀ ကျော် တင်ပို့ခဲ့သည်။ 
ပဲစင်းငုံ
ဇွန်လအတွင်း ပင်လယ်ရေကြောင်း ကုန် သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၁၃ ဒသမ ဝ၂၃ သန်း  တန်ဖိုးရှိ ပဲစင်းငုံတန်ချိန် ၁၅၀၅၀ ကျော် တင်ပို့ခဲ့သည်။ အိန္ဒိယနိုင်ငံသို့ အများဆုံတင်ပို့ခဲ့ပြီး ပဲစင်းငုံတန်ချိန် ၁၄၉၅၀ တင်ပို့ခဲ့သည်။ စင်ကာပူ နှင့် မလေးရှားနိုင်ငံများသို့လည်း အနည်းငယ်စီ တင်ပို့ခဲ့သည်။
ဇွန်လအတွင်း ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံ စုစုပေါင်း တန်ချိန် ၁၀၅၃၁၀ တင်ပို့ခဲ့သည်။
CJ