Main menu

Background

တောင်ငူမြို့က မုန့်ဟင်းခါးခြောက်ဈေးကွက်

Tue, 03/29/2022 - 15:39 -- journal_editor

ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့နယ်တွင် မုန့်ဟင်းခါးဖို ၂၀ခန့်နှင့် မုန့်ဖတ်ခြောက်လုပ်ငန်းလုပ်ကိုင်သူကိုးဦးခန့်ရှိကြောင်း သိရသည်။ မုန့်ဟင်းခါးသည် ဒေသအလိုက်ရေမြေနောက်ခံအရ စားသုံးကြသောအစားအစာများတွင် တစ်မျိုးအပါ အဝင်ဖြစ်ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံသည် မတ် ၁၇ ရက် နံနက်ပိုင်းက သရဖူအမှတ်တံဆိပ် မုန့်ဟင်းခါးခြောက်ထုတ်လုပ်သူဦးသိန်းနိုင်မြင့်နှင့်တွေ့ဆုံပြီး မုန့်ဟင်းခါးခြောက် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချ နေမှု အခြေအနေများကို မေးမြန်းခဲ့သည်။ မုန့်ဟင်းခါးဖတ် ထုတ်လုပ်ရာတွင် ဆန်လတ်ဆန်များကို အဓိကကုန်ကြမ်းအဖြစ်အသုံးပြုရကြောင်း၊ ယခုအချိန်တွင် ဒေသထွက်ဆန်တစ်အိတ်လျှင် ကျပ်၂၆၅၀ဝ ဝယ်ယူရကြောင်း၊ သရဖူ မုန့်ဖတ်ခြောက်စက်ရုံ တွင် တစ်ရက်လျှင် ဆန်အိတ်၄၀ ခန့် မုန့်ဖတ် ထုတ်လုပ်နိုင်ကြောင်း၊ လုပ်သား၂၀ ဦးရှိကြောင်းသိရသည်။ မုန့်ဟင်းခါးခြောက် ထုတ်လုပ်ရာတွင် ပထမဦးစွာ ဆန်လတ်များကို တစ်ရက်စာထုတ်လုပ်မှုအတွက် ဆန်အိတ်၄၀အား နှစ်နာရီခန့် ရေစိမ်ထားရသည်။ရေစိမ်ပြီးသောဆန်များကို နှစ်ကြိမ်မှ သုံးကြိမ်အထိရေဆေးရသည်။ ရေဆေးပြီးဆန်များကို မုန့်ကြိတ်ရသည်။ထွက်ရှိလာသည့်မုန့်နှစ်များကို ရေစစ်ပြီး မုန့်ဟင်းခါးဖတ် ထွက်လာ အောင် ညှစ်ရသည်။ရလာသည့် မုန့်ဖတ်များကိုလျှော်ရသည်။လျှော်ပြီးသားမုန့်ဖတ်များကိုတစ်ရက်နေလှန်းရသည်။ခြောက်သွေ့လာသောမုန့်ဖတ်ခြောက်များကို ထုပ်ပိုးပြီးသည့်အခါ ဈေးကွက်သို့ပို့ရန်အသင့်ဖြစ်နေသည်။ လုပ်သားခငွေရှင်းရာ တွင်ကုန်ကြမ်းမှကုန်ချောထုပ်ပြီးသည်အထိဆန်တစ်အိတ်လျှင်ကျပ် ၃၀ဝ၀နှုန်းပေးရကြောင်း၊ဆန်လတ်ကြီးတစ်အိတ်လျှင် မုန့်ဖတ်ခြောက်၂၀ကျပ်သားထုပ် ၁၁၀ မှ၁၃၀ ထိရကြောင်း၊ယခင်ကမုန့်ဖတ်ခြောက်၂၀ကျပ်သား တစ်ထုပ်လျှင် ၂၅၀ ကျပ် ရောင်းရကြောင်း၊ ယခုနှစ်တွင်ပီနန်အိတ်ဈေး၊ ပလတ်စတစ်ဈေး၊ ဆီဈေးများတက်လာကြောင်း၊ မုန့်ဖတ်ခြောက် အဖြစ်မရောက်ခင် စက်ရုံမှထွက်ရှိလာသော မုန့်ဖတ်များအားမကပ်အောင် စားသုံးဆီသုတ်ပေးရကြောင်း၊ ကုန်ကြမ်း ၁၀ အိတ်လျှင် စားဆီ တစ်ပိဿာ အသုံးပြုရကြောင်း၊ အသုံးပြုရသည့် ကုန်ကြမ်း၊ ဆက်စပ်ပစ္စည်း၊ လုပ်သားခ၊ မီတာခပေါ် အခြေခံ၍ တစ်ထုပ်လျှင် ၂၉၀ ကျပ်ရောင်းချကြောင်း၊ မုန့်ဟင်းခါးခြောက်များကို ရန်ကုန်သို့ အဓိကပို့ ကြောင်းမုန့်ဟင်းခါးဖတ်ခြောက်ထုတ်လုပ်ရာတွင်အလေအလွင့်များလည်းရှိကြောင်း၊အလေအလွင့် ဖြစ်သွားသော မုန့်ဖတ်ခြောက်များကိုတစ်ပိဿာလျှင် ကျပ်၄၀ဝ နှုန်းဖြင့် ဝက်မွေးမြူသူများက ဝက်စာအဖြစ် ဝယ်ယူကြောင်း လုပ်ငန်း ရှင်ကရှင်းပြသည်။ လုပ်ငန်းအခက်အခဲအနေဖြင့် လျှပ်စစ်မီးကို အားထား၍ လုပ်ငန်းဆောင်ရွက်ရသဖြင့်လျှပ်စစ်မီးရရှိမှု နည်းပါးသည့်အခါအခက်အခဲရှိကြောင်း၊ဆန်များရေစိမ်ပြီး မီးလုံးဝမလာသဖြင့်ဆန်ပြန်လည်လှန်းရသည့် ရက်များ ရှိကြောင်း၊ ဈေးကွက် အမှာရှိသလောက် မပို့နိုင်သေးကြောင်းလည်း သရဖူမုန့်ဖတ်ခြောက်လုပ်ငန်းရှင် ဦးသိန်းနိုင်မြင့်၏ ပြောပြချက်အရသိရသည်။    

မြင့်သူ(တောင်ငူ)