Main menu

Background

၂၀၂၂ ခုနှစ်အတွင်း ဒီဇင်ဘာလ တတိယပတ်အထိ  ရန်ကုန်တိုင်းဒေသကြီး၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၃ခု ဝင်ရောက်

Fri, 01/06/2023 - 11:46 -- journal_editor

ယခု  ၂၀၂၂ ခုနှစ်အတွင်း  ဒီဇင်ဘာ တတိယပတ်အထိ  ရန်ကုန်တိုင်းဒေသကြီး၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၃ ခု  ဝင်ရောက်ခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက သိရသည်။ 
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများက တစ်ဆင့် ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း  ၃၅၀ဝ၀ ကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
“ကုန်ခဲ့တဲ့ ဇန်နဝါရီလကနေ အခု ဒီဇင်ဘာလ ဒုတိယပတ်ထိ ရင်းနှီးမြှုပ်နှံမှု ၅၃ ခုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရောပြည်တွင်းပါ နှစ်မျိုးစလုံးပါပါတယ်။ ဒီတစ်နှစ်တာ  ဝင်ရောက်လာခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုကနေ ပြည်တွင်းလုပ်သား ၃၅၇၉၂ဦး အလုပ်အကိုင်ရရှိခဲ့ကြတယ်။ အထူးသဖြင့် ဝန်ဆောင်မှုလုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေနဲ့ ထုတ်ကုန်လုပ်ငန်းတွေ  ဝင်ရောက်လာတာပါ”ဟု  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တာဝန်ရှိသူက ပြောသည်။
ယင်းလုပ်ငန်းသစ် ၅၃ ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ငွေကျပ် ၁၉ ဒသမ ၃၉၆ ဘီလီယံ ကျော်နှင့် အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၄၆၂ သန်းရှိပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁၂ခုနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၄၁ ခုရှိကြောင်း သိရသည်။
ပြည်တွင်းသို့ ဝင်ရောက်ခဲ့သည့် လုပ်ငန်းများမှာ အိတ်အမျိုးမျိုး ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများ၊ CMP စနစ်နှင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်သည့်လုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများတွင်  အသုံးပြုသည့် ပလတ်စတစ်အိတ်အမျိုးမျိုး ထုတ်လုပ်ပြီး ပြည်တွင်းရှိ CMP အထည်ချုပ်လုပ်ငန်းများတွင် ပြန်လည် ရောင်းချသည့်လုပ်ငန်းများဖြစ်ကြောင်း သိရသည်။ ထို့အတူ ဖွဲနုများကို တန်ဖိုးမြှင့် ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းများ၊ CMP စနစ် အိတ် နှင့် ဖိနပ်အမျိုးမျိုး  ချုပ်လုပ်ရောင်းချသည့် လုပ်ငန်းများ၊အသင့်စား စားသောက်ကုန် ထုတ်လုပ်သည့်လုပ်ငန်းများ၊ ပြည်တွင်းမှနေ၍ငါး၊ ပုစွန်မျိုးစုံကို တန်ဖိုးမြှင့် ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းနှင့် ပြည်ပကို တင်ပို့ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်း၊ CMP  စနစ်  ချည်မျှင်ထုတ်လုပ်သည့်လုပ်ငန်း စသည်တို့ဖြစ်ကြောင်းသိရသည်။
ထိုရင်းနှီးမြှုပ်နှံမှုများအပြင် လက်ရှိ လည်ပတ်နေသည့်လုပ်ငန်းများ၏  ရင်းနှီးမြှုပ်နှံမှု ပမာဏများနှင့် လုပ်သားအင်အား တိုးမြှင့်ခြင်းများရှိနေသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ဥပဒေနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။