ကွမ်းရွက်ကို ရှေးမြန်မာမင်းများလက်ထက်မှစ၍ မြန်မာ အမျိုးသားအများစုမှာ ကွမ်းယာအဖြစ် စားသုံးလာခဲ့ကြသည်။ ယခုအချိန်တွင် ကွမ်းယာကို အမျိုးသားတော်တော်များမှ စားသုံးလာကြ သဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ကွမ်းရွက်ပင်ကို စီးပွားဖြစ်စိုက်ပျိုး လာခဲ့ကြသည်။
ကွမ်းရွက်စိုက်ပျိုးထွက်ရှိမှု
ပြည်ခရိုင်တွင် ကွမ်းရွက်စိုက်ပျိုးဧကမှာ ၆၉၃ ဧက စိုက်ပျိုးပြီး ဖြစ်သည်။ ကွမ်းရွက်ခူး၍ရသောဧကမှာ ယခုအချိန်ထိ ၆၅၅ ဧက ဖြစ်သည်။ ကွမ်းခူး၍ မရသေးသောဧကမှာ ၃၈ ဧကဖြစ်သည်။ တစ်ဧကလျှင် ကွမ်းရွက်အထွက်နှုန်းမှာ ၄၇၂၈ ပိဿာခန့် ထွက်ရှိသည် ဟု သိရှိရသည်။
စိုက်ပျိုးနည်း
ကွမ်းရွက်စိုက်ပျိုးနည်းမှာ နှစ်မျိုးရှိပြီး ပထမနည်းမှာ ကွမ်းညွန့်များကို စိုက်ပျိုးရာတွင် ကွမ်းညွန့်အဖျားပိုင်းကို ခပ်ကွေးကွေးအနေအထားဖြင့် ဝါးလုံးတိုင်တွင် ကွမ်းညွန့်ကို ထောင်မတ်နေအောင် နှီးဖြင့်ချည်၍ စိုက်ပျိုးကြသည်။ ဒုတိယနည်းမှာ ဘောင်လုပ်ပြီး ကန့်လန့်ဖြတ် တစ်ပေခြားမြောင်းများပြုလုပ်၍ မြောင်းထိပ်တွင် တစ်ပေခြား ဝါးလုံးတိုင်များ စိုက်ပေးရသည်။ ထိုသို့ ကွမ်းစိုက်ရန် ဝါးလုံးတိုင်များစိုက်ပြီးပါက ကွမ်းညွန့်များကို တိုင်နှစ်တိုင်ကြား မြောင်းအတွင်း ယှဉ်ချ၍ နှစ်ဆစ်မြုပ်ကာ မြေကြီးဖုံးအုပ်ပေးရသည်။ ထို့နောက် ကွမ်းညွန့်များကိုကွေး၍ ကွမ်းတိုင်တွင်ထောင်ကာ နှီးဖြင့် ချည်ပေးရသည်။
ကွမ်းညွန့်များမှာ စိုက်စနစ်ကွာခြားသော်လည်း တစ်ပင်နှင့် တစ်ပင်အကွာအဝေးမှာ တစ်ပေသာ ခြားရပါမည်။ ကွမ်းရွက်အထွက် အများဆုံးအချိန်မှာ မိုးရာသီဖြစ်ပြီး အထွက်နည်းသောအချိန်မှာ နွေရာသီနှင့် ဆောင်းရာသီတို့ဖြစ်သည်။ ကွမ်းခြံသက်တမ်းရှည်ရန် ကွမ်းခွေခြင်းများကို ပြုလုပ်ပေးရသည်။ ကွမ်းညွန့်များသည် ကွမ်းတိုင်အဆုံးသို့ ရောက်ရှိချိန်၊ ကွမ်းအထွက်ကျဆင်းလာချိန်၊ ကွမ်းရွက်များ ရောဂါကျရောက်ချိန်၊ ကွမ်းပင်များ အားနည်းချိန်တို့တွင် ကွမ်းခွေခြင်းကို လုပ်ဆောင်ရသည်။ ကွမ်းခွေချိန်မှာ နွေရာသီတွင် မတ်လနှင့် ဧပြီလတို့ဖြစ်ပြီး ဆောင်းရာသီတွင် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် လုပ်ဆောင်ရမည်ဖြစ်သည်။
ကျရောက်တတ်သော ရောဂါများနှင့် ကာကွယ်နှိမ်နင်းခြင်း
ကွမ်းရွက်တွင် ကျရောက်တတ်သောရောဂါများမှာ ပင်ခြေပုပ်ရောဂါ၊ အမြစ်ဆွေးရောဂါ၊ ဘက်တီးရီးယားရောဂါနှင့် မှည့်ပြောက်စွန်းရောဂါတို့ ကျရောက်တတ်သည်။ ပင်ခြေပိုင်းတွင်လည်း ရောဂါပိုး ကျရောက်တတ်ပြီး ရောဂါကျရောက်သည့်နေရာတွင် အညိုရောင် အကွက်စတင်ဖြစ်ပြီး နောက်ပိုင်းတွင် အမည်းရောင်သို့ ပြောင်းသွားပြီး အပင်သေသွားတတ်သည်။
ထိုရောဂါများကို ကာကွယ်နှိမ်နင်းရန်အတွက် ရောဂါကျရောက်သော ကွမ်းခြံကိုစုပုံ၍ မီးရှို့ဖျက်ဆီးရသည်။ ထိုမြေကွက်တွင် ကွမ်းထပ်မစိုက်ဘဲ မြေလှပ်ထားရမည်။ အသစ်စိုက်ပျိုးမည့် ကွမ်းညွန့်များကို ရောဂါကာကွယ်သည့်အနေဖြင့် မှိုသတ်ဆေး နှစ်မိနစ်ခန့်စိမ်ပြီးမှ စိုက်ပျိုးရသည်။ ပိုးသတ်ဆေးကိုလည်း ကွမ်းရွက် စိုက်ပျိုးပြီး ၁၀ ရက်ကြာပါက ပက်ဖျန်းပေးရသည်။
ကုန်ကျစရိတ်နှင့် အကျိုးအမြတ်
ကွမ်းစိုက်ပျိုးရာတွင် တစ်ဧကလျှင် ကွမ်းပင် ၇၀ဝ၀-၈၀ဝ၀ ခန့်ဝင်ဆံ့ပြီး ကွမ်းညွန့်တစ်ညွန့်လျှင် ကျပ် ၃၅၀ ဖြင့် ဝယ်ယူစိုက်ပျိုးရ၍ ကွမ်းညွန့်အတွက် ကုန်ကျစရိတ်မှာ ကျပ် ၂၈ သိန်းခန့် ကုန်ကျသည်ဟု သိရသည်။ ကျန်ကုန်ကျစရိတ်များဖြစ်သော (တိုင်၊ အမိုး၊ အကာ၊ အလုပ်သမားခနှင့် သွင်းအားစုများ) အပါအဝင် သိန်း ၅၀ ကျော် ကုန်ကျ၍ စုစုပေါင်း တစ်ဧက ကုန်ကျစရိတ်မှာ သိန်း ၈၀ အထက် ကုန်ကျသည်ဟုသိရသည်။
ကွမ်းစိုက်တောင်သူများအနေဖြင့် ကွမ်းစိုက်ပျိုးချိန်တွင် အကုန်အကျများသော်လည်း နောက်ပိုင်းတွင် ဝင်ငွေများ ရရှိနိုင်မည်ဖြစ်၍ အကျိုးအမြတ်လည်း ရရှိနိုင်သည်။ ကွမ်းကိုစတင် စိုက်ပျိုးချိန်မှစ၍ ရက်ပေါင်း ၉၀-၁၂၀ အကြာတွင် စတင်အရွက်ခူးရသည်။ စတင်ခူးစတွင် အရွက်အထွက်နည်းပြီး နောက်ပိုင်းတွင် အရွက်ထွက် ရှိမှုများလာ၍ အရွက်ခူးဆွတ်ရာတွင် ၁၀-၁၅ တစ်ကြိမ် ခူးဆွတ်ရ သည်ဟု သိရှိရသည်။
တစ်ဧကလျှင် ကွမ်းရွက်ထွက်ရှိမှုမှာ ခန့်မှန်းခြေပိဿာ ၁၅၀-၁၆၀ ခန့်ထွက်ရှိသည်ဟုသိရပြီး မြေကောင်းပြီး အပင်ကိုဂရုစိုက်လျှင် အထွက်နှုန်းကောင်းသလို ကွမ်းပင်သက်တမ်းလည်း ၃-၄ နှစ်ခန့် ကြာသည်ဟု သိရသည်။ မြေညံ့လျှင် ကွမ်းရွက်အထွက်နည်း၍ တစ်ခါခူးလျှင် ပိဿာချိန် ၅၀-၆၀ ခန့်ထွက်ရှိသည်ဟု သိရသည်။
ကွမ်းရွက်ဈေးမှာ မိုးတွင်းကာလတွင် ကွမ်းအထွက်များ၍ တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀ ခန့်ရရှိပြီး ဆောင်းရာသီတွင် ကွမ်းရွက် အထွက်နည်းသွားသဖြင့် ကွမ်းဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ-၁၁၀ဝ၀ ထိ ဈေးရရှိခဲ့သည်။ ယခုအချိန်တွင် ကွမ်းရွက် ဈေးမှာ တစ်ပိဿာလျှင် ကျပ် ၆၅၀ဝ ဖြင့် ကွမ်းဒိုင်များနှင့် ပွဲစားများက ရွာအရောက်ဆင်းပြီး အဝယ်ရှိသည်ဟုသိရသည်။ ကွမ်းပင် စိုက်ပျိုးပြီးလျှင် နောက်ပိုင်းတွင် ကွမ်းခွေချိန်တွင် ကွမ်းခွေ၊ သွင်းအားစုထည့်ချိန်တွင်ထည့်၍ အပင်ပြုစုမှုကောင်းလျှင် ကောင်းသလို နှစ်ရှည်ခံပြီး ကွမ်းစိုက်တောင်သူများအကျိုးအမြတ် ရရှိနိုင်သည်။
ကွမ်းစိုက်တောင်သူများအနေဖြင့် ကွမ်းရွက်ကို ဧကပြတ် မစိုက်ပျိုးနိုင်လျှင်တောင် မိမိတို့မှာရှိသည့် မြေကွက်တွင် တစ်ပိုင်တစ်နိုင် ကွမ်းရွက်များစိုက်ပျိုးနိုင်လည်း ၁၀ ရက်တစ်ခါ ဝင်ငွေများရရှိပြီး မိသားစုမီးဖိုချောင်စရိတ်ကာမိပြီး စားဝတ်နေရေးချောင်လည်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်သည်။
ဝေဝေမင်း(ပြည်)